အင်းလေလံ ရထားသည့် အင်းသားကြီး၏ လုပ်ဆောင်ချက်ကြောင့် ပြဿနာများ ဖြစ်ပွားနေသည့် အပြင် လယ်ဧက (၂)သောင်းခန့် ရေမရရှိ သဖြင့် ဆုံးရှုံးရန် အခြေအနေဖြစ် ပေါ်နေ သည်ဟု ဒေသခံ ကျေးရွာများမှ တိုင်တန်း မှုကြောင့် ဧရာဝတီတိုင်း လွှတ်တော် စုံစမ်းရေး ကော်မတီ အနေဖြင့် ကျောင်းကုန်းမြို့နယ်ရှိ ကညွတ်အင်း ပြသာနာအား အရေးတကြီး စုံစမ်းနေကြောင်း သိရသည်။
ယခုနှစ်တွင် လေလံရရှိခဲ့သည့် အင်းသားကြီးမှ အင်းအတွင်းရှိ ဆည်ပေါက်များကို ပိတ်ဆို့ခြင်း ၊ ဆေးချ၍ ငါးဖမ်းခြင်း ၊ အင်းပတ်ဝန်းကျင် ရေပြင်မှန်သမျှ မိမိပိုင်ပြုလုပ်ငှားရမ်းခြင်းတို့ကြောင့် ဒုက္ခ ရောက်နေကြရသည်ဟု ဆိုသော ကျောင်းကုန်း မြို့နယ် အတွင်းရှိ ဆိပ်ဖူးနီ ၊ လှေဒါးချောင်း ၊ သဲဂုံ ကျေးရွာသားများမှ စုပေါင်း၍ နိုင်ငံတော်သမ္မတအထိ အဆင့်ဆင့် တိုင်ကြားမှုများ ပြုလုပ်ပြီးနောက် တိုင်းလွှတ်တော်မှ ယခုကဲ့သို့အရေးတကြီး စုံစမ်းနေခြင်းဖြစ်သည်။
“အင်းတွေ ပိတ်ထားတော့ လှေဒါးချောင်းက အပေါ်လှန်တက်ပြီးတော့ မမြုပ်သင့်တဲ့ လယ်တွေမြုပ်ပြီး ပြန်ကျတဲ့အချိန်မှာ ဖျာ၊ ပလပ်စတစ် ၊ ဇာဖျင် ပိုက်စိမ်းတွေ တပ်ထားတဲ့ ငါးခုံးမတောင် မလွတ်တဲ့ အိုင်တွေကို လက်မ၀က်တောင် မခြားဘဲ ချထားတော့ ရေက တော်တော်နဲ့ ပြန်မကျဘဲ လယ်တွေ ပျက်ကုန်ရောဟု “ ဆိပ်ဖူးနီကျေးရွာမှ လယ်ဧက (၂၀)လုပ်ကိုင်နေသော လယ်သမား ဦးမန်းဝင်းထွန်း က ပြောသည်။
ကညွှတ်အိုင်အင်းကို လွန်ခဲ့သော (၁၃)နှစ်အတွင်း အင်းသားကြီး ဦးစိန်မောင် တစ်ဦးတည်းက လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အင်းနှင့် နီးစပ်ရာ ရွာများမှ ရွာသူရွာသားများ စားဝတ်နေရေးအတွက် နားလည်မှုဖြင့် တန်ဆောင်မုန်းလအထိ ငါးရှာခွင့်ပြုခဲ့ကြောင်း ဒေသခံရေလုပ်သားများထံမှ သိရသည်။
“ ဒီလမှလေလံအောင်တဲ့ ဦးကိုမှုံ လက်ထက်ကျတော့ ရွာသူရွာသားတွေ ငါးရှာတာကို ရေမြင်တိုင်း သူပိုင်တယ်ဆိုပြီး နည်းမျိုးစုံနဲ့ ဖမ်း ၊ ရေနည်းချိန် ငါးကြီးတွေ ရေနက်ထဲကို ပြေးတဲ့ ဆေးတွေ အင်း ထဲချတော့ ငါးသေးတွေလည်း သေ ၊ သောက်သုံးရေကအစ မသောက်ရဲဘဲ ခက်ခဲနေပြီး သူ့လုပ်ရပ် တွေကြောင့် နီစပ်ရာက ရွာကလူတွေလည်း အကုန်ငတ်နေပြီ အမျိုးသမီးတွေဆို ဆံပင်ဖြတ်ရောင်းရ လို့ ခေါင်းမှာ ဆံပင်တွေတောင် မရှိကြတော့ဘူး” ဟု လှေကားချောင်း ကျေးရွာမှ ရေလုပ်သား ကိုမြင့်လှိုင်က ပြောသည်။
အခက်အခဲမျိုးစုံရင်ဆိုင်လာရသော လယ်သမားနှင့်ရေလုပ်သား (၂၀၀)ခန့်သည် စက်တင်ဘာလ အတွင်းက ကျောင်းကုန်း မြို့ပေါ်တွင် ဆန္ဒပြမည်အထိ ခြိမ်းခြောက်ခဲ့မှုကြောင့် ဒေသအတွင်း အာဏာ ပိုင်များက အင်းသူကြီးများနှင့် တွေ့ဆုံညှိုနှိုင်းစေ ကာ ပြေလည်မှုရရှိခဲ့ကြောင်းကိုလည်း သိရသည်။
သို့သော် ရက်ပိုင်းအကြာတွင် အင်းသူကြီးမှ အာဏာပိုင်များရှေ့တွင် သဘောတူညီချက်များကို ချိုးဖောက်၍ အင်းပိတ်ရက် မတိုင်မီမှာပင် အင်အားယင်းလိပ်များ ကာရံခဲ့မှုကြောင့် လယ်သမားများမှာ ရေရရှိရန် ခက်ခဲကာ ဒီဇင်ဘာအတွင်းက ၄င်းယင်းလိပ်များကို ဖျက်ဆီးမှု ပြုလုပ်ခဲ့ပြီး အဆိုပါ ဖြစ်ရပ် ကြောင့် ဖျက်ဆီးခဲ့သော ရေလုပ်သား လယ်သမား(၃၇)ဦးအပြင် ၊ ထိုဖြစ်ရပ်အား သတင်း သွားယူခဲ့ သော Burma VJ မီဒီယာမှ သတင်းထောက် ကိုညီထွေး နှင့် New Day မီဒီယာမှ သတင်း ထောက် တစ်ဦးတို့ကို ပုဒ်မ (၄၄)(ခ) ၊ (၄၄၇) ၊ (၃၄)၊ (၄၂၇)ဖြင့် အမှုဖွင့်အရေးယူခံခဲ့ရသည်။
“ ကျွန်တော်လည်း ဒီဒေသမှာနေပြီး လယ်ဧက (၅၀)လောက် လုပ်ကိုင်နေတဲ့ တောင်သူ တစ်ယောက်ပါ၊ ဒီနှစ်မှာ ကညွတ်အိုင် အင်းကို (၅၅)သိန်းနဲ့ လေလံအောင်ပြီး ငါးသားပေါက် (၁၀)သိန်းဖိုးထည့်ပြီး လုပ်ကိုင်နေရတာပါ။ ရေချိုဥပဒေအတိုင်း အင်းပိတ်ရက်မှာ ပိတ်ပြီး အင်းလုပ်ငန်း လုပ်ကိုင်ဖို့ စတင်နေတာပါ ။ အခုတောင်းဆိုနေသူတွေထဲမှာလည်း လယ်သမား တစ်ယောက်မှ မပါသလို ၊ အင်းပတ်ဝန်းကျင်မှာလည်း လယ်ဧက (၈၄၆)ဧကပဲရှိတာပါ” ဟု အင်းလေလံရထားသော အင်းသူကြီးကိုမှုံက ပြောသည်။
ကညွတ်အိုင် အင်းပြသာနာများကို ဧရာဝတီတိုင်းလွှတ်တော်မှ စိုက်/မွေးကော်မတီမှ အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် (၅)ဦးအပြင် ဧရာဝတီတိုင်း စိုက်ပျိုးမွေးမြူရေးဝန်ကြီး ဦးစန်းမောင်ပါ စုံစမ်းစစ်ဆေးနေခြင်းဖြစ်ပြီး ဒေသခံ ရွာသူရွာသားများ ပိတ်ထားသော (အင်းအတွင်း)ဆည်ချက် (၂၀)ကို ဖယ်ရှားပေးရန် ၊ အင်းနယ်နိမိတ် သတ်မှတ်ပေးရန် ၊ စိုက်ပျိုးစရိတ်ချေးငွေများ ၊ မိမိတို့ ရွာသူရွာသားများ ရရှိရန်စသဖြင့် အချက်(၅)ချက် တောင်းဆိုခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းတွင် အင်းပေါင်း (၁၇၈၁)အင်းရှိပြီး တစ်နိုင်ငံလုံးရှိ အင်းအရေအတွက်၏ (၄၇)ရာခိုင် နှုန်းဖြစ်ကာ ၄င်းအင်းများမှ အင်းလေလံဘဏ္ဍာငွေအဖြစ် ယမန်နှစ်က ငွေကျပ် (၄၉)ဘီလီယံအထိ တိုင်းအစိုးရအဖွဲ့မှ ရရှိခဲ့ကြောင်းကိုလည်း သိရှိရသည်။
မျိုးမင်းထွန်း (မြစ်မခ)
by Myit Makha Mediagroup

ကျောင်းကုန်းကညွတ်အင်းပြဿနာ တိုင်းလွှတ်တော်အရေးတကြီး စုံစမ်းပြီ
Reviewed by သစ်ထူးလွင်
on
12:33
Rating: