သည်ဘက်ခေတ်ရောက်တော့ ရွာကလေးတော်တော် များများသည် မြို့ပြနှင့်နီး ကုန်ကြပြီဖြစ်ပါသည်။ ပထ၀ီဝင် တည်နေရာ အနေအထား ပြောင်းရွှေ့ နီးကပ်သွားခြင်းမျိုး မဟုတ်။ အလေ့အကျင့် စရိုက်များ၊ အစား အသောက်၊ အနေအထိုင်၊ အပြောအဆိုများမှ အစ နေ့စဉ်လူနေမှု ပုံစံများ၊ ယုံကြည်ချက်များ၊ ရည်မှန်း ချက်များသည်လည်း မြို့ပြနှင့် အင်မတန်မှ အလျင်အမြန်ပင်နီးစပ်၊ ရောယှက်၊ ပေါင်းလျက်ရှိ လာခြင်းဖြစ်ပါသည်။
မြို့ပြနှင့် ၁၅ မိုင်မျှဝေးသော ရွာကလေးတစ်ရွာသို့ စာရေးသူရောက်ခဲ့ရပါသည်။ ချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်းရှိ ရွာကလေး ဖြစ်ပါသည်။ စံပြရွာအဆင့်ဖြစ်၍ တိုက်နယ်ဆေးရုံရှိသည်။ ဈေး၊ ရဲ စခန်း၊ အထက်တန်းကျောင်း၊ စာကြည့်တိုက်များလည်း ရှိသည်။ အစိုးရလျှပ်စစ်မီး မရရှိသဖြင့် ပုဂ္ဂလိက လပေးမီးဖြင့်သာ လည်ပတ်နေကြရသည်။ ရွာအစွန်တစ်နေရာတွင် မြစ်ရေတင်စီမံကိန်း ရှိသည်။ ထိုစီမံကိန်းတစ်ခုထဲ၌သာလျှင် အစိုးရလျှပ်စစ်မီး ရရှိသည်။ ထိုနေရာတွင် ဆိုင်တစ်ဆိုင်ရှိသည်။ အစိုးရလျှပ်စစ်မီးဖြင့် လည်ပတ်သော ဆိုင်ကလေးဖြစ်သည်။ ကွန်ပျူတာ၊ မိတ္တူ၊ စာစီစာရိုက်၊ သီချင်းသွင်း၊ ဂိမ်းသွင်းအားလုံး ၀န်ဆောင်မှု ရရှိနိုင်သည်။
စာရေးသူ ထိုဆိုင်တွင်ရှိနေသည့် အချိန်တစ်နာရီမျှအတွင်း ဆိုင်သို့ လာသူအားလုံးနီးပါးမှာ လူငယ်လူရွယ်များသာ ဖြစ်ကြ သည်။ သူတို့ယူဆောင်လာသည့် အမ်ပီဖိုး၊ ဟန်းဆက်များအတွင်း သီချင်းများ၊ ဂိမ်းများ၊ ညစ်ညမ်းပုံများ ထည့်သွင်းရန်သာ အဓိကလာကြခြင်း ဖြစ်သည်။ လျှပ်စစ်မီး၊ နည်းပညာနှင့် အချိန်များကို လွဲမှားစွာ အသုံးပြုကြခြင်း ဖြစ်ပါသည်။ ဒါမျိုးက ကျေးရွာတော်တော်များများတွင် အတွေ့ရများလာသော အလေ့အထများ ဖြစ်ပါသည်။ သည်လို လုပ်ဆောင်မှုများကို ကျေးရွာများတွင် စတင်လမ်းဖောက်ကြသူများမှာ မြို့ပြသို့ အရောက်အပေါက်များသော အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ လူငယ်များသာ ဖြစ်ပါသည်။
မြို့ပြတွင် နည်းပညာများက စုံလင်လှပါသည်။ မိမိကိုယ်မိမိ မထိန်းနိုင်လျှင် ပျက်စီးလေလွင့်ဖို့ရန် အလွန်လွယ်ကူလှ ပါသည်။ မြို့ကြီးအသီးသီးရှိ တက္ကသိုလ်များ အနီးအနားတွင် အချိန်ပြည့်နီးပါး ဘီယာနှင့် အရက်များကို အလွယ် တကူရရှိနိုင်သော စားသောက်ဆိုင်များကလည်း တွဲဖက်တည်ရှိနေပါသည်။ မြို့ပြများရှိ စားသောက်ဆိုင်များ၊ ဖက်ရှင်ဆိုင်များ၊ ဘိလိယက်၊ ဂိမ်း၊ စကိတ်ကွင်း အစရှိသည့် အပျော်နေရာများ၊ အလှပြင်ခန်းမများ၊ ဆောင်ကြာမြိုင်များ၊ ကလပ်များ၏ ဆွဲဆောင်မှုများသည် တက္ကသိုလ်များ၊ ကျောင်းများရှိ စာသင်ခန်းများ၊ စာကြည့်တိုက်များ၊ ကွန်ပျူတာ လက်တွေ့အသုံးချခန်းများထက် ပို၍ ခမ်းနားထည်ဝါ၊ တောက်ပြောင်ကာ စည်ကားလျက်ရှိနေပါသည်။ ပိုမိုအသက်ဝင်လျက် ရှိနေပါသည်။ လူငယ်များကလည်း ပိုမိုခုံမင်နှစ်သက်လျက်ရှိနေကြပါသည်။
ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာဟု ဆိုကြသည်။ ထိုသို့ဆိုလျှင် စာရေးသူတို့ နိုင်ငံသည် ကမ္ဘာရွာကြီးထဲမှ အိမ်ကလေးတစ်လုံးမျှသာ ဖြစ်ပေလိမ့်မည်။ ကမ္ဘာကြီးတွင် နည်းပညာများ အရှိန်အဟုန်ဖြင့် မြန်ဆန်တိုးတက်မြင့်မား လျက်ရှိသည်။ ရနိုင်သမျှသော နည်းပညာများကို အစွမ်းကုန် အကျိုးရှိရှိ အသုံးချကာ လူသားတစ်ဦးချင်းစီ၏ စွမ်းရည်များကို မြှင့်တင်လျက်ရှိကြသည်။ အခွင့်အလမ်းနှင့် အချိန်တို့ကို လက်လွတ်မခံကြ။ တိုင်းတစ်ပါးတို့၏ နည်းပညာနှင့် အရှိန်အ၀ါကြီးမားမှုများကြောင့် စာရေးသူတို့ နိုင်ငံကြီးကို ခါးဖြတ်၍ ပိုက်လိုင်းသွယ်တန်းခြင်း ခံကြရသည်။ ပြန်လည်အစားထိုးရန် မဖြစ်နိုင်တော့သည့် ခန့်ထည်တန်ဖိုးကြီးမားလှသော တောတောင်ကြီးများ ပျောက်ကွယ် ကြရသည်။ အာဏာအလွဲသုံးစားလုပ်ခြင်း၊ ပြည်သူကို မငဲ့ညှာခြင်း၊ ဆွေမျိုးအသိုင်းအ၀ိုင်း ကောင်းစားရေးကိုသာ ရှေးရှုကြခြင်း၊ အဆင်အခြင်ပညာမဲ့ ကင်းစွာဖြင့် လုပ်ဆောင်ခဲ့ကြခြင်းတို့ကြောင့် စာရေးသူတို့ အခြေခံ ပြည်သူများသည် မြန်မာပြည်မှာ ကံဆိုးစွာ လူဖြစ်လာကြရသည်။ ကိုယ့်ရေ ကိုယ့်မြေမှ အဆီအနှစ်များကို ကိုယ်တိုင်ခံစားခွင့် မရကြဘဲ ရေခြားမြေခြားမှ စုပ်ယူသိမ်းသွင်းခြင်း ခံကြရသည်။
ဒါကို ကမ္ဘာကြီး၏ နည်းပညာ စိန်ခေါ်မှုဟုလည်း ခေါ်နိုင်ပါသည်။ နည်းပညာ ထွန်းကားသူများကဖြင့် ထွန်းကားလျှင် ထွန်းကားသလောက် နည်းအမျိုးမျိုး ကြံဆလျက် ရနိုင်သမျှ နှိုက်ယူနေကြဦးမည်သာ ဖြစ်ပါသည်။
ပြည်တွင်းရှိ လူမဆန်သော ခရိုနီကြီးများ၏ ရန်ကလည်း ရှိနေပါသေးသည်။ ယခု အခြေအနေမှာဖြင့် အခြေခံ ပြည်သူများက ခုခံကာကွယ်တော်လှန်ရန် မည်သို့မျှ မတတ်နိုင်ကြပါ။ နေ့ဖို့ ညစာ၊ မိသားစုတစ်ဘ၀စာ အလျဉ်မီရုံရပ်တည်နိုင်ရေးအတွက် အားတိုက်လှုပ်ရှားနေကြရပါသည်။ နည်းပညာများက အလှမ်းဝေးလျက် ရှိနေပါသည်။ အတိတ်ကို မေ့ပစ်နိုင်ဖို့ ထင်သာမြင်သာ မရှိသေး။ ယုံကြည်ရန် ခက်ခဲနေကြသေးသည်။
မိတ်ဆွေတစ်ဦးကတော့ “လူငယ်တွေ မကြိုးစားတာ၊ လေလွင့်မှုများတာ ခေတ်စနစ်မှားယွင်းမှုကြောင့်၊ အနာဂတ် မရှိလို့၊ အနာဂတ်ပျောက်လို့” ဟု သုံးသပ်ပါသည်။ “နောက်ပိုင်းကမ္ဘာမှာ စစ်တိုက်ပြီး နယ်ချဲ့တာ မရှိတော့ဘူး။ နည်းပညာနဲ့ပဲ ယှဉ်ပြိုင်ထိုးဖောက်ကြတာပါ။ ကိုယ့်နိုင်ငံအနေနဲ့ သူများကို မပြိုင်နိုင်သေးရင်တောင်မှ ကိုယ့်ကို ထိုးဖောက်မခံရအောင် ကာကွယ်နိုင်ရမှာပါ။ ခုဆိုရင် နိုင်ငံရဲ့ အလှည့်အပြောင်းကာလမှာ ဖြေရှင်းစရာတွေက တစ်စထက် တစ်စဆိုသလို ပိုထွက်လာနေတဲ့ သဘောရှိနေပါတယ်”
“အစိုးရ အဖွဲ့ထဲမှာကိုပဲ ပြည်သူတွေ မနှစ်မြို့တဲ့ သူတွေကို ဖယ်ရှားမပေးနိုင်သေးဘူး။ ပြည်သူတွေ ယုံကြည်ကျေနပ်စရာ ကိစ္စတွေထက် နာကြည်းစိတ်ပျက်ဖွယ် ဖြစ်စဉ်တွေပဲ တောက်လျှောက်ဖြစ်ပေါ်နေတယ်။ ဥပမာ- ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံလေး ဖော်ပြပေးဖို့ ဘာနည်းပညာကြောင့် ခက်ခဲနေရသလဲ။ တန်ဆောင်မုန်းလပြည့်ည အရုဏ်တက်ချိန်မျိုးမှာ၊ ဒေါ်အောင်ဆန်းစုကြည်လာမယ့် နေ့မျိုးမှာ လက်ပံတောင်းသပိတ် စခန်းတွေကို အကြမ်းဖက်နှိမ် နင်းဖို့ အမိန့်ပေးတာ လွယ်ကူသလောက် ဖုန်းဆင်းကဒ်တွေကို ပြည်သူအားလုံး အံ့သြ၀မ်းသာသွားရအောင် အလကားပေးတာ၊ ကျပ်ငါးထောင်၊ တစ်သောင်းလောက်နဲ့ ရောင်းမပေးနိုင်ရတာ ဘာကြောင့်လဲ”
“ခရစ်ယာန် ဘာသာဝင်အများစုရှိတဲ့ ကချင်ပြည်နယ်လိုဒေသမှာ ခရစ္စမတ်ကာလကိုတောင် မရှောင်ဘဲ တိုက်ပွဲတွေ အရှိန်မြှင့်တင်တာ၊ ပြည်သူ့အတွက်လို့ဆိုထားတဲ့ တပ်မတော်ရဲ့ ထိုးစစ်တွေကြောင့် မြစ်ကြီးနားမြို့မှာ ဒီဇင် ဘာလ ၂၄ ရက်ကစပြီး လျှပ်စစ်မီး မရတော့ဘဲ အမှောင်ကျနေရတာတွေဟာ ဒေသခံတွေအတွက် အမုန်းပွား၊ အငြိုးထားစရာတွေ၊ ဖြစ်ကုန်ပါတယ်။ တစ်ရက် ကျင်းပစရိတ် ကျပ်သိန်းရာကျော် ကုန်ကျတဲ့ လွှတ်တော်တွေမှာ ပြည်သူတွေအတွက် မြန်မြန်ဆန်ဆန် အဖြေမရှာနိုင်ဘူးဆိုရင် ပြည်သူတွေမှာ မျက်နှာငယ်နေကြရဦးမှာ ဖြစ်ပါတယ်။ အရင်အစိုးရတုန်းကလို ဆောင်ပုဒ်တွေ၊ ဦးတည်ချက်တွေကို ပြည်သူတွေက ရိုးအီသွားကြပြီ။ သူများရေးပေးတဲ့ မိန့်ခွန်းတွေကို ဖတ်ပြရမယ့် အချိန်မဟုတ်တော့ ပါဘူး။ ပြည်သူတွေ လက်ဖျားခါ ချီးကျူးရလောက်အောင် ရဲရဲဝံ့ဝံ့၊ ထင်သာမြင်သာ လုပ်ပြကြရမယ့် အချိန်ရောက်နေပါပြီ” ဟု မိတ်ဆွေက ဆက်ပြောပြပါသည်။
မြန်မာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမျှ နေထိုင်လျက်ရှိသည့် ကျေးလက်ဒေသများတွင် ပြည်သူလူထု၏ အသက်အိုးအိမ်လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးမည့် နည်းပညာများထက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး နိမ့်ကျထိခိုက်သွားစေမည့် နည်းပညာများက ပိုလို့၍ ၀န်းရံလျက်ရှိနေပါသည်။ မြို့ပြများတွင်တော့ လာဘ်ပေး လာဘ်ယူစနစ်များ၊ လက်သင့်ရာ စားတော်ခေါ်စနစ်များက ကြီးထွားနေဆဲပင် ဖြစ်ပါသည်။ အစိုးရကိုယ်တိုင်က ပြည်သူဘက်မှ မရပ်တည်နိုင်သေးတော့ ကိုယ့်အတွက်ကိုယ် ယက်ကြတဲ့ သူတွေပဲ ပို၍ပို၍ များလာနေပါသည်။
စာရေးသူတို့ ရွာကလေးတွေရှိ နည်းပညာ၊ မြို့ပြများရှိ နည်းပညာ၊ အခြေခံပြည်သူအများစု လက်လှမ်းမီသည့် နည်းပညာ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်၊ သန့်ရှင်းသော အစိုးရဖြစ်စေရမည်ဟု ကြွေးကြော်ထားသူများ၏ နည်းပညာ၊ နိုင်ငံတကာမှ အားစမ်းထိုးဖောက်လာမည့် နည်းပညာ၊ ကမ္ဘာကြီးကတော့ နည်းပညာရွာကြီး ဖြစ်နေပါပြီ။ စာရေးသူတို့ အဘယ်နည်းပညာကို အသုံးပြုမည်ဆိုသည်ကိုဖြင့် နည်းပညာရှာဖွေကြရဦးမည်သာ ဖြစ်ပါသည်။
ရေးသားသူ- လွင်ချန်ဖြိုး(နတ်မောက်) - 7Day News Journal

ရွာကလေးရဲ့ နည်းပညာ
Reviewed by သစ်ထူးလွင်
on
22:30
Rating: