အများ သတိထားမိချင်မှ ထားမိမည် ဖြစ်သော်လည်း ထူးခြားသော ပြုပြင်ပြောင်းလဲရေး သုံးရပ် သို့မဟုတ် ပြုပြင် ပြောင်းလဲရေး၏ အသီးအပွင့် သုံးရပ်ဖြစ်သည့် သီလဝါ၊ Visa Card နှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး (ရပ်/ကျေး) ရွေးကောက်ပွဲတို့ကို ယခု သီတင်းပတ် အတွင်း မြင်တွေ့ရသည်။
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂၀၁၅ တွင် ဖွင့်လှစ် နိုင်ရန် ဒီဇင်ဘာ ၂၁ ရက်နေ့က မြန်မာနှင့် ဂျပန်အကြား နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြသည်။ ထားဝယ်၊ ကျောက်ဖြူ၊ သီလဝါ စသော ရေနက် ဆိပ်ကမ်းနှင့် တွဲထားသည့် အထူး စီးပွားရေးဇုန် စီမံကိန်းများ ရှိသည့်အနက် ယခု စီမံကိန်းသည် ဂျပန်နှင့် ရန်ကုန် ဟူသော စကားလုံး နှစ်လုံးကြောင့် ထူးခြားသည်။ ငွေကြေးနှင့် နည်းပညာ အရ ဖော်ဆောင်မည့် မိတ်ဖက်မှာ ဂျပန်ဖြစ်ပြီး အင်အားကြီး ကုမ္ပဏီ ကြီးများက ဦးဆောင်သည်။ ဂျပန်တွင် ငွေရှိ၊ ထိပ်တန်း နည်းပညာရှိ၊ အတွေ့အကြုံရှိ၊ ဂုဏ်သတင်း ရှိသည်။ ယခုပင်လျှင် ဂျပန်သည် မြန်မာ နိုင်ငံ ပေးရန်ရှိသည့် ကြွေးမြီ ဒေါ်လာ ဘီလီယံ ဂဏန်းကို ရက်ရက် ရောရော လျှော်ပေးခဲ့သည်။
သီလဝါသည် ရန်ကုန်မြို့တော်နှင့် အနီး ကပ် တည်ရှိသည်။ ရန်ကုန်သည် လူဦးရေ ခြောက်သန်း ရှိသော စီးပွားရေး မြို့တော် ဖြစ်သောကြောင့် ရန်ကုန်သည် အရည်အသွေး အရရော အရေ အတွက် အရရော အကြီးဆုံးဈေးကွက်ကြီး ဖြစ်သည်။ မြန်မာနိုင်ငံတွင် အင်အား အတောင့်ဆုံး လူသားရင်းမြစ်သည် ရန်ကုန်တွင် ရှိသော ကြောင့် သီလဝါ အတွက် လိုအပ်သည့် အရည်အချင်းနည်း၊ အရည်အချင်း မြင့် လုပ်သားထုကို အဆင်သင့် ရနိုင်သည်။ ထားဝယ်၊ ကျောက်ဖြူတို့ တွင် ထိုသို့သော လူသားရင်းမြစ် ရနိုင်ခြေ သီလဝါလောက် မမြင့်မား။ ထားဝယ် တွင်လည်း ဂျပန် ရင်းနှီးမြှုပ်နှံလာနိုင်သည့် အခြေအနေ နှင့် ဆိုလျှင် လောလောဆယ် မြန်မာနိုင်ငံတွင် ထိပ်တန်း နိုင်ငံခြားရင်းနှီး မြုပ်နှံသူများ စာရင်း တွင် နံပါတ်တစ် နေရာတွင် ရှိနေသော တရုတ်ကို ဂျပန်က ပခုံးချင်း ယှဉ်လာမည့် သဘော။ တရုတ်နှင့် ဟောင်ကောင် နှစ်ဦးပေါင်းသည် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၆၅ရာခိုင်နှုန်း၊ သုံးပုံနှစ်ပုံခန့် ရှိသည်။ ဈေးကွက် သဘောအရ တစ်ဦးတည်း ကို မှီခိုရမှု များလွန်းလျှင် မကောင်းသောကြောင့် ဂျပန် ဝင်လာခြင်းသည် ကြိုဆိုဖွယ် ဖြစ်သည်။ သီလဝါမှ ထုတ်ကုန်များ သည် အရည်အသွေးမီ ထုတ်ကုန် များ ဖြစ်နိုင် သောကြောင့် မြန်မာနိုင်ငံ၏ ပို့ကုန်ကို မြှင့်တင်ပေးမည်၊ Made in Myanmar “မြန်မာပြည်တွင်လုပ်သည်” Brand ကို နိုင်ငံတကာ အသိအမှတ်ပြု အောင် သီလဝါက စွမ်းဆောင် နိုင်မည်ဟု ခန့်မှန်းရသည်။
မြန်မာ နိုင်ငံကို အစဉ်အလာ အရ သဘာဝ အရင်းအမြစ်နှင့် စွမ်းအင် ရောင်းစား သော စီးပွားရေး (Resource-extraction and power-selling economy) မှ ကုန်ပစ္စည်း ထုတ်လုပ်သော စီးပွားရေး (Production Economy) အဖြစ်သို့ ပြောင်းပေးနိုင်ခြေ မြင့်မားသည့် စီမံကိန်းဖြစ်သည်။ ရရစားစား မကြီး ပွားနိုင်သည့် လယ်ယာစိုက်ပျိုးရေး နိုင်ငံအဖြစ်မှ တင့်တောင့်တင့်တယ် စက်မှုနိုင်ငံ အဖြစ်သို့ ပြောင်းရာတွင် သီလဝါ စီမံကိန်း သည် ကျဲကျဲလှမ်းသော ခြေလှမ်း တစ်လှမ်း ဖြစ်ပေ လိမ့်မည်။
နိုင်ငံတကာသုံး Visa Card ဖြင့် မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ လယ်တွင် ငွေထုတ်ယူ သုံးစွဲနိုင်ပြီ။ နိုဝင်ဘာ လတွင်းကပင် Visa ကဲ့သို့ အလားတူ နာမည်ကျော် Master Card ဖြင့် ငွေထုတ် နိုင်ပြီဖြစ် သောကြောင့် နာမည်ကျော် ကတ်နှစ်မျိုး လုံးဖြင့် မြန်မာ နိုင်ငံတွင် ငွေထုတ် သုံးစွဲနိုင် ခြင်းဖြစ်သည်။ ယခင်က မြန်မာနိုင်ငံသို့ လာသည့် ကမ္ဘာလှည့် ခရီးသည်များသည် နိုင်ငံတွင်း သုံးစွဲရန် ငွေသားဆောင် လာရသည်။ မူလက ဝယ်စရာရှိမည် မထင်သောကြောင့် ငွေသားဆောင် မလာသူများ မြန်မာသို့ ရောက်ပြီး ဝယ်စရာ ခြမ်းစရာများ ပေါ်လာလျှင် အခက်တွေ့ပြီ။ ဈေးဝယ်တို့ သဘောအရ မြန်မာနိုင်ငံသို့ ရောက်၊ လည်ပတ်သွား လာပြီး ဝယ်စရာခြမ်းစရာ စိတ်ဝင်စားစရာ တွေ့မှ ဝယ်မည် ဖြစ်သော ကြောင့် ငွေသား ဆောင်မလာရကောင်းလား ဟု အပြစ်တင်ဖွယ် မရှိပါ။ သူတို့ နိုင်ငံတွင် Cashless Society ခေါ် ငွေသားသုံးစွဲမှု နည်းသွားပြီး အကြွေးဝယ်ကတ် စသည်တို့ဖြင့် ငွေရှင်းကြသော ခေတ်ဖြစ်သွား သောကြောင့် လက်ထဲတွင် ငွေအနည်း အကျဉ်းသာ ဆောင်လေ့ရှိသည့် အတွက် မြန်မာနိုင်ငံသို့ လာလည် လျှင်လည်း တကူးတက ငွေဆောင်လာရန် ဝန်လေးကြမည်။ ကမ္ဘာလှည့်ခရီးသည် တစ်ဦးချင်း ငွေသုံးစွဲမှု နည်းခြင်းတွင် Visa Card နှင့် Master Card တို့ မြန်မာနိုင်ငံတွင် သုံးမရခြင်း သည်လည်း အဓိက အချက်တစ်ချက် ဖြစ် သည်။ မြန်မာနိုင်ငံသည် အခြားနိုင်ငံ များနှင့်မတူ ပုံမမှန်ဖြစ်နေခြင်း တစ်ခု လျော့ပါးသွားခြင်း ဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အတွက် အတားအဆီးကြီး တစ်ရပ် ဖယ်ရှား နိုင်လိုက်ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ငွေထုတ်ယူ နိုင်ခြင်းကြောင့် ကမ္ဘာလှည့်တို့ စိတ်နောက်ကိုယ်ပါ သုံးနိုင်စွဲနိုင်ပြီ။ မြန်မာနိုင်ငံသို့ ခရီးသည် ဦးရေ တိုးမလာလျှင်ပင် Visa Card၊ Master Card သုံးစွဲ နိုင်ခြင်းကြောင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှ ဝင်ငွေသိသိသာသာ တိုးလာလိမ့်မည်။ ငွေကြေး စီးဆင်းမှု မှန်ကန် မြန်ဆန်ရေး၊ စီးပွားရေး လုပ်ကိုင်ရာတွင် လိုအပ်သော အရင်းအနှီး များ အလွယ်တကူ ရရှိနိုင်ရေးတို့သည် နိုင်ငံစီးပွား တိုးတက်ရေး အတွက် အခြေခံ အကျဆုံး အုတ်မြစ်တစ်လွှာ ဖြစ်သောကြောင့် ထိုအရေးနှစ်ရေးတို့ အောင်မြင်ရေးအတွက် မြန်မာ့ဘဏ် လုပ်ငန်းသည် အဓိက ကျသည်။
Visa Card နှင့် Master Card တို့ မြန်မာနိုင်ငံ တွင်းသို့ ဝင်လာနိုင်ခြင်းမှာ ပြည်တွင်းဘဏ် များနှင့် ပူးပေါင်းလုပ်ဆောင် နိုင်ခြင်း ကြောင့်ဖြစ်သဖြင့် လွန်ခဲ့သော ၂နှစ် ခန့်အထိ ၁၉ ရာစုဘဏ် လုပ်ငန်း အဆင့်မျှသာ ရှိနေခဲ့သည့် မြန်မာ့ ဘဏ်လုပ်ငန်း ကဏ္ဍ၏ တိုးတက်မှု ကိုလည်း မီးမောင်း ထိုးပြလိုက်ခြင်း ဖြစ်သည်။ ဘဏ်လုပ်ငန်းသည် နိုင်ငံအတွက် အရေးကြီးလှသော ကြောင့် ပြည်တွင်းဘဏ် လုပ်ငန်းများ သည် ခိုင်မာ တောင့်တင်းပြီး နိုင်ငံ့အကျိုး၊ မိမိအကျိုးကို ဆောင်နိုင် အောင်၊ နောင်နှစ်များတွင် ဝင်ရောက် လာဖွယ်ရှိသည့် နိုင်ငံတကာ ဘဏ်လုပ်ငန်းများနှင့် သူတင် ကိုယ်တင် ယှဉ်ပြိုင်နိုင်ရေး အမြန် ဆောင်ရွက် ရမည်ဖြစ်သည်။
နောက်ဆုံး ပြောလိုသည်က တစ်နိုင်ငံလုံး အနှံ့ ကျင်းပနေသော ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲ ဖြစ်သည်။ ဘာသာရပ် စကားဖြင့် ပြောရလျှင် ပြည်ထောင်စု အဆင့် အစိုးရ (National level government)၊ တိုင်းဒေသကြီး ပြည်နယ် အဆင့်အစိုးရ (State level government)၊ ဒေသဆိုင်ရာအဆင့် အစိုးရ (Local government) ဟု အစိုးရအဆင့် သုံးဆင့် ရှိသည့်အနက် ယခု ရွေးကောက်ပွဲသည် ဒေသဆိုင်ရာ အဆင့် အစိုးရတွင် အခြေခံ အကျဆုံး ရပ်/ကျေး အဆင့်ကို ရွေးချယ် တင်မြှောက်ရသည့် ပွဲဖြစ်သည်။
ဒေသဆိုင်ရာ အစိုးရ အဆင့်သည် ပြည်သူလူထုနှင့် အနီးကပ်ဆုံး အစိုးရဖြစ်သော ကြောင့် ဒီမိုကရေစီ အိမ်တံခါးဝ တိုင်ရောက်လာသည့် ရွေးကောက်ပွဲ ဖြစ်သည်။ သမ္မတ၊ လွှတ်တော်ကိုယ်စားလှယ် တို့သည် တကယ်တမ်း ပြောရလျှင် လူအများစု နှင့် အလှမ်း ဝေးသည်။ မိမိမြို့နယ် ဒေသတွင်းမှ လွှတ်တော် ကိုယ်စားလှယ် ကို မြင်ဖူးချင်မှ မြင်ဖူးမည် ဖြစ်သော်လည်း ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး သည် မိမိနှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင် အလုပ်လုပ်ကိုင် ပတ်သက်မည့် နေရာဖြစ်သည်။ ရုပ်မြင်သံကြား၊ သတင်းစာတို့မှ တစ်ဆင့်သာ ထိုကိုယ်စားလှယ် ကို ကြားဖူးမြင်ဖူးပြီး ဂဃဏနမသိဘဲ ရွေးချယ်ရ သည့် ပွဲမျိုး မဟုတ်ဘဲ မိမိကိုယ်တိုင် သိသူကို ရွေးချယ်နိုင်သည့် ရွေးကောက်ပွဲမျိုး ဖြစ်သည်။ ပါတီခေါင်းဆောင် သို့မဟုတ် ပါတီ၏ အရှိန် (Brand) ထက် တစ်ဦးချင်း လုပ်ရည်ကိုင်ရည်၊ သမိုင်းကြောင်း၊ စဉ်းစားချင့်ချိန်နိုင်စွမ်း အပေါ် အကဲဖြတ်ခြင်း ပိုမည်ဟု ယေဘုယျ သဘော သုံးသပ်ရသည်။
မြန်မာနိုင်ငံတွင် လောလောဆယ် ကျင်းပခဲ့ ပြီးသော ရွေးကောက်ပွဲနှစ်ခု (၂၀၁၀၊ ၂၀၁၂) လုံးသည် ဥပဒေပြု မဏ္ဍိုင် (Legislative branch)ကို ရွေးကောက် တင်မြှောက်ရသည့် လွှတ်တော် ရွေးကောက်ပွဲများ (Parliamentary) သာဖြစ်ပြီး ယခုရပ်/ကျေး ရွေးကောက်ပွဲသည် အုပ်ချုပ်ရေး မဏ္ဍိုင် (Executive Branch) ဝါ အစိုးရ အဖွဲ့ကို တိုက်ရိုက် ရွေးကောက်ခြင်းမျိုး ဖြစ်သည်။
သီလဝါနှင့် ဗီဇာသည် စီးပွားရေး ပြုပြင်ပြောင်းလဲမှု၏ အသီး အပွင့်ဖြစ်သလို စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ကိုယ်တိုင်လည်း ဖြစ် သည်။ ရပ်/ကျေး ရွေးကောက်ပွဲ များသည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကိုယ်တိုင်ဖြစ်သလို နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၏ အသီးအပွင့်လည်း ဖြစ်သည်။ နိုင်ငံရေးသည် စီးပွားရေးကို ပုံဖော်သလို စီးပွားရေးသည် နိုင်ငံရေးကို ပုံဖော်သည် ဆိုသော နိုင်ငံရေး ဘောဂဗေဒ (Political Economy) အလိုအရ သီလဝါ၊ ဗီဇာနှင့် ရပ်/ကျေးတို့သည် မြန်မာ့ပြုပြင် ပြောင်းလဲရေးကို အရှိန်တင်ပေးမည့် ပြုပြင်ပြောင်းလဲရေး များဖြစ်သည်။
The Voice Weekly - Written by ဇေယျသူ

သီလဝါ၊ Visa နှင့် ရပ်ကျေး
Reviewed by သစ်ထူးလွင်
on
03:00
Rating: