ထောင်သက်လေးနှစ်ပြည့်အမှတ်တရ သူမ၏ခင်ပွန်း ထောင်တွင်းမှ ရေးဆွဲထားသော ကံ့ကော်ပန်းငါးပွင့်ပုံပါ ပန်းချီကားကို ရရှိခဲ့စဉ်က မ၀ါရင်ထဲ၌ ထိထိခိုက်ခိုက်ခံစားခဲ့ရ၏။ “အထဲမှာဒါလေးကို ငါ့အတွက် ရေးခဲ့တာဆိုပြီး အရမ်းခံစားခဲ့ရတယ်။ သူ့လက်မှတ်လေးလည်းပါတော့ ထားစရာနေရာတောင် မရှိဘူး”ဟု မ၀ါက သူမ၏အတွေ့အကြုံကို ဖွင့်ဟသည်။
ကိုပြုံးချိုနှင့် မ၀ါတို့ လက်ထပ်ပြီး လေးလအကြာတွင် ခင်ပွန်းဖြစ်သူ ကိုပြုံးချိုသည် ထောင်ဒဏ် ၆၅ နှစ်နှင့် ၆ လ ချမှတ်ခံခဲ့ရသည်။
ကိုပြုံးချိုကို ကော့သောင်းအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ရသော်လည်း မ၀ါက ရက်သတ္တပတ်နှစ်ပတ်ခန့်ကြာမြင့်သည့် သင်္ဘောခရီးစဉ်ဖြင့်ပင် ၁၂ ကြိမ်တိုင်တိုင် ထောင်ဝင်စာသွားတွေ့ခဲ့သည်။ ခင်ပွန်းထံမှ ပထမဆုံးအမှတ်တရအဖြစ် ပန်းချီကားတစ်ချပ်ကို ရရှိခဲ့ခြင်းဖြစ်သည်။
မ၀ါက သူမပါဝင်လှုပ်ရှားခဲ့သည့် ၈၈ ကျောင်းသားအရေးတော်ပုံ ကာလကပင် သူမအနေဖြင့် ပြည်သူ့ဘက်မှ ရပ်တည်သည့် နိုင်ငံရေးလှုပ်ရှားသူကိုသာ လက်ထပ်မည်ဟု စိတ်ပိုင်းဖြတ်ခဲ့သည်။
ကိုပြုံးချို ဒုတိယအကြိမ် ထောင်ကျနေစဉ်တွင် သရက်ထောင်တွင်ရှိနေသော ကိုပြုံးချို၏ညီ ကိုသက်ဝင်းအောင် သေဆုံးသွားချိန်တွင်တော့ သူမအနေဖြင့် ကိုသက်ဝင်းအောင်နေရာမှနေ၍ ကိုပြုံးချိုကို ကူညီပေးလိုစိတ်၊ မေတ္တာစိတ်များဖြင့် လက်ထပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးသမား၏ ဇနီးဖြစ်သည့်အတွက် အိမ်ထောင်ရေးပျော်ရွှင်မှုသည် သာမန်အိမ်ထောင်ရေးနှင့်မတူဘဲ နိုင်ငံအပြောင်းအလဲပေါ်တွင်သာ မူတည်ပြီး ပျော်ရွှင်မှုများရရှိသည်ဟု သူမကပြောကြားခဲ့သလို သာမန်အိမ်ထောင်ဖက်များထက်လည်း ကြိုတင်ပြင်ဆင်မှုများ လိုအပ်သည်ဟု သူမကဆိုသည်။
သို့သော်လည်း ထောင်မှ လွတ်ပြီး ယခုကဲ့သို့ မျှော်လင့်ချက် ရောင်ခြည်သန်းလာချိန်တွင်ပင် ဇနီးမောင်နှံနှစ်ဦး ထမင်းလက်ဆုံ စားနိုင်ရန် ခက်ခဲနေဆဲပင် ဖြစ် သည်။
“ဘယ်လောက်ပဲ စိတ်တွေမာတယ်ဆိုဆို တစ်ရက်တော့ ကန်စွန်းရွက်ကြော်တွေမည်းသွားလို့ ငိုခဲ့ရသေးတယ်”ဟု ညည့်နက်ခံ၍ ထမင်းစားစောင့်ခဲ့သော်လည်း ခင်ပွန်းသည် ပြန်မလာနိုင်သောကြောင့် အမျိုးသမီးတစ်ယောက်အနေဖြင့် ခံစားရမှုကို အမှတ်မထင်ပင် ပြောကြားလိုက်သည်။
နိုင်ငံရေးလှုပ်ရှားသူများကို လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့သော အမျိုးသမီးများအနေဖြင့် ခံနိုင်ရည်ရှိမှု၊ သစ္စာရှိမှုများအပြင် တစ်ခါတစ်ရံလည်း စွန့်စားရတတ်ပေသည်။
“သူ့အဘွားဆုံးသွားလို့ သူ့ကိုအားပေးဖို့ သွားတဲ့အချိန်မှာ လမ်းမှားသွားတယ်။ ညလည်းမှောင်နေတော့ မျက်စိလည်ပြီး အကြာကြီးနေမှ ရောက်သွားတာ။ အားပေးဖို့သွားတဲ့သူက အားမပေးနိုင်ဘဲနဲ့ သူ့ကိုတွေ့တာနဲ့ ဖက်ပြီးငိုရတယ်”ဟု ရွှေဝါရောင်တော်လှန်ရေးတွင် လှုပ်ရှားခဲ့သဖြင့် ရှောင်တိမ်းနေရသူ ကိုစိုးထွန်းကို သွားတွေ့စဉ်က တစ်ယောက်တည်း အပြင်သွားလေ့မရှိခဲ့သည့် မိန်းကလေးတစ်ဦးအနေဖြင့် ကြုံတွေ့ခဲ့ရသော အခက်အခဲများကို ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်သည့် ကိုစိုးထွန်း၏ချစ်သူ မမာလာက ပြန်ပြောင်းပြောပြသည်။
နိုင်ငံရေးအသိုင်းအ၀န်းမှ မဟုတ်သည့် မမာလာက ကိုစိုးထွန်းကို လက်ထပ်မည်ဆိုသောအခါ ကိုစိုးထွန်းကို ပုဂ္ဂိုလ်ရေးလေးစားသော်လည်း မမာလာ၏ လက်တွဲဖော်အဖြစ် ပို၍ပြည့်စုံသော အခြေအနေကို သူမ၏အသိုင်းအ၀န်းအနေဖြင့် မျှော်လင့်ခဲ့ကြသည်။
“ပထမဆုံးက အကုန်ကန့်ကွက်ကြတယ်။ လူမှုရေးအရ မဟုတ်ဘူး။ စီးပွားရေးအရ တွက်ကြတာ”ဟု မမာလာက လက်ထပ်ရန် အသိုင်းအ၀န်းကို ဖွင့်ပြောစဉ်က အခြေအနေကို ပြောပြခဲ့သည်။
နိုင်ငံရေးလှုပ်ရှားသူများ၏ ဘ၀ဖြတ်သန်းမှုတွင် လက်တွဲဖော်များမှာ အရေးကြီးသောကဏ္ဍမှ ပါဝင်နေပြီး ပေးဆပ်မှုလည်း ကြုံတွေ့ရတတ်သည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ကိုသိန်းဆွေက “ကျွန်တော် လစာသုံးသိန်း ရတယ်။ ဒါပေမဲ့ ဆရာမကို မပေးနိုင်ဘူး။ အိမ်ကို ကျွန်တော်ဘာမှ မထောက်ပံ့နိုင်ဘူး”ဟု လက်တွဲဖော်၏ ပေးဆပ်မှုကို ရှင်းပြခဲ့သည်။
နိုင်ငံရေးဆိုသည်မှာ ရှုပ်ထွေးကျယ်ပြန့်သည့်အတွက် မည်သည်ကိုမှ မျှော်မှန်းတွက်ဆ၍မရဘဲ ဆိုးရွားသောအခြေအနေကိုလည်း လက်တွဲဖော်များအနေဖြင့် တွက်ဆထားရန်လိုသည်။
“ဒီနေ့ခေါင်းပေါင်းစလေးတလူလူနဲ့ နောက်နေ့ ထောင်ထဲရောက်သွားနိုင်တယ်။ ဒါကို သူ့ကို ပြောပြထားရတယ်။ ပြင်ဆင်နိုင်အောင်လို့ပါ”ဟု မကြာခင်ကမှ လက်ထပ်ထားသည့် ကိုသိန်းဆွေက သူ၏ဇနီးကို ပြောကြားခဲ့သည့် အတွေ့အကြုံကို ပြန်လည်ပြောပြခဲ့သည်။
အမျိုးသမီးများအနေဖြင့် နိုင်ငံရေးလှုပ်ရှားသူများကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ရာတွင် အမြင်အမျိုးမျိုးရှိကြသော်လည်း အများစုမှာ တူညီသောအချက်များကို အခြေခံလေ့ရှိကြသည်။
“သူ့ရဲ့ မဟုတ်မခံတဲ့ စိတ်ဓာတ်ကို ကြိုက်တာ။ ပြီးတော့ ရိုးသားပြီး အများအကျိုးလုပ်တတ်တဲ့ စိတ်ဓာတ်ကိုရောပေါ့”ဟု ကိုသိန်းဆွေ၏ဇနီး မသင်းမိုးမိုးလွင်က သူမ၏ခံယူချက် သဘောထားကို ရှင်းပြသည်။
နိုင်ငံရေးလှုပ်ရှားသူများ၏ လက်တွဲဖော်များသည် သာမန်အိမ်ထောင်ရှင်မတစ်ဦး၏ အချစ်သာမက မိဘမောင်နှမများကထားသော မေတ္တာစိတ်၊ အတူလက်တွဲရင်ဆိုင်မည့် ရဲဘော်ရဲဘက်စိတ်များပါ ထားရှိရန်လည်း လိုပေသည်။
“သာမန်အိမ်ထောင်ရေးနဲ့ မတူဘူးလေ။ ညီမ၊ အစ်မ၊ အမေလို မေတ္တာကြီးတယ်။ အချစ်ထက်ပိုတယ်လို့ ပြောရမှာပေါ့”ဟု မ၀ါကဆိုသည်။
နိုင်ငံရေးလှုပ်ရှားသူများသည် ယုံကြည်ချက်ကြောင့် ဘ၀ကို စွန့်လွှတ်အနစ်နာခံနိုင်ကြသော်လည်း နောက်ကွယ်မှ ပံ့ပိုးပေးသော
မိသားစုများမှာ ပိုလေးစားတန်ဖိုးထားဖွယ်ကောင်းသော စိတ်ဓာတ်ကို ပိုင်ဆိုင်ကြသည်။ ယုံကြည်ရာတွင် ဆောင်ရွက်ခဲ့သော ခင်ပွန်း၊ ဇနီးနှင့် သားသမီးများအတွက် အခက်အခဲများကြားမှ ပံ့ပိုးခဲ့ကြခြင်းဖြစ်သည်။
“ကိုယ်တွေက ယုံကြည်ရာကိုလုပ်လို့ ပေးဆပ်ရတာ။ နောက်ကပံ့ပိုးတဲ့ မိသားစုက စကားလုံးနဲ့တောင် မလုံလောက်ဘူး။ ဘ၀တွေရင်းရတာလေ”ဟု ကိုသိန်းဆွေကဆိုသည်။
မည်သို့ပင်ဖြစ်စေကာမူ ယုံကြည်ချက်ကြောင့် နိုင်ငံရေးလှုပ်ရှားသူများ၏ ပါရမီဖြည့်ဖက်များသည် ပုထုဇဉ်များသာဖြစ်သည့်အတွက် ဘ၀ကို သာမန်အတိုင်း ဖြတ်သန်းလိုစိတ်လည်း ရှိကြသည်။ အဆိုးဆုံးကို ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားကြသော်လည်း ပျော်ရွှင်အေးချမ်းစွာ နေထိုင်လိုစိတ်များလည်း ၀င်လာတတ်ကြသည်။
“တစ်ခါတလေတော့လည်း ခံစားချက်ရှိတာပေါ့။ ပျော်ပျော်ရွှင်ရွှင်သွားခဲ့ရတဲ့ အချိန်ကလည်း နည်းတယ်။ အေးအေးချမ်းချမ်းနေချင်စိတ် ပေါ်ပေါ်လာတတ်တယ်”ဟု မမာလာဆွေက ရိုးစင်းသည့်ဘ၀ကို မျှော်လင့်သော မိန်းကလေးတစ်ယောက်၏ဆန္ဒကို ထုတ်ဖော်ပြောသည်။
ယုံကြည်ချက်ကြောင့် နိုင်ငံရေးလှုပ်ရှားသူများသည် မိမိယုံကြည်ရာကိုသာ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ကြသည့်အတွက် သူတို့၏ အိမ်ထောင်ပြုချိန်မှာ နောက်ကျတတ်သည်။ ထို့အပြင် လက်တွဲဖော်ရွေးချယ်ရာတွင်လည်း မိမိကိုနားလည်နိုင်သော ခံယူချက်တူသူ၊ ယုံကြည်ချက်တူသူများကိုသာ မေတ္တာသက်ဝင်၍ ရွေးချယ်လေ့ရှိကြသည်။
“နိုင်ငံရေးဖြတ်သန်းမှုမှာ လက်တွဲဖော်က အရေးပါတယ်။ သူ့ကို အထင်လည်းကြီးတယ်။ ကိုယ့်ကိုလည်း နားလည်နိုင်တယ်”ဟု အသက် ၄၀ ကျော်တွင် ဘ၀တစ်ခု ထူထောင်ခဲ့သော ကိုသိန်းဆွေက လက်တွဲဖော် ရွေးချယ်ခဲ့သော သဘောထားကို ပြောပြသည်။
ယခင်အကြောက်တရားကို အခြေခံသော စနစ်အောက်တွင် နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူများကို လမ်းတွေ့လျှင်တောင် မနှုတ်ဆက်ရဲကြပေ။ ထိုသို့သော အခြေအနေများတွင် မိမိကိုအားပေးသော နားလည်နိုင်သောသူများကြောင့် အားတက်ခဲ့ရကြောင်းလည်း နိုင်ငံရေးလှုပ်ရှားသူများက ပြောကြားသည်။
“အဲဒီအချိန်တုန်းက ရေစုန်လိုက်နေတဲ့သူများတယ်။ ဆန်တက်တဲ့သူက မရှိဘူး။ အကြောက်တရားပဲပေးတဲ့ စနစ်ကြီးလေ။ အဲဒီလိုအခြေအနေမှာ ထောင်ကလွတ်လာတော့ သူက၀မ်းသာအားရ နှုတ်ဆက်တော့ ပီတိဖြစ်တာပေါ့။ မခံစားဖူးဘူးလေ”ဟု ကိုစိုးထွန်းက ၂၀၀၄ ခုနှစ် ထောင်မှလွတ်လာချိန်တွင် သူ၏လက်တွဲဖော် မမာလာနှင့် တွေ့ဆုံခဲ့ပုံကို အမှတ်တရပြောပြခဲ့သည်။
ယခုအခါ မြန်မာနိုင်ငံသည် ဘ၀အပြောင်းအလဲများကြောင့် ကမ္ဘာကပင် အသိအမှတ်ပြုလာရပြီဖြစ်သည်။ မျှော်လင့်ချက်ရောင်ခြည် သန်းလာသော အခြေအနေတွင် နိုင်ငံရေးကိုလည်း ပို၍စိတ်ဝင်စားလာကြပြီး နိုင်ငံရေးသမားများသည်လည်း ပို၍ရေပန်းစားလာကြသည်။
ထို့ကြောင့် နိုင်ငံရေးသမားများ၏ လက်တွဲဖော်များမှာ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာကြပြီး နိုင်ငံအပြောင်းအလဲများတွင် ထိရောက်သော ပံ့ပိုးမှုများ ပြုလုပ်ရန် လိုအပ်လာသည်။
“အနာဂတ်မှာ သူကလည်း တိုင်းပြည်အတွက်ပဲဖြစ်ရမယ်။ သူ့ကို အကောင်းဆုံးပံ့ပိုးမယ်။ သက်လုံကောင်းအောင် ပြင်ဆင်ထားတယ်”ဟု ကိုပြုံးချို၏လက်တွဲဖော် မ၀ါကဆိုသည်။
ရေးသားသူ- အိဖြူလွင်၊ အောင်ခိုင်-7Day News Journal

ယုံကြည်ခြင်းနောက်ကွယ်မှ ပေးဆပ်သူများ
Reviewed by သစ်ထူးလွင်
on
12:30
Rating:
10 comments:
ဖတ်လိုက်ရတာနဲ့ ငိုမိတာပါပဲ
ဒေါ်အောင်ဆန်းစုကြည် အတွက်ရောပေါ့
လခ၃သိန်းရလည်း မလောက်ဘူးဆိုပါလား။ ဘာလုပ်ပေးရမလဲမသိဘူး
ဒေါ်အောင်ဆန်းစုကြည် နှင့် အင်တာဗျူး တစ်ခုမှ ကျွန်တော်ရလိုက်သော အာဟာရ
တိုင်းပြည်တာဝန်ကို ယူမှာလား၊ ကိုယ့်မိသားစု တာဝန်ကိုယူမှာလား၊ ကံကောင်းတဲ့ နိုင်ငံတွေ မှာက ဒီဟာကိုရွေးစရာ မလိုဘူး။ ကိုယ်ကလည်း ကိုယ့် နိုင်ငံရဲ့ တာဝန်ကို ယူရင်းနဲ့ မိသားစုတာဝန်ကို ယူသွားလို့ရတယ်၊ ဒါပေမဲ့ အင်မတန်မှ ခက်ခဲတဲ့ အခြေအနေမှာဆိုရင် ဒီနှစ်ခုတည်းက တစ်ခုကို ရွေးရတာပဲ ၊ ရွေးတဲ့ အခါ ပြတ်ပြတ်သားသား ရွေးပေါ့။ ကိုယ်က အိမ်ထောင်ဦးစီး အနေနဲ့ပဲနေ မှာလား၊ နိုင်ငံရေး သမားတစ်ယောက် အနေနဲ့ နေမှာလား၊ နိုင်ငံရေး သမား တစ်ယောက် အနေနဲ့ နေမယ်ဆိုရင် နိုင်ငံ့ခေါင်းဆောင် တစ်ယောက်အနေနဲ့ ရပ်တည်မယ် ဆိုလို့ ရှိရင်တော့ နိုင်ငံကိုပဲ ရွေးရမှာပဲ။
အမေနဲ့ တကွ အမျှော်အမြင်ကြီးစွာဖြင့် ပေးဆပ်ခဲ့ကြသော မြန်မာနိုင်ငံရေးတိုက်ပွဲ ဝင်ခဲ့သူများကို အလေးပြု ဦးညွတ်ပါသည်
သူရဲကောင်းများဖြစ်ကြပါသည်။
That's their problem, why become a news?
Right!!that is their family's problem.,not a news.
မြန်မာပြည်သူရဲ့ ဘဝတွေပါ
လောကဓံနဲ့ နိုင်ငံရေးကအလွန်နီးကပ်ပါတယ်
စွန့် လွတ်ရင်းငိုနေရသူတွေရှိသလို ဘာမှမသိပဲငိုနေရသူလဲအများကြီးပါ
အာဏာရှင်တွေအုတ်ချပ်တဲ့တိုင်းပြည်တွေဟာသည်လိုပါပဲ
သိသူလည်းခံရ မသိသူလဲခံစားရတာပါပဲ
များများခံရလို့ ခေါင်းဆောင်မဖြစ်ထိုက်ပါ
အမှန်တကယ်ရိုးသားပြီးအမျှော်အမြင်ရှိသူကိုသာတိုင်းပြည်ရဲ့ ခေါင်းဆောင်အဖြစ်မျှော်လင့်မိပါတယ်။
ဟုတ်ပါတယ်။ အပေါ်မှာ ဆောင်းပါးလို့ ဖေါ်ပြထားပါတယ်။ သတင်းလို့ မပြောပါဖူး။
အစဉ်လေးစားလျှက်ပါ။
Post a Comment