ရန်ကုန်တိုင်း ဒေသကြီး၊ မြို့တော် ခန်းမရှေ့၌ နိုဝင်ဘာလ(၂၂)ရက်နေ့က တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သူ အား ကျောက်တံတား ရဲစခန်းမှ လာရောက် ခေါ်ဆောင် သွားခဲ့၍ တရားစွဲဆိုရန် အစီအစဉ် ရှိကြောင်းနှင့် အမှုအားတိုင်းရုံးသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။
မြို့တော် ခန်းမရှေ့၌ ဦးအောင်ကြည်မြင့်မှ ကောလင်း ရဲစခန်း တာဝန်ရှိ သူများကို အရေးယူပေးပါ၊ ဥပဒေနှင့်အညီ တရားစီရင်ပါ အစရှိသည့် အချက်ပါ ဗွီနိုင်းကိုင်ဆောင်ကာ တကိုယ်တော် ဆန္ဒထုတ်ဖော် နေချိန် မိနစ်(၃၀)ခန့်ကြာတွင် ကျောက်တံတား ရဲစခန်းမှ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဆန္ဒထုတ်ဖော်သူဦးအောင်ကြည်မြင့်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်တွင် သစ်မှောင်ခိုချနေ သူများနှင့် ရဲအကြောင်းကိုသစ်တောဝန်ကြီးနှင့်ဝန်ကြီးချုပ်ထံ တိုင်စာပို့သောကြောင့် ကောလင်းမြို့နယ်ရဲစခန်းမှ လိမ်လည်သတင်းပေးမှုဖြင့် တရားစွဲဆို ခံထားရသူဖြစ်သည်။
“ဒေသခံတွေက အာဏာပိုင်တွေရဲ့ အနိုင်ကျင့်ခံရမှုတွေ အတွက်နိုင်ငံတော်အတွက် ဆန္ဒဖော်ထုတ်တာပါ။ တိုင်းဒေသကြီးရဲ့ အစည်းဝေးဆုံးဖြတ်ချက် အရ ကျွန်တော်တို့ကို တရားဆွဲဆိုတယ်။ ကျွန်တော်တို့ ကခြိမ်းခြောက်ငွေတောင်းခြင်း မျိုး မရှိဘူး ဆိုတာကို သက်သေတွေ အကုန်လုံးကထွက်ဆိုထားတယ်”ဟု ဆန္ဒပြသူ ကောလင်းဒေသခံ ကိုအောင်ကြည်မြင့် က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် နိုင်ငံတော်ပိုင်ကျွန်းစိုက်ခင်းများရှိပြီး အဆိုပါ စိုက်ခင်း များမှ သစ်များကိုခိုးထုတ်သည့် ကိစ္စရပ် များလည်း ရှိနေသည်ဟု သိရသည်။
“သစ်တွေကို ခိုးထုတ်တယ်။ နေပြည်တော်က လာရောက်စစ်ဆေးတယ်။ပေါ်ပေါက်ပေမယ့်လည်း ထိရောက် လောက်တဲ့ တားဆီးခြင်းမျိုးတွေ မရှိဘူး”ဟု ၎င်းကဆက်ပြောသည်။
ရန်ကုန်မြို့တွင် ဆန္ဒဖော်ထုတ်ရခြင်းရည်ရွယ်ချက်မှာ ကောလင်းဒေသရှိအခြေအနေအား အာဏာပိုင် များမှလည်း သိရှိနိုင်မည် မဟုတ်သောကြောင့်ရန်ကုန်တွင် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
“ဒေသလေးက ခေါင်တဲ့အတွက် ဘယ်သူမှ မသိနိုင်ဘူး။ ရန်ကုန်မှာဆိုရင်တာဝန်ရှိသူတွေသိမယ်။ ကျန်တဲ့ အဖွဲ့အစည်းတွေလည်း သိမယ်။ သိမှလည်းအောက်ခြေမှာဖြစ်ပျက်နေတဲ့ အဂတိလိုက်စားတဲ့ ၀န်ထမ်းတွေ အရိုးစွဲနေတဲ့မူဝါဒတွေကို ပြုပြင်ပေးနိုင်မယ်ထင်လို့ ရန်ကုန်မှာ ဆန္ဒဖော်ထုတ် ရတာပါ” ဟုကိုအောင်ကြည်မြင့်က ဆက်ပြောသည်။
ထွန်းနေအောင် (မြစ်မခ)
by Myit Makha Mediagroup

ခန်းမရှေ့မှ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူကို တိုင်းရုံးသို့လွှဲပြောင်း
Reviewed by သစ်ထူးလွင်
on
21:56
Rating:
No comments:
Post a Comment