သုံးရက် ဆက်တိုက်ခန့် မရပ်မစဲ ရွာသွန်းနေသော မိုးက သူတို့ အတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်။ ယင်းမိုးကြောင့် ဒေါသတကြီး စီးဆင်းနေသော သံလွင်မြစ်၏ လက် တက်ငယ် တစ်ခုကိုပင် ဖြတ်ကျော်ဖို့ စောင့်နေရသည်မှာ မနက်ကတည်းက။ ယခု ညနေစောင်းအချိန် ရောက်မှပင် လျော့ပါးလာသော ရေ အလျင်ကြောင့် ချောင်း ကို ဖြတ်ကူးဖို့ သူတို့ ဆုံးဖြတ်လိုက်ကြသည်။ ဖြတ်ကူးမည်ဟုသာ မဖြစ်မနေ ဆုံးဖြတ်လိုက် ရသော်လည်း ဤအခြေအနေက စိတ်ချရသည် မဟုတ်သေး။ ချောင်း က ရေ သိပ်မနက်။ ရင်ခေါင်းလောက်သာ။ သို့ရာတွင် တစ်ဟုန်ထိုး ဒေါမာန်ထနေသော ချောင်းရေက လူတစ်ယောက်ကို အလွယ်တကူ ဆွဲနှစ်နိုင်၊ မျောပါ သွားစေနိုင်သည့် အခြေအနေ။ အဖွဲ့ ဝင် ၁၂ ဦးသည် တစ်ဦးနှင့်တစ်ဦး ကြိုးဖြင့် ချည်နှောင်ကာ သတိကြီးစွာ ထား၍ ကူးခဲ့ကြရသည်။ တစ်ဖက် ကမ်းသို့ခြေချ၍ မှမကြာသေး။ သူတို့ ဦးတည်ရမည့် အရပ်ဆီမှ ပေါက်ကွဲသံ တစ်ခု ကြားလိုက်ရ၍ လှမ်းလုဆဲဆဲ ခြေလှမ်းများက ရပ်တန့်သွားရသည်။ အဖွဲ့ခေါင်းဆောင်က ကျောပိုးအိတ်ထဲမှ ဝေါ်ကီတော် ကီ ကို ထုတ်၍ ကမန်းကတန်း မေးလိုက်သည်။ ”—-ရွာမှာ စစ်တပ် ရောက်နေပြီလား”။ မဟုတ် ကြောင်း တစ်ဖက်မှ ဖြေကြားသံက သူတို့ကို ပိုမို စိုးရိမ်သွားစေခဲ့သည်။ ဤသို့ဆိုလျှင် ရွာသား တစ်ယောက် ယောက် မြေမြှုပ်မိုင်း နင်းမိလေပြီ လားဆိုသည့် အသိစိတ်က သူတို့၏ ခြေလှမ်းကို ပိုမို သွက်လက်စေသည်။ ဤသည်ကား နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေးလုပ်သား အဖွဲ့၏ ပိတ်ကားပြင် ထက်သို့ရောက် မလာသော ဇာတ်သွားတစ်ကွက် မျှသာ။
မလွယ်သေးသော နေ့ရက်များ
သူတို့သည် လိုအပ်မည် ထင်ရသည့် ဆေးပစ္စည်း အပြည့်အစုံကို ကျောပိုးအိတ် ထဲထည့်၍ ဝေးလံ ခေါင်သီသည့် နယ်စပ် ဒေသများ တစ်လျှောက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့် နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး လုပ်သား အဖွဲ့လေး တစ်ဖွဲ့။
”ကျွန်မတို့ ခရီး တစ်ခေါက်တစ်ခေါက် ဆိုရင်ခြောက် လကျော် အထိကြာတယ်။ ကျွန်မတို့ သတ်မှတ်ထားတဲ့ အတိုင်း တစ်ရွာ ပြီးတစ်ရွာ ဆက်သွားကြတာပေါ့။ အဲဒီမှာ ဘာဖြစ်လာလဲ ဆိုတော့ ရှေ့ကိုသွားရင် နောက်မှာက စိတ်ချရတဲ့ အနေအထား မရှိဘူး။ ဒါပေမဲ့ ဒါတွေကိုသာ ထည့်တွေးနေရရင် ဘာမှလုပ်ဖြစ်မှာ မဟုတ်ဘူးလေ။ ကျွန်မတို့ ကတော့ ကျွန်မတို့ တတ် နိုင်သလောက် လုပ်နေတာပဲ”ဟု ကျောပိုးအိတ် ကွင်းဆင်း တာဝန်ခံ ဆာမူနော်ထူးက ဝန်နှင့် အားမမျှမှုကို ထုတ်ဖော် ပြောဆိုသည်။
လိုအပ်ချက်နှင့် ဖြည့်စွမ်း ပေးနိုင်မှုက မမျှ။ ထို့ပြင် အကန့်အသတ် ကလည်း များလွန်းလှသည်။ တောတောင် အတွင်း နေရာအနှံ့ ရှိနေတတ်သော မြေမြှုပ် မိုင်း အန္တရာယ်ကလည်း မသေး။ ဦးတည်ထားသော ရွာတွင် စစ်တပ်များ ရောက်နေလျှင်လည်း သူတို့ရွာထဲ မဝင်ရဲ။ ကြမ်းတမ်း သော ခရီးများက သူတို့၏အင်အား ကို တစ်စစီ ဖဲ့ချွေနေချိန်တွင် အစိုး မရသော ရာသီဥတု ကလည်း အတားအဆီး တစ်ခု။ သူတို့၏ ခရီးသည် ကျောက်ခင်းလမ်းပင် မက။ ဆူးခင်းလမ်းဟု ဆိုရမည်။ ယခု သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အရပ်သား တစ်ပိုင်း အစိုးရ လက်ထက် ပြုပြင်ပြောင်းလဲမှု များက သူ တို့၏ လုပ်ငန်း များကို အနည်းငယ် လွယ်ကူ လာစေသော်လည်း သေချာသည်က သူတို့၏ နေ့ရက်များ က မလွယ်ကူသေးပေ။
ကျောပိုးအိတ်သည် ဤသို့သန္ဓေ တည်ခဲ့သည်
မြန်မာ့ နိုင်ငံရေး သမိုင်းတွင် အထင်ကရ မှတ်တမ်း တင်ရသည့် ရှစ်လေးလုံး လူထု အရေးတော်ပုံ နောက်ပိုင်း ဝေးလံ ခေါင်ဖျားသော ဒေသများမှ လျစ်လျူရှုခံ ပြည်သူ များ၏ ဘဝသည် ဆိုးရွားသထက် ပိုမို ဆိုးရွားလာခဲ့သည်။ ယင်းကြောင့် ပင်လျှင် ၄င်းတို့အတွက် ရပ်ရွာအခြေ ပြု လူမှုအဖွဲ့အစည်းများ ပေါ်ပေါက် လာရသည်။ ယင်းတို့ အနက် ထင်ရှားလှသည်ကား ကျောင်းသားဆေးခန်းခေါ် မယ်တော်ဆေးခန်း။ ထိုင်း နိုင်ငံ မဲဆောက်မြို့တွင် မြန်မာနိုင်ငံ မှ ဆရာဝန် ဘွဲ့ရ ကရင် အမျိုးသမီး ဒေါက်တာ စင်သီယာမောင် ၏ ဦးဆောင်မှုဖြင့် စတင်ခဲ့ရသည့် ဆေးခန်းငယ်လေး။ ထိုအချိန်မှ စ၍ လက်နက်သံ စဲသည်ဖြစ်စေ၊ မစဲသည် ဖြစ်စေ ထိုင်းမြန်မာ နယ်စပ် တစ်လျှောက် ရှိ ပစ်ပယ်ခံ လူထုများ ၏ ကျန်းမာရေး အတွက် အားထား ရာတစ်ခုအဖြစ် ရပ်တည် လာခဲ့ သည်မှာ ယနေ့တိုင်အောင်ပင် ဖြစ် သည်။
သို့နှင့်တိုင် မယ်တော် ဆေးခန်း လက်လှမ်းမမီသည့် နေရာကား အများအပြား။ ကရင်ပြည်နယ်၊ မွန် ပြည်နယ်၊ ကရင်နီခေါ် ကယားပြည်နယ် စသော စသော ဝေး လံခေါင် သီလွန်းသည့် ဒေသများသည် ထိုခေတ်တွင် သာမက ယနေ့အချိန် အထိတိုင် ကျန်းမာရေး စောင့်ရှောက်မှုက မပီပြင်။ အစိုးရကျန်း မာရေးစောင့်ရှောက်မှု စနစ် ကို လက်လှမ်းမမီသည့် လူထု အများအပြား အတွက် မယ်တော် ဆေးခန်းက ဦးဆောင်၍ နယ်စပ်ဒေသ အခြေစိုက် လူမှု အဖွဲ့အစည်းများ ပါဝင်သော နယ်လှည့်ကျောပိုး အိတ် ကျန်းမာ ရေး လုပ်သားအဖွဲ့ (Back Pack Health Worker Team-BPHWT) ကို ၁၉၉၈ ခုနှစ်တွင် စတင် စုစည်းနိုင် ခဲ့သည်။ စတင် ဖွဲ့စည်းစဉ်က ကျောပိုး အိတ် ၃၂ လုံးနှင့် ကျန်းမာရေး လုပ်သား ၁၂ဝ ကျော်တို့ဖြင့် ဖွဲ့စည်း ခဲ့သော နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး လုပ်သား အဖွဲ့သည် အခြေအနေ အရပ်ရပ်ကြောင့် ဆေးကုသရေးကိုသာ ဆောင်ရွက်နိုင်ခဲ့သည်။ မယ်တော် ဆေးခန်းတွင် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု သင်တန်း တက်ပြီး သည်နှင့် ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖြစ် စတင်ခဲ့ရသူ အများစုကား စနစ်တစ်ခု၏ သားကောင်များ။ အစိုးရ ကိုဆန့်ကျင် ပုန်ကန်မိ၍ နေရပ်ကို စွန့်ခွာခဲ့ ရသူများ ကိုယ့်ရပ်ရွာကို လက်လှမ်းမီသမျှ ပခုံးထမ်းမြှင့်တင် လိုသူများ နောက်ပိုင်း ကာလများ တွင်တော့ ပြည်တွင်းစစ်၏ သားကောင်များ၊ စစ်ကြောင့် မိမဲ့ဖမဲ့ ဖြစ်ခဲ့ ရသူများ၊ ကယ်ရာမဲ့ ဘဝများ ကို စနစ်တကျ ပျိုးထောင်ပေးနိုင် ခဲ့ခြင်းသည် ကျောပိုးအိတ် အတွက် အင်အား တစ်ရပ် ဖြစ်စေသည်ဟု ကျောပိုးအိတ် အဖွဲ့ခေါင်းဆောင် ဆရာ မန်းမန်းက ဆိုသည်။
”အားလုံးက တိုင်းရင်းသား တွေပဲ။ စစ်ကြောင့် မိမဲ့ဖမဲ့ တွယ်ရာ မဲ့နဲ့ သူတို့ အခြေအနေကို လမ်းမှား မရောက်ဘဲ အားတစ်ခု ဖြစ်အောင် ကျွန်တော်တို့ ပံ့ပိုးနိုင်ခဲ့တယ်” ဟု ဆရာ မန်းမန်းက ပြောသည်။ ထိုသို့ အခြေပြုခဲ့ရသည့် ကျောပိုးအိတ်သည် ၂ဝ၁၁ ခုနှစ်တွင် ကျောပိုးအိတ် ၈၄ လုံးနှင့် ကျန်းမာရေး လုပ်သား ၃ဝဝ ကျော်၊ ၂ဝ၁၂ ခုနှစ်တွင် ကျောပိုးအိတ် ၉၅ လုံး နှင့် ကျန်းမာရေး လုပ်သား ၁၅ဝဝ ကျော်အထိ တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့သည်။ ၄င်းတို့သည် နယ်မြေ ၂ဝ တွင် ဆေးဝါး ကုသရေး အပြင် မိခင် နှင့် ကလေး စောင့်ရှောက်ရေး၊ ကျန်းမာရေး ပညာပေးနှင့် ကာကွယ်ရေး လုပ်ငန်းများ ကိုလည်း ပူးတွဲဆောင်ရွက်လျက် ရှိသည်ဟု နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး လုပ်သား အဖွဲ့၏ အစီရင်ခံစာများ အရ သိရ သည်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် ကရင်နီခေါ် ကယားပြည်နယ် တို့တွင် ကျန်းမာရေး စောင့်ရှောက်မှု စတင်ခဲ့သည် ဆိုသော်လည်း ကာလ ရှည်ကြာ လာသော ပြည် တွင်း ပဋိ ပက္ခများကြောင့် ရှမ်းပြည်နယ်၊ နိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ် များသို့ ခြေဆန့်ခဲ့ကြသည်။ ၁၇ နှစ်ကြာ တည်မြဲခဲ့ သော အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ပျက်ပြယ် သွားပြီးနောက် ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နှင့် တပ်မတော် တို့ ကြား တိုက်ပွဲများ ပြန်လည် စတင် လာ ခဲ့သော ကချင်ပြည်နယ်တွင် ၂ဝ၁၁ ခုနှစ်မှစ၍ ကျောပိုးအိတ် ကျန်းမာရေးစောင့်ရှောက်မှု လုပ် ငန်းများ စတင်ခဲ့ရသည်။
လက်ခုပ်သံများ၏ နောက်ကွယ်
သက်ရောက်မှု ကြီးမားသော ကန့်လန့်ကာ နောက်ကွယ်မှ လုပ် ဆောင်မှုများကို ပြည်တွင်းမှ သိရှိနိုင် မှု အားနည်းနေခဲ့သော်လည်း နိုင်ငံတကာက အရေးတယူ။ ၂ဝ၁ဝ ခုနှစ်တွင် နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့ ညွှန်ကြားရေးမှူး အဖြစ် ခန့်အပ်ခံရသော စောဝင်းကျော်အား နယ်သာလန် နိုင်ငံ အခြေစိုက် Stichting Vluchteling Foundation မှ ၂ဝ၁၂ ခုနှစ်အတွက် VAN HEUVEN GOEDHART ဆု ချီးမြှင့်၍ ဂုဏ်ပြုခဲ့သည်။ နယ်သာလန်နိုင်ငံတွင် ပြုလုပ်သည့် ဆုပေး ပွဲသို့ စောဝင်းကျော် တက်ရောက်ရန် အခြေအနေ မပေးသည့်အခါ ထိုင်း-မြန်မာ နယ်စပ်သို့ လာရောက်၍ တကူးတက ဆုချီးမြှင့်ခဲ့သည်။ ထို့အတူ နယ်လှည့်ကျောပိုး အိတ် ကျန်းမာရေး လုပ်သားအဖွဲ့ တည်ထောင်သူ မယ်တော်ဆေးခန်း မှ ဒေါက်တာ စင်သီယာမောင်သည် လည်း နိုင်ငံတကာမှ ဂုဏ်ပြုဆုများ ချီးမြှင့်ခံခဲ့ ရသည် သာမက ၂ဝဝ၅ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆု အတွက် ပင် အမည်စာရင်း တင်သွင်းခံရသည် အထိ။
ဤသို့ဤသို့သော အသိအမှတ်ပြု ခံရမှုများသည် သာမန်အမြင် လှရုံလုပ်ဆောင်မှု များကြောင့်မဟုတ်။ ယင်းကဲ့သို့ အသိအမှတ်ပြု မှုများ သည် ကျောပိုးအိတ် က ပေးဆပ် ခဲ့ရသည့် အသက်၊ သွေး၊ ချွေးများကို ကိုယ်စားပြုနေသည်။ လက်နက် အင်အားသည်သာလျှင် ဥပဒေဖြစ်သည့် တောတွင်းဒေသတွင် တာဝန် ထမ်းဆောင်ရင်း သေနတ်ဒဏ်၊ မြေမြှုပ် မိုင်းဒဏ်ကြောင့် အသက် ဆုံးရှုံးခဲ့ရသည့် ကျန်းမာရေး လုပ်သား ၁ဝ ဦးအထိ ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂ဝ၁ဝ ရွေးကောက်ပွဲ အပြီး အရပ်သား တစ်ပိုင်း အစိုးရ လက်ထက်တွင်လည်း ကျန်းမာရေး လုပ်သား ၂ ဦး ဖမ်းဆီး ခံထားရသည်ဟု ဆရာမန်းမန်း ၏ ပြောကြားချက် အရ ထပ်မံသိရသည်။ ကြမ်းတမ်းသော ခရီးလမ်း၊ ပြန့်ကြဲစွာ ရှိနေသော မြေမြှုပ်မိုင်း၊ ထင်သလို အသုံးပြုခွင့်ရှိသော လက်နက်များ အကြား ကိုယ်ကျိုးစီးပွား အတွက် မမျှော်လင့်နိုင်သော အလုပ် ကို အားကြိုးမာန်တက် ဆောင်ရွက် ခဲ့ကြသည့် သူတို့၏ စွမ်းဆောင်မှု ရလဒ်ကား အားရစရာ မကောင်း လှသေးသော်လည်း ယခင်ထက်စာလျှင် မျှော်လင့်နိုင် စရာများ တိုးပွား လာသည်။
”ကျွန်တော်တို့ MCP (ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်) ကို စတင်တော့ လူထုရဲ့ကျန်းမာရေး အသိက အရမ်း အားနည်းတယ်။ ငှက်ဖျားဖြစ်ပြီ ဆိုပါစို့။ အခြေ အနေ အရမ်းဆိုးလာမှ ဆေးကုသမှု ခံတယ်။ ခုချိန်မှာတော့ ရွာသားတွေက ငှက်ဖျားသာမက အခြားရောဂါတွေ အကြောင်း ကြိုတင် ကာကွယ်မှုနဲ့ ကနဦး ကုသမှု ခံယူ တာတွေရဲ့ အရေးပါ ပုံတွေကို တော်တော်လေး သိလာကြပြီ ဆိုတော့ တစ်ခုခုဖြစ်လာပြီ ဆိုရင် အခြေအနေ ဆိုးတဲ့ အထိ မစောင့်တော့ဘဲ ကျွန်တော် တို့ကို ဆက်သွယ် လာတယ်” ဟု ကျောပိုး အိတ်ညွှန်ကြားရေးမှူး စောကျော်ဝင်းက ဆိုသည်။ ကျောပိုးအိတ်သည် နိုင်ငံတကာ အဖွဲ့အစည်း မဟုတ်။ ကျောပိုးအိတ်သည် အစိုးရ အဖွဲ့အစည်း မဟုတ်။ ကျောပိုးအိတ်သည် လို အပ်ချက်အားလုံး ကို ဖြည့် စွမ်းပေး နိုင်သည့် အဖွဲ့အစည်း မဟုတ်။ ကျောပိုးအိတ်သည် ကျောပိုးအိတ် မျှသာ။ သူ့ခွန်သူ့အားနှင့် ထမ်း နိုင်သည်ထက် ပိုနေသော ဝန်ထုပ် အတွက် တစ်မျိုး ကြံစည် ရပြန်သည်။ ကျေးရွာများတွင် ကျေးရွာကျန်းမာရေး လုပ်သားများ အတွက် သင်တန်း ပေးခြင်း၊ အရပ်လက်သည် များကို စနစ်တကျ ပြန်လည် သင်တန်းပေး ခြင်း စသည် တို့ဖြင့် မနိုင်သည့် ဝန်ကို မျှဝေ လျော့ပါးစေခဲ့သည်။
ပစ္စုပ္ပန်ကို သုံးသပ် အနာဂတ်အတွက် ပြင်ဆင်
မည်မျှပင် ရိုင်းခဲ့သည့် သမိုင်း ဖြစ်စေ၊ အတိတ်သည် အတိတ် ပင်ဖြစ်သည်။ အနာဂတ်ကို ပုံဖော် ရန်အတွက် ပစ္စုပ္ပန် အပေါ် ဗဟိုပြု ရမည်သာ။ အများ၏ ယုံကြည်မှု အပြည့် အဝ မရသေးသော ဦးသိန်းစိန် အစိုးရသည် အနာဂတ်ဒီမို ကရေစီ နိုင်ငံတော်ကြီးကို ပုံဖော် နေသည့် နည်းတူ ကျောပိုးအိတ်များ ကလည်း ပစ္စုပ္ပန် အခြေပြု၍ အနာ ဂတ်ကို စဉ်းစား ရသည်။ ”ကျွန်တော်တို့က ပြန်လည် ထူထောင်ရေး ကာလ အချိန်အထိ ဒီကျန်းမာရေး လုပ်ငန်း ဆောင်ရွက် ဖွဲ့စည်းမှုကို တစ်ဆက်တည်း လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေ ပါတယ်။ ဒါ့ကြောင့်မို့လည်း ကျန်းမာရေး ဝန်ထမ်းတွေကို သူတို့အတွက် အာမခံချက်ပေးနိုင်တဲ့ Recognition ရှိနိုင်အောင်လည်း ကြိုးစား နေပါတယ်။ တစ်ချိန်တည်း မှာ ပြည်တွင်း ကျန်းမာရေး ဌာနမှာ ရှိနေတဲ့ ကျန်းမာရေး စနစ်နဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အသိအမှတ်ပြု သင်တန်းအနေနဲ့ ပဲဖြစ်ဖြစ်၊ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ အတတ် ပညာရပ်ပဲ ဖြစ်ဖြစ် ဒါတွေကို ကျွန်တော်တို့ သင်ရိုးညွှန်းတမ်းတွေ ကအစ တစ်ထပ်တည်း ဖြစ်အောင် ကြိုးစား ဆောင်ရွက်နေပါတယ်” ဟု ဆရာ မန်းမန်း က ပြောသည်။ ထို့အတူ လူထု လက်လှမ်း မီသော ကျန်းမာရေး စောင့်ရှောက်မှု လျင်လျင်မြန်မြန် ပေါ်ထွန်းလာရန် အတွက် နယ်စပ်ဒေသ အခြေစိုက် လူထု ကျန်းမာရေး စောင့်ရှောက် မှု အဖွဲ့အစည်း များအား အစိုးရက အသိအမှတ်ပြု လက်ခံပေးမည့် စနစ်တစ်ရပ် အကောင်အထည် ဖော်ထားရန် လိုအပ်ကြောင်း ဒေါက်တာ စင်သီယာမောင်က အကြံပြု သည်။
”ဒီမှာ သင်တန်း တက်ထားပြီး တဲ့ သူနာပြုဆရာမတွေ၊ ဆေးဝန် ထမ်းတွေကို ကိုယ့်ဒေသကိုယ် ပြန် တဲ့အခါ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ လုပ်လို့ ရအောင် အသိ အမှတ်ပြုတဲ့ စနစ်တစ်ခုကို အစိုးရ က တည်ဆောက်ထားဖို့ လိုအပ်တယ်။ သင်ရိုးညွှန်းတမ်းတွေကို စိစစ်မယ်။ စာမေးပွဲတွေ ပြန်ဖြေရ မယ် ဆိုရင် လည်း ဖြေမယ်ပေါ့”
ဟု သူမက ပြောသည်။ ယင်းအချက်သည် ကန့်ကွက် ဝေဖန်မှုများ ညံစေမည့် အချက်ဟု ဆိုရသော်ငြားလည်း ထည့်သွင်း စဉ်းစားသင့်သည့် အချက်ဟု လက် ခံသူကလည်း မရှား။ မည်သို့ပင်ဆိုစေ ကျောပိုးအိတ် ၏စွမ်းဆောင်နိုင်မှုကို အသိအမှတ် ပြုသည့် မှတ်ချက်က အများအပြား။ အနီးစပ်ဆုံး ပြောရလျှင် ပြည်တွင်း ဂျာနယ် တစ်ခု၏ တာဝန်ခံ အယ်ဒီ တာ တစ်ဦးက သတင်း အချက်အလက် ရယူရန်ခက်ခဲသော စစ်အစိုးရ လက်ထက်တွင် ကျောပိုးအိတ် အစီ ရင်ခံစာများကို ကိုးကားခဲ့ရသည်ဟု ဆိုသည်။
”အဲဒီကာလတွေ (စစ်အစိုးရ လက်ထက်) မှာ စစ်ရေး အခြေအနေ တွေ၊ နယ်မြေ အခြေအနေတွေကို သူတို့ ဆီကနေ သိရတယ်။ သူတို့က ကျွန်မတို့ စိတ်တောင် မကူး ရဲတဲ့ နေရာတွေကို နေ့ညမရှောင် သွား နေရတယ်လေ” ဟု သူမက ဆိုဖူး သည်။
ထို့အတူ ယုံကြည်ရာ လမ်းစဉ် အတွက် လက်နက်စွဲ ကိုင်ပြီး ၆၄ နှစ် တိုင်တိုင် တိုက်ပွဲဝင်ခဲ့သည့် ကရင် အမျိုးသား အစည်းအရုံး (ကေအင်န် ယူ )၏ လက်ရှိ တွဲဖက် အထွေထွေ အတွင်းရေးမှူး(၁) ဖြစ်သူ ဗိုလ်မှူး စောလှငွေ ကလည်း ကျောပိုးအိတ်သည် သူတို့ပင် စိတ်ကူး မရသော နည်းလမ်း များဖြင့် တော်လှန်ရေးကို ဆင်နွှဲနေခြင်းဖြစ်ပြီး လူထုအတွက် လွန်စွာ အကျိုးများခဲ့ကြောင်း ပြော သည်။ ”ပြောရရင် ကျေးဇူးတင်ဖို့ အရမ်းကောင်းတယ်။ ကျေးဇူးတင် ရမယ်။ သူတို့က ကျွန်တော်တို့ရဲ့ လူထုတွေကို အကောင်းဆုံး ပံ့ပိုး နိုင်တဲ့ အဖွဲ့ပဲ” ဟု ဆိုသည်။ ရွှေပြည်ကြီး မဝေးတော့ပါဟု အနာဂတ် နိုင်ငံတော် အတွက် အားလုံးက စိတ်ကူး မျှော်လင့်နေကြချိန်တွင် မြေမြှုပ်မိုင်းများ၊ ယမ်းငွေ့ များနှင့် အစွန့်ပစ်ခံဘဝ များ ကြား ကျောပိုးအိတ်များက လူမသိ သူမသိ တရွေ့ရွေ့ ရှေ့သို့လှမ်းနေဆဲ။
ကျော်ရဲလင်း
by Popular Myanmar News Journal
မလွယ်သေးသော ကျောပိုးအိတ် နေ့ရက်များ
Reviewed by သစ်ထူးလွင်
on
05:42
Rating:
3 comments:
ကိုသစ်ထူးလွင်ကိုကျေးဇူးတင်ပါတယ်ဒီလိုအဖွဲ့အစီးမျိုးရှိတာ
ကျွန်တော်မသိခဲ့ပါ
ဖော်မပြတတ်အောင် ကျေးဇူးတင်မိပါတယ်၊ငါ့လူမျိုးငါ့ဘာသာပာု အစွဲရှိသော
နိုင်ငံအတွင်းမှာ နိဗ္မာန်သို့သွားနေသော ထိုသူသို့ ဧ။် အထက်တွင် အသင်တို့ ရှိနေမည်မှာ ငြင်းမည့်သူ မရှိနိုင်ပါ။
အရမ်းလေးစါးပါတယ် အဲဒါမှတကယ့်သူရဲကောင်းပါပဲ
Post a Comment