အမျိုးသား၊ အမျိုးသမီး အသက် အရွယ်စုံ တို့သည် အပြာရောင် ပလတ်စတစ် ဇလုံကြီးအတွင်းမှ တရော် ကင်ပွန်းရည် များအား လက်ဖြင့် နှိုက်ယူကာ ချွေးများ စိုရွှဲနေသော နဖူးပြင်ရှိ ဆံစများဆီသို့ သပ်တင် လိုက်ကြသည်။ ပြီးလျှင် ဇလုံဘေးနားရှိ ကျောက်ရေ စည်ထဲမှ ရေများဖြင့် တရော်ရည် ခပ်ချွဲချွဲများ ပေရေနေသော လက်များကို ဆေးကြော သုတ်သင်လိုက်၏။ ထို့နောက် စစ်ရောင် တာလပတ်စဖြင့် မိုးထားသည့် ကန္နားဖျင်းအောက်ဆီသို့ ၀င်ရောက်ထိုင်ကာ အမောဖြေလိုက်၏။ သူတို့၏ ပုံပန်းသဏ္ဍာန်များကား ရန်ကုန်သူ၊ ရန်ကုန်သားများ မဟုတ်သည့် အသွင်အပြင်များပင်ဖြစ်သည်။ သူတို့မျက်နှာများမှ ၀မ်းနည်းစိတ်ကြောင့် ထင်သည်။ ရွှင်ရွှင်လန်းလန်း မရှိကြ။ မျက်နှာအို ကလေးများဖြင့် မှိုင်ငေးနေကြလေသည်။
သူတို့သည် လွန်ခဲ့သော သုံးရက်ခန့်က ဆောက်လက်စ ၁၂ ထပ်တိုက်အပေါ်ဆုံးမှ မြေပြင်ပေါ်သို့ ပြုတ်ကျကာ အသက်ဆုံးရှုံးခဲ့ရသည့်
လူငယ်လေးတစ်ဦး၏ နောက်ဆုံးခရီးသို့ လိုက်ပို့ပြီး အသုဘအိမ်သို့ ပြန်လာကြသူများ ဖြစ်သည်။
၁၉ နှစ်အရွယ်မောင်ဝေမိုးသည် နာဂစ်ဒဏ်သင့် ဒေသတစ်ခုဖြစ်သည့် ဧရာဝတီတိုင်း ဒေးဒရဲမြိ့နယ်ရှိ ကျေးရွာလေးမှ ရန်ကုန်သို့တက်လာကာ ကန်ထရိုက်တိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် နေ့စားဝန်ထမ်းတစ်ဦးအဖြစ် လုပ်ကိုင်နေရာမှ ယခုကဲ့သို့ ထိတ်လန့်ဖွယ် အသက်ဆုံးရှုံးခဲ့ရ ခြင်းဖြစ်သည်။ အမြင့် ၁၂၇ ဒသမ ၅ ပေ မှ ပြုတ်ကျခဲ့သည့် ကိုဝေမိုးသည် သေဆုံးစဉ်တွင် ဘေးအန္တရာယ် ကင်းရှင်းရေး အကာကွယ်ပစ္စည်း တစ်စုံတစ်ရာမျှ သုံးစွဲထားခြင်း မတွေ့ရကြောင်း လှိုင်မြို့နယ်ရဲစခန်းမှ စခန်းမှူးရဲအုပ်သိန်းဆွေမြင့်ကပြောသည်။
“သူတို့ကတော့ ပိုက်တွေ ကာရံထားတယ်ဆိုပေမယ့် အခု ပြုတ်ကျတာက အပြင်ဘက်က ပြုတ်ကျတာပါ။ ငြမ်းတွေ၊ အကာအရံအတားအဆီးတွေ ရှိတယ် ဆိုပေမယ့် လူ့အသက်ကို ကာကွယ်နိုင်တဲ့ လုပ်ငန်းခွင်လုံခြုံရေး ပစ္စည်းတွေ သုံးထားတာမတွေ့ရဘူး” ဟု စခန်းမှူးက ပြောသည်။
ကိုဝေမိုးသည် ကန်ထရိုက်တိုက်များ၊ ကွန်ဒိုများတည်ဆောက်ရေးလုပ်ငန်းခွင်များတွင် ၀င်ရောက်လုပ်ကိုင်နေသော ကာယအသုံးပြု ဆောက်လုပ်ရေးလုပ်သားများအနက် တစ်ဦးဖြစ်ပြီး လုပ်ငန်းခွင်အတွင်း အသက်နှင့်ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသော အခြေခံ လုပ်သားများထဲမှ တစ်ဦးဖြစ်သည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ဘေးအန္တရာယ်ကင်းရှင်းရေးထက် သတ်မှတ်အချိန်မီ အလုပ်ပြီးစီးရေးကိုသာ ဦးစားပေး ဆောင်ရွက်နေရခြင်းများရှိရာ ယင်းအချက်သည် လုပ်ငန်းခွင်အတွင်း လုပ်သားများ ဆုံးရှုံးလေလွင့်မှုများ ဖြစ်ပေါ်စေသည့် အကြောင်းအရင်းတစ်ခု ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်အင်ဂျင်နီယာတစ်ဦးက ပြောသည်။
ထို့ပြင် အချို့လုပ်ငန်းရှင်များသည် လုပ်အားခသက်သာသော အလုပ်သမားငှားရမ်းခြင်း၊ အလျင်အမြန်ပြီးစီးစေရန် တိုက်တွန်းခိုင်းစေ
တတ်ကြသော်လည်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မရှိမဖြစ်လိုအပ်သော အကာအကွယ်သုံးပစ္စည်းများတွက်မူ
ထိုက်သင့်သော ငွေကြေးသုံးစွဲရန် နှောင့်နှေးတတ်ကြသည်။
“လုပ်ငန်းအပ်တဲ့သူတွေကရော၊ ဆောက်လုပ်ရေးကန်ထရိုက်တာတွေကရော အလုပ်သမား ကန်ထရိုက်တွေကပါ အချိန်မီလုပ်ငန်းပြီးဖို့ရယ်၊ ငွေကုန်သက်သာဖို့ရယ်ကို အဓိကထားနေကြတယ်။ အလုပ်သမားတွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ အလုပ်လုပ်နိုင်ဖို့ ဖြည့်ဆည်းပေးတာကျတော့ အားနည်းတာအမှန်ပဲ” ဟု လျှပ်စစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာတစ်ဦးကပြောသည်။
ယခုအသက်ဆုံးရှုံးခဲ့ရသည့် ကိုဝေမိုးအလုပ်လုပ်သည့် ကွန်ဒိုအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်တွင် အလုပ်သမားများအတွက် လိုအပ်သော ဖိနပ်၊ လက်အိတ်၊ ဦးထုပ်နှင့် ခါးသိုင်းကြိုးများကို ထားရှိပေးကြောင်း ခရစ်စတယ်ဂျိတ် တာဝါဆောက်လုပ်ရေးလုပ်ငန်းမှ မန်နေဂျာက ပြောသည်။
“သူက အဆောက်အအုံအပြင်ဘက်က အလုပ်လုပ်ရတဲ့ အလုပ်သမားတစ်ယောက်မဟုတ်ပါဘူး။ အတွင်းဘက်က လုပ်ရတဲ့ လက်သမားအကူ ရုံးဝန်ထမ်းပါ။ သူပြုတ်ကျသွားတဲ့အချိန်မှာ အလုပ်သိမ်းခါနီးနေပြီ။ ဘယ်သူမှ သူကျသွားတာကို မမြင်လိုက်ကြဘူးလေ” ဟု အထက်ပါမန်နေဂျာက ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေစဉ် ရုံးလေဘာဟု ခေါ်ကြသော ကုမ္ပဏီ၏ နေ့စား၊ လရှင်းဝန်ထမ်းများ ထိခိုက်ဒဏ်ရာ ရရှိချိန်တွင် ကုမ္ပဏီကကုန်ကျစရိတ်နှင့် နစ်နာကြေးငွေ ပမာဏတစ်ခုကို ပေးလေ့ရှိသော်လည်း အလုပ်သမား ကန်ထရိုက်တာဘက်မှ ပါလာသော အလုပ်သမား တစ်ယောက် ထိခိုက် ဒဏ်ရာရခြင်းများ ဖြစ်သောအခါ ကာယကံရှင်ကိုယ်တိုင် ကုသကြရသည်။ အလုပ်ရှင်၏ တာဝန်မကျေပွန်မှုများကြောင့် ဘ၀ဆုံးရသည့်သူများ၊ ဒုက္ခရောက်ကြသည့် မိသားစုများလည်းရှိနေသည်။
ငြမ်းစင်များ၏ မခိုင်ခံ့မှုနှင့် ပစ္စည်းကိရိယာ မလုံလောက်မှုတို့ကြောင့် ပြီးခဲ့သည့် လပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ဆောက်လက်စ ခုနစ်ထပ်တိုက်မှကျကာ ဆောက်လုပ်ရေးလုပ်သား ခြောက်ဦး သေဆုံးမှုနှင့် ကိုးဦးဒဏ်ရာရရှိခဲ့သည့် အဖြစ်အပျက်များကလည်း စိတ်ထိခိုက်ဖွယ်ဖြစ်သည်။ ကြိုတင်ပြင်ဆင်မှု ပေါ့လျော့ခဲ့သဖြင့် မလိုလားအပ်ဘဲ လူ့အသက်များစွာ ဆုံးရှုံးခဲ့ရသည့် ဥပမာတစ်ခုဖြစ်သည်။
ကန်ထရိုက်တိုက် (သို့မဟုတ်) တစ်ခု ဆောက်လုပ်မည်ဆိုပါက အလုပ်သမားများ ဘေးအန္တရာယ်လုံခြုံရေးအတွက် အလုပ်ရှင်က မည်သို့ ကြိုတင်စီမံ ထားသည်ဟူသော အစီရင်ခံစာကို မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ ကြိုတင်ပေးပို့ရန် သတ်မှတ်ထားသည်။ ထို့ပြင် လိုအပ်သော ကာကွယ်ရေးပစ္စည်းနှင့် အရေးပေါ် ဆေးအိတ်များကိုလည်း စီမံထားပေးရန်ညွှန်ကြားထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ဋ္ဌာနခွဲမှူးက ပြောသည်။
“တကယ်လို့ အဲလိုထားပေးဖို့ပေါ့လျော့မှုကြောင့် အလုပ်သမားနစ်နာရင် တိုင်နိုင်ပါတယ်။ နစ်နာသူနဲ့ ကန်ထရိုက်နှစ်ဦးနှစ်ဖက် ကျေနပ်အောင် ညှိနှိုင်းလို့ မပြီးမချင်း ဆိုက်ပိတ်လိုက်တယ်။ အလုပ်သမား ကျေနပ်မှုရှိမှ ပြန်ဖွင့်ပေးပါတယ်။ ကန်ထရိုက်က နစ်နာသူကျေနပ်အောင် ညှိနှိုင်းပေး ရမယ်” ဟု ဌာနခွဲမှူးဦးမျိုးဆွေက ပြောသည်။
ရန်ကုန်မြို့တွင် ဆောက်လုပ်ရေးလုပ်ငန်းများ အထွန်းကားဆုံး ကာလသည် ၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် တဲပေါ်မှ တိုက်ပေါ်သို့ဆိုသည့်စီမံချက် စတင်အကောင်အထည်ဖော်ခဲ့စဉ်က ဖြစ်သည်။ ထိုကာလတွင် ဆောက်လုပ်ရေးလုပ်သားများ အလွန်လိုအပ်နေချိန်ဖြစ်ရာ ကျေးလက်တောရွာများရှိ လယ်ယာလုပ်ငန်းခွင်များမှလူများ အလုံးအရင်းနှင့် ရန်ကုန်မြို့ပေါ်သို့ ရောက်ရှိလာကြသည်။ ၎င်းတို့သည် ဆောက်လုပ်ရေးအတတ် ပညာများ မရှိကြသေးရုံမက မိမိအသက်ကိုကာကွယ်နိုင်လောက်သော အသိပညာများလည်း မပါလာကြပေ။
ယခုကဲ့သို့ လုပ်ငန်းခွင်အတွင်းသေဆုံးခဲ့ရသည့် ကိုဝေမိုးသည်လည်း လွန်ခဲ့သည့်ခြောက်လခန့်ကမှ ရန်ကုန်သို့ ရောက်ရှိလာကာ ဆောက်လုပ်ရေး လုပ်သားတစ်ဦး ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သူတို့သည် ၀ါးငြမ်းစင်များပေါ်တွင် အသက်နှင့်ရင်းကာ အလုပ်လုပ်ကြရသည်။ အချို့ငြမ်းစင်များက ၀ါးများဖြင့်ပြုလုပ်ထားပြီး၊ အချို့ငြမ်းများက သံဖြင့်ပြုလုပ်ထားသောငြမ်းများဖြစ်သည်။ အချို့က လုပ်ငန်းခွင်ထိခိုက်မှု အကာအကွယ်ပစ္စည်းများကို မိမိသဘောဖြင့် မသုံးစွဲသူများရှိသလို၊ အချို့က လုပ်ငန်းခွင်တွင် အဆင်သင့်မရှိခြင်းကြောင့် မသုံးစွဲနိုင်သူများလည်းရှိရာ နှစ်ဦးနှစ်ဖက်တွင် တာဝန်ရှိပေသည်။
“သူတို့တွေက ဦးထုပ်မဆောင်း၊ ခါးပတ်မပတ်၊ မျက်မှန်မတပ်၊ နှာခေါင်းမကာဘဲ အလုပ်လုပ်လာကြတာ ခေါက်ရိုးကျိုးနေပြီဗျ။ ရုတ်တရက် ပြင်ပေးဖို့က မလွယ်သေးဘူး။ သူတို့ကိုလုပ်ငန်းခွင်မှာ ဘေးအန္တရာယ်ကင်းကင်းနဲ့ အလုပ်လုပ်တတ်ဖို့ဆိုတာ လုပ်ငန်းခွင်ထဲမှာပဲ အသိပညာပေးရမယ်။ ဒီလို သင်တန်းပေးချိန်အတွက်လည်း အလုပ်ရှင်က လုပ်အားခပေးရမှာ။ သူတို့က တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေလေ” ဟု ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခု၏ လုပ်ငန်းခွင်အင်ဂျင်နီယာ ဦးစိန်လှိုင်က ပြောသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အရေးပေါ်အသက်ကယ်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းနည်းပြဆရာ ဦးဇော်ထူးဦးကလည်း
“အန္တရာယ်ဖြစ်စေနိုင်တဲ့ လုပ်ငန်းခွင်တွေမှာ Safety Officer တွေ ခန့်ထားသင့်တယ်။ ၀န်ထမ်းတွေ သူတို့လုံခြုံရေးအတွက် ၀တ်ဆင်ရမယ့် လုံခြုံရေးပစ္စည်းတွေကိုဝတ်၊ မ၀တ်ဆိုတာ လုပ်ငန်းခွင်ဝင်ပေါက်ကနေ စစ်ဆေးပြီး အမှတ်ပေးရမယ်။ မလိုက်နာရင် လစာဖြတ်တာမျိုးဖြစ်ဖြစ် အပြစ်ပေးရမယ်။ သူတို့ကို ခန့်ထားခြင်းအားဖြင့် လုပ်ငန်းခွင်မှာ ဘယ်အပိုင်းကအားနည်းတယ်၊ ချို့ယွင်းချက်ရှိတယ်ဆိုတာကို အလွယ်တကူသိနိုင်မယ်။ သူတို့မှာ ၀န်ထမ်းတွေကိုရော၊ ပစ္စည်းတွေကိုရော အရည်အသွေးစစ်ဆေးရမယ့်တာဝန်ရှိတယ်” ဟု အကြံပြုပြောကြားသည်။
ဆောက်လုပ်ရေး လုပ်ငန်းခွင်များမှ အလုပ်ရှင်များ၊ လုပ်သားများအတွက် သင်ခန်းစာပေးသွားသော ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် က၀က်ချောင်းသား ကိုဝေမိုးတစ်ယောက် ထိန်ပင်သုသာန်တွင် မီးလောင်၍ ပြာမှုန်များအဖြစ် ပြောင်းလဲသွားပေပြီ။ ကျန်ရစ်သောမိသားစုများနှင့် အလုပ်ရှင်များက သူ့အတွက် စိတ်ထိခိုက်မှုများနှင့်အတူ ဖြေရှင်းစရာများ ကျန်ရစ်ခဲ့သည်။ လုပ်ငန်းခွင်များတွင် “လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး ဦးစားပေး” ဆိုသည့် ဆိုင်းဘုတ်ပါ အဓိပ္ပာယ်အတိုင်း အလုပ်ရှင်ရော၊ အလုပ်သမားများပါ အမှန်တကယ် လိုက်နာမှုအားနည်းနေဦးမည်ဆိုပါက ယခုကဲ့သို့ စိတ်ထိခိုက်ဖွယ် အဖြစ်ဆိုးများနှင့် ရင်ဆိုင်နေရဦး မည်သာဖြစ်သည်ကို သတိပြုရပေမည်။
ရေးသားသူ- သန်းဌေး၊မြတ်စုမွန်
7Day News Journal

ငြမ်းစင်ကြားမှ အသက်ခန္ဓာများ
Reviewed by သစ်ထူးလွင်
on
10:31
Rating:
No comments:
Post a Comment