ဝန်ကြီးဌာန ၁၅ ခု၏ ငွေကြေးအလွဲသုံးမှု စာရင်းစစ်ချုပ် လွှတ်တော်ကိုတင်ပြ

ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန ၁၅ ခုမှာ ဖြစ်ပေါ်ခဲ့တဲ့ ငွေကြေး အလွဲသုံးမှုတွေနဲ့ ပတ်သက်တဲ့ စစ်ဆေးတွေ့ရှိ ချက်တွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်က ပြည်ထောင်စု လွှတ်တော်ကို တင်ပြပါတယ်။

ဒီနေ့ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဒီစစ်ဆေး တွေ့ရှိချက်တွေ ကို ပြည်ထောင်စု စာရင်းစစ်ချုပ် ရုံးရဲ့ ဦးသိန်းထိုက်ဦးက ဖတ်ကြား တင်ပြခဲ့တာပါ။

“၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့ကနေ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း စစ်ဆေးရာမှာ အရေးကြီးသော စစ်ဆေး တွေ့ရှိချက် အဖြစ် ၀န်ကြီးဌာန ၁၅ ခုမှာ နိုင်ငံတော်က ချမှတ်ပေးသည့် ရသုံးငွေနှင့် နိုင်ငံတော်က ရရမည့် ရငွေများနှင့် ပတ်သက်ပြီး အလွဲသုံးမှု၊ ပိုသုံးထားမှု၊ မရိုးဖြောင့်သော သဘောဖြင့် ဆောင်ရွက် ထားမှုတွေကို တွေ့ရှိတဲ့အတွက် ဒီတွေ့ရှိမှုအပေါ် နိုင်ငံတော် အရအသုံးစာရင်းကို ပြန်သွင်းရန် ၄၇ မှုရှိကြောင်း တွေ့ရပါတယ်။ တွေ့ချက်များကို တင်ပြထားပါတယ်။”

ဝန်ကြီးဌာနတွေကတော့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာနစတဲ့ ၀န်ကြီးဌာနတွေ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က “စာရင်းစစ်တွေ့ရှိချက်က နိုင်ငံတော်ကို ပေးသွင်းရမယ့် ကျပ်ငွေ စုစုပေါင်း ၅၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဘီလီယံလောက်) စာရင်းဟနေတာ တွေ့တယ်တဲ့။ ၀န်ကြီးဌာန အားလုံးပေါင်းလိုက်ပေါ့။ အဲဒါကို သူက နိုင်ငံတော်ကိုပြန်ပေးသွင်းဖို့ စာရင်းစစ်က လုပ်တဲ့အခါ ကျပ်ငွေ ၂၀ ဘီလီယံကတော့ ပြန်သွင်းနိုင်ခဲ့တယ်။ ကျန်တဲ့ ကျပ်ငွေ ၄၀ ဘီလီယံထဲမှာ ၃၅ ဘီလီယံက မွေးမြူရေးနဲ့ရေလုပ်ငန်းဝန်ကြီးဌာနက ပေးသွင်းဖို့ ကျန်ပါသေးတယ်တဲ့။ အဓိက မသမာမှုက တနိုင်ငံလုံးမှာ ကျပ်သိန်းပေါင်း ၁၄၀၀ သွားတွေ့တယ်။ အဲထဲမှာ သတင်းနဲ့စာနယ်ဇင်းတဦးတည်းကပဲ သိန်း ၁၂၀၀ အလွဲသုံးစားလုပ်ထားတာတွေ့တယ်လို့  ပြောပါတယ်။”

ဒီပြည်ထောင်စုစာရင်းချုပ်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်တွေနဲ့ပတ်သက်ပြီး ဖော်ပြတာမျိုး မရှိခဲ့ဘူးလို့လည်း သူက ဆိုပါတယ်။

“၀န်ကြီးဌာနာ တခုချင်း ပါပါတယ်။ ဒါပေမယ့် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အသုံးစရိတ်မတွေ့ရပါဘူး။ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ပတ်သက်လို့ ဘတ်ဂျက်တိုးတဲ့အခါ တပ်မတော်သားတွေအတွက် စားနပ်ရိက္ခာ၊ အ၀တ်အစား ထောက်ပံ့ကြေး ဒါတွေတိုးပေးဖို့ ဟိုးအရင် ဒေါ်တင်နွယ်ဦး ကာကွယ်ရေးနဲ့ပတ်သက်တဲ့ ဘတ်ဂျက်ဆွေးနွေးတာမှာ ပါပါတယ်။ အသေးစိတ်ကတော့ စာရင်းစစ်မှာတော့ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ စစ်ဆေးတွေ့ရှိချက် မပေါ်ပါဘူး။”

ဝန်ကြီးဌာနတွေရဲ့ အသုံးစရိတ်ကွာဟမှု၊ အလွဲသုံးမှုမျိုးတွေကို နောက်လာမယ့် ဘဏ္ဍာရေးနှစ်တွေမှာ မဖြစ်စေဖို့ လွှတ်တော်တွေအနေနဲ့ ထိန်းကျောင်းနိုင်မယ့် သင်ခန်းစာအဖြစ် ရှုမြင်တယ်လို့လည်း သူကဆိုပါတယ်။

“၀န်ကြီးဌာနတွေမှာ စာရင်းစစ်လိုက်လို့ ဘီလီယံနဲ့ချီပြီး ဖြစ်နေတာ ကျနော်တို့သိပြီ။ နောင်တချိန် လွှတ်တော်ကော်မတီတွေက ၀န်ကြီးဌာနတွေနဲ့ ပတ်သက်လို့ စစ်ဆေးတဲ့အခါ ပိုဂရုထားရမယ်၊ ပိုအသေးစိတ်ရမယ်၊ ပိုသတိထားရမယ်ဆိုတာ ပေါ်လာတယ်။ ၂၀၁၁-၁၂ ဘတ်ဂျက်ကတော့ ပြီးသွားပြီပေါ့။ ၂၀၁၂-၁၃ ဘတ်ဂျက်မှာတော့ ကျနော်တို့ဘက်က ၀န်ကြီးဌာနတွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံကောင်း ပညာတခုရတဲ့သဘော ရှိပါတယ်။”

အခုလို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက အစီရင်ခံစာတင်ပြလာတဲ့ အစိုးရ ၀န်ကြီးဌာနတွေရဲ့ ငွေကြေးအလွဲသုံးမှုတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ လပိုင်းတွေက ဖော်ပြခဲ့တဲ့ အတွက် ပြည်တွင်းထုတ် သည်ဗွိုက်ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဂျာနယ်ဖော်ပြချက်နဲ့ စာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးတွေ့ရှိချက် ကိုက်ညီမှု ရှိမရှိဆိုတာတွေကိုလည်း လွှတ်တော်ကော်မတီအနေနဲ့ ထပ်မံစိစစ်မှုတွေ ပြုလုပ်ဖို့ရှိတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောပါတယ်။

by အံ့ဘုန်းမြတ်  (ဒီဗွီဘီ)


ဝန်ကြီးဌာန ၁၅ ခု၏ ငွေကြေးအလွဲသုံးမှု စာရင်းစစ်ချုပ် လွှတ်တော်ကိုတင်ပြ ၀န်ကြီးဌာန ၁၅ ခု၏ ငွေကြေးအလွဲသုံးမှု စာရင်းစစ်ချုပ် လွှတ်တော်ကိုတင်ပြ Reviewed by သစ်ထူးလွင် on 19:40 Rating: 5

10 comments:

Unknown said...

ကောင်းလိုက်တဲ့ဆောင်ရွှက်ချက်ပါလားဦးသိန်းထိုက်ရယ်၊ ဒါမှနိုင်ငံဝန်ထမ်းလို့ ပြောလို့ ရတာပါ။မျက်နှာမလိုက်ပဲတာဝန်ထမ်းဆောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Unknown said...

တွေ့ပြီမလား ဝန်ကြီးဌာန သူခိုး တွေ ဒီအတိုင်းအထားပါနဲ့ အရေးယူပါ

Unknown said...

တပ်မတော်ရဲ့ အသုံးစရိတ်တွေနဲ့ ပတ်သက်ပြီး ပွင့်လင်း မြင်သာမှု ရှိဖို့ လိုပါတယ်.. ကျည်ဆန်ကို အရက်နဲ့ လဲသောက်တာမျိုး.. အာမီရမ်ကို ရောင်းစားတာတွေ ထောက်ပို့ဆိုတဲ့ ဌာနက တပ်ကြပ်ကြီးအဆင့် ရှိတဲ့လူက အရမ်းချမ်းသာနေတာတွေ ပြည်သူက သိပြီးသားပါ တပ်မတော် အပေါ်ပိုင်းက ဗိုလ်မှူးချုပ်အဆင့်ကနေပြီးတော့ ကား ၄ စီးအထက် စီးနေရတာတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ ဘတ်ဂျတ်ကိုချပြ ရှင်းလင်းဖို့ လိုပြီ ထင်ပါတယ် ဘတ်ဂျတ်ကို ထင်သလို သုံးနိုင်သရွေ့ ကျည်ဆန်နဲ့ လက်နက်တွေ စိတ်ကြိုက်ဝယ်ပြီး တိုင်းရင်းသားတွေကို တိုက်နေဦးမှာပါပဲ

ဟဲဟဲ said...

ဒီလိုပြီးသွားလို့ ရလားဗျာ
ဒါနိုင်ငံတော်ရဲ့ ပြည်သူတွေရဲ့ ချွေးတွေသွေးတွေလေ
ဒါကို လွတ်ပေးမှာလား
ဒီလူတွေက အပြစ်မရှိဘူးလား
ဒါသင်ခန်းစာ မဟုတ်ဘူးလေဗျာ
ဒါသေးသေးလေးမဟုတ်ဘူးဗျ..

Burma Python said...

သတင်းနှင့်စာနယ်ဇင်းတခုထဲကသိန်း(၁၂ဝဝ)ဆိုတော့လွန်လှချည်
လား။စက္ကူတွေချည်းပဲရှိတဲ့ဌာနမှာဘာတွေများဘယ်လိုစားကြတာလဲ။အရင်ဝန်ကြီးနဲ့ဦးဆောင်ညွှန်ကြားရေးမှူးကိုတော့ပြောင်းလိုက်
ပြီ။ဘယ်လောက်ပဲခိုးခိုးပြောင်းပေးလိုက်တာနဲ့ပဲပြီးသွားပြီလား။
ပြောင်းပေးလိုက်တဲ့နေရာကငါးခြောက်ပုံကြီးလိုဖြစ်နေတယ်လို့
တောင်ပြောနေကြတယ်။သိတဲ့လူတွေဖော်ထုတ်ပြောကြပါအုံး။

kotunlwin said...

ရေသည်မြင့်ရာမှနိမ့်ရာသို့စီဆင်းသည်...........ငွေသည်နိမ့်ရာမှမြင့်ရာသို့စီဆင်းသည်.......

ဟဲဟဲ said...

ဒီလိုပြီးသွားလို့ ရလားဗျာ
ဒါနိုင်ငံတော်ရဲ့ ပြည်သူတွေရဲ့ ချွေးတွေသွေးတွေလေ
ဒါကို လွတ်ပေးမှာလား
ဒီလူတွေက အပြစ်မရှိဘူးလား
ဒါသင်ခန်းစာ မဟုတ်ဘူးလေဗျာ
ဒါသေးသေးလေးမဟုတ်ဘူးဗျ..

နေနတ်သား said...

ကာကွယ်ရေးဝန်ကြီးဌာနကို စစ်ရင် ဒိထက်အဆများစွာ ပေါ်လာမှာပေါ့။ GE တပ်တခုထဲ စစ်ရင်တောင် ဝန်ကြီးဌာန ၁၅ ခုလုံးထက် ပိုခိုးထားတာ တွေ့ရလိမ့်မယ်။ ဒါကိုတော့ မသိယောင်ဆောင် မတင်ပြခိုင်းရင် လွှတ်တော်ရဲ့ တရားမျှတမှု အပေါ် သံသယဝင်စရာဖြစ်လာလိမ့်မယ်။ အခု အချိန်ထိ စစ်တပ်ကို မထိရဲ မတို့ရဲ အရေးမယူရဲရင် ဖေါ်ဆောင်နေတဲ့ ဒီမိုကရေစီစနစ်ကို ပြည်သူတွေက ယုံကြည်မှု ရှိတော့မှာ မဟုတ်ဘူး။

Wai Lin Aung said...

အခုမှ သိကြတာလား ညံ့ပါ့ စာရင်းစစ်ချူပ်ရယ် တို့များသိတာကြာလှပေါ့ ။ ငွေစာရင်းကို စစ်ရန် မလိုပါ ။ ၀န်ကြီးတစ်ဦးရဲ့ လစာ ရယ် ခန့်မှန်းခြေ အသုံးစရိတ် ရယ် သုံးစွဲတဲ့ အဆောင်အယောင်များရယ် နေထိုင်တဲ့ ပုံစံကို သိရင် အကြမ်းဖျဉ်း သိနိုင်ပါတယ်။ သူတို့လစာ ဆယ်နှစ် သို့ အနှစ် ၂၀( စားစရိတ်မသုံးပဲ)စုပါ။ အိမ် ကား မ၀ယ်နိုင်ပါ ။ ခုတော့ တစ်ယောက် ကို အိမ် တစ်လုံးမက ရှိနေတာ။ ဒီလောက်မသိတာ ညံတယ်ခေါ်ရမှာပဲ။

Unknown said...

Python ပြောတာမှန်တယ်။ ခိုးတဲ့ကောင်တွင်မက ခိုးလို့ရအောင် ဟ ပေးထားတဲ့ကောင်တွေပါ တာဝန်ရှိတာပေါ့။ စားပွဲအောက်က လက်သိပ်ထိုးပေးထားလို့ ဒီလောက်ဖြစ်နေတာကြီးကို လွှတ်ပေးထားတာနေမှာပေါ့။ ဘုရား---ဘုရား မိသွားလို့ပေပဲ။

Powered by Blogger.