မြန်မာ ပြည်သူ ပြည်သား အများစု ပြောကြသော စကား တစ်ခွန်း ရှိပါသည် “ အေးအေး ဆေးဆေးပဲ နေချင်တယ် ၊ နိုင်ငံရေး တွေ ဘာတွေလည်း စိတ်မ၀င်စားပါဘူး ၊ ဘယ်အစိုးရ တက်တက် ကိုယ့်ထမင်း ကိုယ်ရှာစားရမှာပဲ” ဟူသောစကား ဖြစ်ပါ သည် ။ အလွန်စာနာ နားလည်ဖွယ် ကောင်းလှသော စကားတစ်ခွန်း ဖြစ်ပါသည် ။ ထို့ထက်ပို၍ ဆိုခွင့်ရလျှင် အလွန် လူသားပီသသော စကား တစ်ခွန်းလည်း ဖြစ်သည်ဟု ဆိုချင် ပါသည် ။
လူ့ဘ၀၏ အဓိက လိုအပ်ချက်မှာ စားဝတ်နေရေး ဖြစ်ပါသည် ။ မိမိတို့ အသက်ခန္ဓာ တည်မြဲရေး အတွက် အဓိက လိုအပ်သော အစားအစာ (ထမင်းတစ်နပ်) ။ မိမိတို့ ကာအိနြေ္ဒ ထိမ်းသိမ်း ကာကွယ်ရန် ဖုံးလွှမ်းအပ်သော အ၀တ်တန်ဆာ ၊ မိမိတို့ မိသားစု အတွက် မှီခိုရန် နားနေရန် အိပ်စက်ရန် လိုအပ်သောနေစရာတို့သည် လူသားတို့အတွက်မရှိမဖြစ်တောင့်တ ကြောင့်ကြနေရ သော အရာများဖြစ် ပါသည် ။ သာမန်ပြည်သူများ အဖို့ သမ္မတဖြစ်ရေး ၊၀န်ကြီးဖြစ်ရေး၊လွှတ်တော် အမတ် ဖြစ်ရေး ၊ ပါတီ ခေါင်းဆောင်ဖြစ်ရေး ဆိုသည်တို့ မှာ အိမ်မက်ထဲတွင်ပင် ပေါ်မလာသည့် အကြောင်းတရားများဖြစ်ပါသည် ။ နေစရာ တစ်ခုရှိ၍ စားရေးနှင့်ဝတ်ရေးကိုအဆင်ပြေပြေဖွေရှာ စားသောက်နေကြနိုင်လျှင် သူတို့၏ ဘ၀မှာ ပြီးပြည့်စုံ နေပြီ ဖြစ်ပါသည် ။
ထိုသို့ ရိုးစင်းလှစွာ ဘ၀ကိုဖြတ်သန်းလိုကြသော ပြည်သူပြည်သားများသည် “ စစ် ” ဆိုသည့်အသံကို နားမှ လေသံ ပင် မကြားလိုကြ ပါ ။ အမြောက်သံ ၊ ကျည်သံ ၊ ဗုံးသံများကို မကြားလိုကြပါ ။ ကူးသန်းရောင်းဝယ်ကြသူများ ဖြစ်စေ ၊တောင်ယာလယ်လုပ်ဓါးမခုတ် လုပ်ကိုင်စားသောက်သူများဖြစ်စေ ငြိမ်းချမ်းသောဘ၀ကို ဖြတ်သန်းလိုကြသူများ ချည်းသာဖြစ်ကြပါသည် ။
ထိုသို့ဆိုလျှင် အဘယ်ကြောင့် ပြည်တွင်းမငြိမ်းချမ်းမှုများဖြစ်ပွားနေရပါသနည်း ။ အဘယ်ကြောင့် တစ်မြေတည်း နေ တစ်ရေ တည်းသောက်ကြသော ညီနောင်သားချင်း တိုင်းရင်းသားချင်း တိုက်ခိုက်သတ်ဖြတ်နေကြရပါသနည်း ။ အဘယ်ကြောင့် အပြစ်မဲ့ ပြည်သူ ပြည်သား တိုင်းရင်းသားများ အသက်အိုးအိမ်စည်းစိမ်တို့ ပျက်ပြားနေရပါသနည်း ။ ဤပြဿနာများကို အမြန်ဆုံး ဘယ်လိုအဆုံးသတ်ကြမည်နည်း ။
အဓိကပြဿနာများကို သွေးနုသားနု ဒီမိုကရေစီနိုင်ငံသစ် ဆောင်းပါး နောက်ဆက်တွဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံး၏ တာဝန်များ ၊ ဖက်ဒရယ်မူ တစ္ဆေ နှင့် အာဏာ(၃)ရပ်၏ တကယ့်ပိုင်ရှင်အစစ်အမှန် ဆောင်းပါးတွင် ဖော်ပြခဲ့ပြီးဖြစ်ပါ သည် ။ ယင်း တွင် “ ယခု အရေးတကြီး ဖြေရှင်းရန်လိုအပ်နေ သည့် ကချင် ပြည်နယ် ပြဿနာ နှင့် အခြား တိုင်းရင်း သား လက်နက်စွဲကိုင်မှု ပြဿနာများ သည် မည်သည့်အတွက်ကြောင့် ဖြစ်ပွားနေရသည် ဆိုသည်ကို အခြေခံကျကျ လေ့လာ (Conflict Analysisလုပ်)ကြည့်ပါ” ဟု တင်ပြခဲ့ ပါသည်။ ထို့အပြင် “ အထူးသဖြင့် …… တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို အရှိန် အဟုန်မြှင့် တည်ဆောက် နိုင်ရန် ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံး ပြန်လည်တည်ဆောက်ရန်လိုသည်။ ထိုသို့ ငြိမ်းချမ်း ရေး ကိုတည်ဆောက်နိုင်ရန်မှာ နှစ်ဦး နှစ်ဘက် အကြေအလည် စေ့စပ် ညှိနိုင်းကြရန်လိုသည် ။ထိုသို့စေ့စပ်ညှိနိုင်းရန် ပြဿနာ ၏ရင်းမြစ် (root cause)နှစ်ဦးနှစ်ဘက်၏လိုအင် ဆန္ဒများ (needs and desires) တန်ဖိုးထားမှုများ (values) များကို သိရှိနားလည်ရန်လိုအပ်သည်။ တိုင်းရင်းသား ညီနောင်အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြရသည့် ပြဿနာ များသည် လူမျိုးရေး ပဋိပက္ခ (Conflict of national cause)လော၊ အယူဝါဒရေးရာပဋိပက္ခ (Conflict of political conviction) လော။ ဖွဲ့စည်းပုံအခြေခံဆိုင်ရာ အကျပ်အတည်း (Constitutional Crisis) လော ဆိုသည် တို့ကို အခြေခံ ကျကျ ဆန်းစစ် လေ့လာမှုများ မပါရှိဘဲ ပြည်တွင်း ငြိမ်းချမ်းရေးအစစ်အမှန်ကိုဘယ်သို့စေ့စပ်ညှိနှိုင်းတည်ဆောက် ကြမည် နည်း ” ဟုလည်း တင်ပြခဲ့ပါသည် ။
ထိုဆောင်းပါးပါအပြီး ရက်များမကြာမီ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင် ရေး အဖွဲ့ KIO နှင့် ဆွေးနွေးရန် ထွက်ခွာသွားခဲ့ပါသည် ။ အောက်တိုဘာ ၂၉ ရက်တွင် စတင် ကျင်းပ သည့် ရွှေလီငြိမ်းချမ်းရေး အစည်းအဝေးတွင် မည်သည့်အကြောင်းအရာကိုမျှ ပီပီပြင်ပြင် မဆွေးနွေးနိုင်ခဲ့ကြဘဲ နောက်တစ်ကြိမ် ထပ်မံညှိနိုင်းဆွေးနွေးကြရန် ဟုဆို၍ ပြန်လာခဲ့ကြရ ကြောင်းကိုလည်း ပြည်သူအများ သိရှိပြီးဖြစ် ပါသည် ။ ထိုဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ငြိမ်းချမ်းရေးရောင်နီသစ်ကို မျှော်လင့်ခြင်းကြီး စွာဖြင့် စောင့်စားနေခဲ့ကြသော ကချင် တိုင်းရင်းသား များ နှင့်တကွ ငြိမ်းချမ်းရေး ကို အမှန်တကယ်လိုလားကြသော လူသားဆန်သည့် နှလုံးသားရှိသူ ပြည်သူပြည်သားများ အဖို့ ခဲလေသမျှ သဲရေကျခဲ့ရပြန်ပါသည် ။
“ ငြိမ်းချမ်းရေး ဆွေးနွေးကြပြီတဲ့ ” ဟူသော ၀မ်းသာ အားရ အားတက်သရော အသံကလေး များမှ လေ၀ယ် မပျောက်မီ ဝေသီမှုန်မှိုင်းသောအကြည့်များ မျက်ရည်စို့သော မျက်ဝန်းများဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့် ကာဖြင့် “ မအောင်မြင်ပြန်ဘူးတဲ့” ဟုယူကြုံးမရ တီးတိုးပြောဆိုကြရပြန်ပါပြီ ။ အထူးသဖြင့် သေနတ်သံများ ၊ ဗုံးသံများ ၊ အမြောက်သံ များကြားတွင် အိုးပစ် အိမ်ပစ် ၊ လင်တကွဲ မယားတကွဲ၊ မိဘတစ်ကွဲ သားသမီးတကွဲဖြင့် စစ်ဘေး စစ်ဒဏ် ကျောကော့ခံလျှက် အထုတ် ကလေးများ ပိုက်ကာ တောကြီးခေါင်ခေါင် အသက်ဘေးမှ ဝေးလွတ်ရာ တိမ်းရှောင်နေ ကြရ ရှာသည့် ကချင်ပြည်နယ်ဒေသခံ တိုင်းရင်းသားများ အဖို့တော့ မည်မျှ ကြေကွဲဝမ်းနည်းကြရှာလိမ့်မည်နည်း ။
တိုင်းရင်းသားများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး ရွှေပြည်တော်ကြီးကဖြင့် မျှော်တိုင်း မဝေးသော်လည်း လုံးဝ မနီးသေး သည်ကတော့ အမှန် ပင် ဖြစ်ပါသည် ။
ကချင်တိုင်းရင်းသားများနှင့် ဖြစ်နေသော ပဋိပက္ခသည် လူမျိုးရေး ပြဿနာမဟုတ်ပါ ။နိုင်ငံရေး အယူအဆ ကွဲလွဲ မှု(ကွန်မြူနစ် ၊ ဆိုရှယ်လစ် .. စသည် ဖြင့် ) လည်းမဟုတ်ပါ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဖြစ်ပေါ်နေသော ပြဿနာ ( Constitutional Crisis) ဖြစ်ပါသည် ။ တိုင်းရင်းသားများသည် တန်းတူညီမျှခွင် (ဗမာတစ်ကျပ် ရှမ်းတစ်ကျပ် ဟူသော စကားကို )လက်ကိုင် ထားခဲ့ ကြပြီး ဗမာသည်လည်း ပြည်နယ် တစ်ခု ၊ ရှမ်း ၊ ချင်း ၊ ကချင် ၊ ကရင် ၊ မွန် စသည့် အခြား တိုင်းရင်းသား များသည်လည်း ပြည်နယ်တစ်ခုစီ ၊ အခွင့်အရေးနှင့် အာဏာတူမျှ ရမည်ဟူ၍တောင်းဆိုခဲ့ကြသည်။အကယ် ၍ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲ များ တွင် ထိုFederal State ကို တင်ပြတောင်းဆိုလာကြလျှင် ၊ မိမိတို့ တိုင်း/ပြည်နယ်တွင် ဥပဒေများ သီးခြား စီရှိရမည် ဖြစ်သည် ဟု ဆိုလာကြလျှင် မည်သူကဦးဆောင်ဖြေရှင်းမည်နည်း ၊ မည်သူက တာဝန်ခံ၍ မည်သို့ ဆုံးဖြတ် ကြမည်နည်း ။ခါတိုင်းလိုပင် နောက်တစ်ချိန်တွင် ထပ်မံဆွေးနွေးကြရန်ဟုဆိုကာ နောက်လှည့် ပြန်လာ ကြဦးမည်လား။ … ဤမျှတိုင်းပြည်အတွက် အရေးကြီးလှသည့် ဥပဒေရေးရာ ထိမ်းညှိ မှုများကို ဆောင်ရွက်ရန် တာဝန် ပေးအပ်ထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးမရှိဘဲ နှင့် ထိုပြဿနာ များကိုမည်သူဖြေရှင်းမည်နည်း” ဟု ပြည်သူ တစ်ယောက်အနေဖြင့် မေးခဲ့သည် ။ ယခုလည်း ဤမေးခွန်းကိုပင် ထပ်မေးရပါတော့မည် ။
KIO ဘက်မှ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးဆွန်လွတ်ဂမ် ၊ အဖွဲ့ဝင် ဦးဂျီးနောင် နှင့် ကချင် လွတ်လပ်ရေး တပ်မတော် ဒ(KIA)ု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်တို့၏ ထိုငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး မီဒီယာများနှင့် ရှင်းလင်း ပြော ကြားသော စကားများကို လေ့လာသုံးသပ်လျှင် KIO ၏ လိုလားချက်များကို တွေ့မြင်ရပါသည် ။ ထိုလိုလားချက်များမှာ ..
၁။ ၂၀၀၈ ဥပဒေက ပြည့်စုံ မှုမရှိပါ ။ ထိုအခြေခံဥပဒေထဲတွင် တိုင်းရင်းသားများ အခွင့်အရေးကို အာမခံ ချက် ပေးမထားပါ။ တိုင်းရင်းသားအခွင့်အရေးကို အာမခံချက်မျိုးကို ပေးထားနိုင် တဲ့ အခြေခံဥပဒေမျိုး၊ တိုင်းရင်းသားတွေ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေနိုင်သည့် ဥပဒေတရပ်လိုပါသည် ။ ဒါကြောင့် အခြေခံဥပဒေကို ပြောနေတာ ဖြစ်ပါ သည်။
၂။ KIO က မူ ကို အဓိကအချက် ကိုင်စွဲပါသည် ၊ လူကို မစွဲပါ ။ KIO အား ၂၀၀၈ အခြေခံဥပဒေကို စွဲကိုင် ပြော ဆိုဆွေးနွေး လာလျှင် မည်သူနှင့်မဆို (ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လာရောက်ပြောဆိုလျှင်ပင် ) အဆင်ပြေ မည် မဟုတ်ပါ ။ ၂၀၀၈ အခြေခံ ဥပဒေ ကို မူသေ မစွဲကိုင်ဘဲ ဘယ်လိုပဲဖြစ်ဖြစ် ညှိနှိုင်း ကြမယ်ဆိုတဲ့ ခေါင်းစဉ်အောက်တွင် ဆိုပါက မည်သူနှင့်ဆွေးနွေးရသည် မဆို အဆင် ပြေနိုင် ပါသည် ။
၃။ အပစ် အခတ် ရပ်စဲခြင်းသည် ငြိမ်းချမ်းရေး မဟုတ်ပါ။ အပစ်အခတ် ရပ်စဲသည်ကို ယာယီ ငြိမ်းချမ်းရေး ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်များမှ ပြည်သူ့စစ် ဖြစ်သွားသည်ကို ထာဝရ ငြိမ်းချမ်းရေးဟု အဓိပ္ပါယ်ဖွင့်ဆိုနေသည်ကို KIO အပါအ၀င် တခြား တိုင်းရင်းသားအဖွဲ့တွေလည်း လက်မခံပါ ။ ထိုအပစ်အခတ်ရပ်စဲရေး ကိစ္စသည် အချိန်မရွေး ပြန်ပြီး ပြဿနာ ဖြစ်လာနိုင်ပါသည်။
၎။ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်မှသာလျှင် စစ်ရေးရော အခြားကိစ္စတွေပါ အကုန်အစင် ပြေလည် သွားမည် ဟု ယုံကြည် ကြပါသည် ။ ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားနေရခြင်းသည် နိုင်ငံရေး စနစ်ကြောင့် ဖြစ်လာရခြင်း ဖြစ်သဖြင့် ။ နိုင်ငံရေး စနစ်ကို ညှိနှိုင်း ပြီး ပြုပြင်နိုင်မည် ဆိုပါက အစွယ်အပွားဖြစ်သော ပြဿနာများ အားလုံး ပြေလည်သွားမည်ဟု KIO က ယုံကြည်သည် ။ ။ ၃၀ ရက်နေ့ အစည်းအဝေးတွင် KIO ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးဆွန်လွတ်ဂမ်က “ ကြိုတင်ကန့်သတ်ချက်များမပါရှိသော နိုင်ငံရေးဆွေးနွေး ပွဲ များကို ယခုအချိန်မှစတင်ရန်” ဟု တောင်းဆိုခဲ့သည် ။ ထိုသို့တောင်းဆိုသည်ကို အစိုးရကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်က နောက် အစည်းအဝေးကို ဘယ်မှာ လုပ်မလဲလို့ မေးမြန်းခြင်းသည် ယခု အစည်းအဝေးတွင် နိုင်ငံရေးဆွေးနွေးပွဲကို မစနိုင်ဘူး ဟု ဆိုလိုရာ ရောက်သည်ဟု KIO ကယူဆသည် ။
ဤသည်မှာ KIO ဘက်မှ ထုတ်ဖော်ပြောဆိုလာသော အချက်အလက်များ ဖြစ်ပါသည် ။ ကချင်ပြည်နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ၏ စကားကို ကိုးကားပြောဆိုရလျှင် ဤသို့ တိုင်းရင်းသားများက လိုလားပါသည် ဟူ သော အချက်အလက် များကို မဆွေးနွေး မညှိနှိုင်းဘဲနှင့် အဘယ်မည်သောပုဂ္ဂိုလ် ဦးဆောင်သော အဘယ်အဆင့်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ကစစ်မှန်သော ငြိမ်းချမ်းရေးကို ဖော်ဆောင် နိုင်ပါမည်နည်း ။
စာရေးသူရေးသားသော ဆောင်းပါးတိုင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ သည် အလွန်လက်ခံနိုင်ဖွယ် မရှိကြောင်း ကို ထောက်ပြ ပြောဆိုထားပါသည် ။ မြန်မာနိုင်ငံသား တစ်ယောက်ပင် လက်မခံနိုင်သော တစ်ဘက်စောင်းနင်း ဥပဒေကို မည်သည့် တိုင်းရင်းသားများ က မည်သို့လက်ခံနိုင်ကြပါမည်နည်း ။ ယခင့်ယခင် အစိုးရများလက်ထက်တွင် အခွင့်အရေး များကို မိန့်မိန့်ကြီး ခံစားခွင့် စံစားခွင့်ရခဲ့သော တိုင်းရင်းသား မည်ကာမတ္တ ပုဂ္ဂိုလ်များကတော့ လက်ခံကောင်းလက်ခံကြ ပေလိမ့်မည် ။ ဗဟိုအစိုးရ လုပ်ချင်တိုင်းလုပ်သမျှ ကျောကော့အောင်ခံခဲ့ရသည့် တိုင်းရင်းသားစစ်စစ်များကတော့မည်သည့် နည်းနှင့်မျှ လက်ခံကြလိမ့်မည် မဟုတ်ပါ ။
ဤသို့သောအကြောင်းခြင်းရာ များကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို အမြန်ဆုံးပြန်လည်ဖွဲ့စည်း၍ ဖွဲ့စည်း ပုံ အခြေခံ ဥပဒေပါ အချက်များကို တိကျသော အဓိပ္ပါယ်ဖွင့်ဆိုပေးရန် ၊ လိုအပ်သည့် ဥပဒေများကို ပြင်ဆင်ခြင်း ၊ တိုးချဲ့ ခြင်း ၊ ပယ်ဖျက်ခြင်းတို့ ပြုလုပ်ရန် တစ်စိုက်မတ်မတ် တိုက်တွန်းနေခြင်း ဖြစ်ပါ သည် ။ “ ယခုဆွေးနွေးပွဲတွင် KIO ဘက်မှ အဖွဲ့ဝင် ဦးဂျီးနောင်က“ကျွန်တော်တို့ လိုချင်တာက တန်းတူရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖြစ်ပါတယ် ” ဟု အတိအလင်း ဆိုလာပါပြီ ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး အဖွဲ့ခေါင်းဆောင် “ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ” ဘာတွေများ တုံ့ပြန်ခဲ့ပါသနည်း ။ ဆွေးနွေးပွဲတစ်ခုအတွက် လိုအပ်သည်များကိုမှ ပြင်ဆင်မသွားခဲ့သော ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် တစ်ဦး အနေဖြင့် နောက်တစ်ခေါက်တွင် ဆွေးနွေးပါမည် ဟူ၍သာ ပြောခဲ့ရသည်မဟုတ်ပါလော ။
ဤလိုပုံနှင့်တော့ ဇာတ်မျောကြီး နှင့် မိုးလင်းပါလိမ့်မည် ။ အိပ်ပျော်နေသူကို နိုးထစေရန်လွယ်ကူသော်လည်း အိပ်ချင်ယောင် ဆောင်နေသူကို နှိုးရန် မလွယ်သကဲ့သို့ပင် ရှိပါတော့မည် ။ မတတ်နိုင်ပါပြီ ။ ပြောရေးရှိလာတော့လည်း ပြောရပါတော့မည် ။
ကချင် ၊ကယား၊ကရင် ၊ ချင်း ၊ မွန် ၊ ရှမ်း စသော တိုင်းရင်းသားများလိုလားတောင်းဆိုနေသည်မှာ ပြည်နယ်အသီး သီး ၏ တန်းတူအခွင့်အရေးရှိမှုနှင့် သီးခြားလွတ်လပ်သော ဥပဒေများပြဌာန်းနိုင်ခွင့်ဖြစ်ပါသည် ။ ဤအချက်သည် လက်မခံ နိုင်စရာ၊ ငြင်းပယ်စရာ မဟုတ်ပါ ။ စစ်မှန်သော ပြည်ထောင်စု နိုင်ငံတစ်ခု ၏ သဘောတရားသည် အမျိုးသား လုံခြုံရေး (နိုင်ငံတော်ကာကွယ်ရေး) ၊နိုင်ငံခြားရေးမူဝါဒ ၊ နှင့် ငွေစက္ကူထုတ်ဝေခြင်းတို့မှလွဲ၍အခြားသောလုပ်ပိုင်ခွင့်များ(အုပ်ချုပ်ရေး ၊ တရားစီရင်ရေး နှင့် ဥပဒေပြုရေး) ကို ပြည်နယ်များ တိုင်းများသို့လုံးဝပေးအပ်ရမည်သာဖြစ်ပါသည်။ထို့ပြင်ကူးသန်းရောင်း ၀ယ်ရေး ၊ ပညာရေး ၊ကျန်းမာရေး ၊ ပြည်နယ်လုံခြုံရေး (ပြည်နယ်ပြည်သူ့ရဲ) စသည့် ကဏ္ဍအသီးသီးတွင် ပြည်ထောင်စု အစိုးရ၏ လွှမ်းမိုးချုပ်ကိုင်မှုကို ဖြေလွှတ်ပေးရပါမည် ။
ပြည်နယ်တစ်ခုသည် ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ချက်များကို လွတ်လပ်စွာ လုပ်ဆောင် ပိုင်ခွင့်ရှိရပါ မည် ။ ၎င်း၏ သဘာဝ သယံဇာတများ ကို ထုတ်ယူသုံးစွဲခြင်း ၊ ကာကွယ်စောင့်ရှောက်ခြင်းတို့ကို ပြည်နယ် သူ ပြည်နယ်သားများကို ကိုယ်စားပြုသော ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရ အဖွဲ့တို့၏ လွတ်လပ်သော ဆုံးဖြတ်ချက်များ ဖြင့် ဆောင်ရွက်ပိုင်ခွင့်ပေးရပါမည် ။ လူအရင်းအမြစ်များကို ဖွံ့ဖြိုးတိုးတက်စေရန် ဖော်ထုတ်အသုံးချရန် လွတ်လပ်စွာ လုပ် ဆောင်ပိုင်ခွင့်များ ပေးရပါမည် ။ ၎င်းပြည်နယ်တွင် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြုပ်နှံမှုများကို လွတ်လပ် စွာ စီမံလုပ်ဆောင်ခွင့်ရှိရပါမည် ။ ပြည်နယ်တစ်ခု၏ စီးပွားရေးလုပ်ငန်းများ သယံဇာတများကို ဗဟိုအစိုးရမှ ချုပ်ကိုင်ထား၍ ကချင်ပြည်နယ် အသုံးစာရိတ် (budget) ကို ပြည်ထောင်စုက စီမံခန့်ခွဲပေးနေသော အနေအထားကို မည်သည့်ပြည်နယ် ကမျှ လက်ခံနိုင်လိမ့်မည်မဟုတ်ပါ ။ ပညာရေး ၊ကျန်းမာရေး စသော .. ကဏ္ဍအသီးသီးကိုလည်း လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ပေးရပါမည် ။ ဆိုလိုသည်မှာ ကချင်ပြည်နယ်တွင် အစိုးရကျောင်းများကို ပြည်ထောင်စု အစိုးရမှ သွားဆောက်ပေးသည် ဆိုသည့် ကိစ္စမှာ ပြည်ထောင်စု ဟု အမည်ခံထားသည့် နိုင်ငံတစ်ခုတွင် ဖြစ်ကောင်းသည့် ကိစ္စမဟုတ်ပါ ။ ထိုနည်းတူ လမ်းဖောက်ခြင်း တံတားဆောက်ခြင်း စသည့်ကိစ္စများကို ပြည်ထောင်စုက အစစ အရာရာ လိုက်လုပ်ပေးနေရမည်မဟုတ် ပါ ။ ပြည်ထောင်စု နိုင်ငံတစ်ခုတွင် ပြည်နယ်များသည် ပြည်ထောင်စု အစိုးရ၏ လက်ဝေခံမဟုတ်ကြပါ ။ မည်သည့်နေရာ တွင် လမ်းဖောက်မည် ၊ မည်သည့်နေရာတွင် တံတား ဆောက်မည် ။ မည်သည့် နေရာတွင် ကျောင်း ဆောက်မည် ၊ မည်သည့် နေရာတွင်ဆေးပေးခန်းလိုအပ်သည်။မည်သည့်နေရာတွင်ဆေးရုံဆောက်လုပ်သင့်သည်၊ြ
ပည်နယ်တိုးတက်ဖွံ့ဖြိုး ရေး အတွက် မည်သည့်စီမံကိန်းများကိုလုပ်ဆောင်မည် စသည့်အချက်များကို ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့ တို့မှ စီမံခန့်ခွဲပိုင်ခွင့်ကို အပြည့်အ၀ ပေးအပ်ရပါမည် ။
ပြည်ထောင်စု အစိုးရသည် ပြည်နယ်တစ်ခုတွင် နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုကို လုပ်ဆောင်လိုပါကပြည်နယ် သူ ပြည်နယ်သားများအား ကိုယ်စားပြုသော အာဏာပိုင်အဖွဲ့အစည်းနှင့် ညှိနှိုင်းဆောင်ရွက်ရပါမည် ။သို့သော် ထိုသို့ ပြည်ထောင်စု အစိုးရ မှ လုပ်ဆောင်သော စီမံချက်များသည် ပြည်နယ်အတွက် အကျိုးထက် အပြစ်ကပိုများသည့် စီမံကိန်းများဖြစ်လျှင် ပြည်နယ်သူ ပြည်နယ်သားများက လက်ခံကြလိမ့်မည် မဟုတ်ပါ ။ ပြည်နယ်တစ်ခုမှ တန်ဖိုးထားသော သဘာဝပတ်ဝန်းကျင် ပျက်ပြားစေမည့် စီမံချက်များ(ဥပမာအားဖြင့် မြစ်ဆုံစီမံကိန်းကဲ့သို့သော ကိစ္စရပ်များ)၊ ပြည်နယ် ဓလေ့ထုံးတမ်းစဉ်လာများ ယဉ်ကျေးမှုစံများနှင့် မကိုက်ညီသော စီမံချက်များဆိုပါက လက်ခံနိုင်ကြလိမ့်မည် မဟုတ်ပါ ။ ထိုသို့ ပြည်နယ်သူ ပြည်နယ်သား များက လက်မခံ သော လုပ်ဆောင်ချက်များကိုပြည်ထောင်စုအစိုးရက တစ်ဘက်သတ် ဆုံးဖြတ် လုပ်ဆောင်ခြင်း သို့မဟုတ် အတင်းအကြပ် လိုက်နာ လုပ်ဆောင်စေခြင်းတို့ကို လုပ်ဆောင်ခွင့်မရှိပါ ၊ လက်ခံလာ အောင် ညှိနှိုင်းခြင်းဖြင့်သာ လုပ်ဆောင်ရပါမည် ။ ပြည်ထောင်စု အစိုးရမှ ပြည်နယ်တစ်ခုခုသို့ နိုင်စီးလွှမ်းမိုးခြင်းဖြင့် လုပ်ဆောင် ခြင်းသည် ပြည်ထောင်စု စစ်စစ် စနစ် အသွင် သဏ္ဍာန် မှ သွေဖီသွားစေပါလိမ့်မည် ။
ဤသည်မှာ တိုင်းရင်းသားများ လိုချင်သော စစ်မှန်သော ပြည်ထောင်စု စနစ်ဖြစ်ပါသည် ။ ဤသည်ပင်လျှင် federal state စနစ်ဖြစ်ပါသည် ။ ဖက်ဒရယ်စတိတ် မူဝါဒ ဆိုသည်မှာ နိုင်ငံရေးပုရောဟိတ်အချို့ လိုရာဆွဲ အဓိပ္ပါယ် ဖွင့်ဆိုသကဲ့သို့ ပြည်နယ်တစ်ခုသည် ပြည်ထောင်စုမှ သီးခြားခွဲထွက်သွားခြင်းကို ဆိုလိုသည်မဟုတ်ပါ ။ ယူဂိုဆလား ဗီးယား ပြည်ထောင်စုမှ ပြည်နယ်များ ခွဲထွက်သွားပြီး သီးခြားနိုင်ငံများ အဖြစ်ထူထောင် ရပ်တည်ကြခြင်းမျိုးမဟုတ်ပါ ။ မိမိတို့ ပြည်နယ်တွင် မိမိတို့ ဓလေ့ထုံးတမ်းစဉ်လာများနှင့် ကိုက်ညီသော ဥပဒေ များကို ချမှတ်၍ မိမိတို့ကြမ္မာကို မိမိတို့ လွတ်လပ်စွာ ဖန်တီးနိုင်ခွင့်ကို ဆိုလိုပါသည် ။ မိမိတို့ ကြမ္မာ မိမိတို့ ဖန်တီးခွင့် ဆိုသည် မှာလည်း ၎င်းတို့ ပြည်နယ်မှ သယံဇာတ များ ၊သဘာဝပတ်ဝန်းကျင်များ ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို ၎င်းတို့ ဘာသာ လွတ်လပ်စွာ စီမံခန့်ခွဲလိုခြင်း ဟု ရှင်းလင်းစွာ နားလည်ကြရမည်ဖြစ်ပါသည် ။ ယနေ့ ပြည်ထောင်စု မြန်မာနိုင်ငံ တော် ဆိုသည် မှာ ပင်လုံစာချုပ် မှ စတင်သန္ဓေတည်ခဲ့ခြင်းဖြစ်သည် ။ မည်သည့်တိုင်းရင်းသားမျှ ပြည်ထောင်စု မှ ခွဲထွက် လိုသည်ဟု မပြောကြပါ ။မတောင်းဆိုကြပါ ။ ပြည်ထောင်စု ဟု အမည်ခံလျှက် ဗဟိုအစိုးရမှ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက် ၍ သော်လည်းကောင်း လွှမ်းမိုးသည်ကို မခံလိုကြခြင်းသာ ဖြစ်ပါသည် ။ ပြည်ထောင်စုအတွင် တိုင်းနှင့် ပြည်နယ် ၊ မခွဲခြား ဘဲ တန်းတူညီမျှ အခွင့်အရေးကို ရလိုကြခြင်းသာဖြစ်ပါသည် ။
ဤမျှဆိုလျှင် ယခင် တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော တိုက်ပွဲများသည် အခြေခံဥပဒေ ဆိုင်ရာ ပြဿနာ (Constitution Crisis) ဖြစ်သည် ဆိုသည်ကို ကောင်းစွာသိရှိနိုင်ပါသည် ။ ထိုသို့ အနာသိပြီဆိုပါက ကုသရန် ဆေးရှိပါ သည် ။ ယခု ကချင်တိုင်းရင်းသားများ နှင့်ဖြစ်ပွားနေသော စစ်ပွဲများကို အမြန်ဆုံးရပ်စဲ၍ စစ်မှန်သော ငြိမ်းချမ်းရေးကို ဖော် ဆောင်နိုင်ရန်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းထားသော အချက်များမှ မည်သည့် အချက်များအား ပြင် ဆင်ရန်လိုသည် ။ မည်သည့်အချက်များကို ဖြုတ်ပယ်ရမည် ၊ မည်သည့် အချက်များကို ထည့်သွင်းရမည် ၊ဆိုသည့် အချက် များ ကို တိုင်းရင်းသားများ (ကချင်ခေါင်းဆောင်များ) နှင့်တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်းပြင်ဆင်သွားရမည် ဖြစ်ပါသည် ။ ထိုသို့ လုပ်ဆောင်နိုင်ရန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို ကိုယ်စားပြုနိုင်သည့် ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး ကိုယ်စား လှယ် အဖွဲ့တွင် ပါဝင်စေ ရမည်ဖြစ်ပါသည် .။ ထိုသို့မပါဝင်ပါက ဦးအောင်မင်းကဲ့သို့ပင် နောက်တစ်ဖန် ဘယ်နေ့ဘယ်ရက် တွင်မှ ပြန်ဆွေးနွေး ကြပါမည် ဟု ရက်ချိန်းသတ်မှတ်၍ ပြန်လာရပါဦးမည်သာဖြစ်ပါသည် ။ (ထို့ကြောင့်ပင် ဖွဲ့စည်းပုံ အခြေခံခုံရုံးကို နှုတ်ထွက်ထားစေပြီး KIO နဲ့ ငြိမ်းချမ်းရေး ဘယ်လိုသွားဆွေးနွေးကြမှာလည်း ဟု စာရေးသူက မေးခွန်းထုတ်ခဲ့ခြင်းဖြစ်ပါသည် ။)
အချို့က စိုးရိမ်နေသည်မှာ သီးခြားလွတ်လပ်သော ပြည်နယ် (federal state) ခွင့်ပြုလျှင် လွတ်လပ်သော fede ral state army ကို ထူထောင်လာမည်ကို စိုးရိမ်ကြပါသည် ။ ပြည်နယ်များသည် ပြည်ထောင်စု နိုင်ငံတစ်ခုတွင် နိုင်ငံတော် ကာကွယ်ရေး အတွက် တစ်ခုတည်းသော တပ်မတော်သာ ရှိရမည်ဟူသော မူကိုလက်ခံကြရပါမည် ။ သို့သော် ပြည်နယ် အတွက် ပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို လွတ်လပ်စွာ ဖွဲ့စည်းနိုင်ခွင့်ရှိရပါမည် ။ ငြိမ်းချမ်းရေးအစစ်အမှန်ကို တည်ဆောက် နိုင်ချိန်တွင် ယခုလက်နက်စွဲကိုင်ထားကြသော တိုင်းရင်းသားများသည် မိမိတို့ပြည်နယ်တွင်းတရားဥပဒေစိုးမိုးရေး၊ပြည်နယ် တွင်းအေးချမ်းသာယာရေးတို့အတွက် ပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့အဖြစ်အသွင်ပြောင်းကြမည်ဖြစ်ပါသည် ။ ထို့အပြင် နယ်ခြား စောင့်တပ်များ ဖွဲ့စည်းရာတွင် ပြည်နယ်တပ်များ အဖြစ်ဖြင့် ပြည်ထောင်စု တပ်မတော်တွင် ပါ ၀င်ကြရမည် ဖြစ်ပါသည် ။ ဤအချက်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အကျေအလည်ထည့်သွင်း ဆွေးနွေးကြရပါမည် ။
ဤသည်မှာ ငြိမ်းချမ်းရေး အမှန်တကယ်လိုလားသူတို့လျောက်ကြရမည့်လမ်းဖြစ်ပါသည် ။ ငြိမ်းချမ်းရေးဆွေးနွေး သည်ဆိုသည်မှာ ဤမူ ဤဘောင်များဖြင့် ဆွေးနွေးမည်ဟု တစ်ဘက်ဘက်က ကြိုတင်သတ်မှတ်သွား၍ ရစကောင်းသည် မဟုတ်ပါ ။ နှစ်ဦး နှစ်ဘက်တွေ့ဆုံပြီးမှ ဤကိစ္စကို ဤသို့ဆွေးနွေးကြမည် စသည်ဖြင့် နှစ်ဦးနှစ်ဘက်လက်ခံနိုင်သော မူ ဘောင် များကို ချမှတ်ရပါသည် ။ သို့မှသာ ဆွေးနွေးမှုအသွင်သဏ္ဍာန်မှန်မည်ဖြစ်ပါသည် ။ ထို့အပြင် နှစ်ဘက်အဖွဲ့တိုင်း တွင် အပြည့်အ၀ဆုံးဖြတ်ပေးနိုင်သည့်ပုဂ္ဂိုလ်များပါဝင်လာရမည် ဖြစ်ပါသည် ။ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်ဆိုသည်မှာ ပြန်တိုင်ပင်ပါဦးမည်ဟု ခဏခဏထုတ်ပြောနေရလျှင် အလုပ်မဖြစ်ပါ ။ ထိုသို့ပြုခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တမင် နှောင့်နှေးကြန့်ကြာစေသည့် ရည်ရွယ်ချက်ဟု တစ်ဘက်ဘက်က ထင်မြင်ယူဆသွားလျှင် နောက်နောင် ထပ်မံ ဆွေးနွေး မှုများပြုလုပ်ရန် ခက်ခဲသွားစေပါလိမ့်မည် ။ ထိုအခါတွင် ရောဂါတစ်ခုကို အမြစ်ပြတ် မကုသဘဲ မြှင်း၍ ကုသ သဖြင့် ရောဂါပိုးက ဆေးနှင့်ယဉ်ပါးသွားခြင်းကဲ့သို့ နောက်တိုးပြဿနာများပေါ်ပေါက်လာပါလိမ့်မည် ။
ငြိမ်းချမ်းရေးဆိုသည်မှာ ပြည်သူပြည်သားတိုင်း ခုံမင်တောင့်တသော အရာဖြစ် ပါသည် ။ ငြိမ်းချမ်းခြင်းကို ဖော်ဆောင်နိုင်ခြင်းသည် အလွန်ပင် ကောင်းချီးနုမော် သာဓုခေါ်ထိုက်သော အမှုကိစ္စဖြစ်ပါသည် ။ ငြိမ်းချမ်းရေးသံတမန် (ငြိမ်းချမ်းမှုကို အမှန်တကယ်တည်ဆောက်ပေးနိုင်သောသံတမန်) ဟူသည်မှာလည်း အတိုင်းမသိ မွန်မြတ်သော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ပါသည် ။ အနှစ်နှစ်အလလက တောက်လောင်ခဲ့သော ပြည်တွင်းစစ်မီးကို အပြီးတိုင်ငြိမ်းပေးနိုင်သော ငြိမ်းချမ်းရေး သံတမန်ကောင်းများကို ပြည်သူလူထုက အမျှော်လင့်ကြီးမျှော်လင့်နေပါသည် ။ ကိုယ့်သွေးကိုယ့်သား ညီအကို မောင်နှမချင်း ရက်စက်စွာ သတ်ဖြတ်နေကြရသော အဓိပ္ပါယ်မဲ့ စစ်ပွဲများ အမြန်ဆုံး အဆုံးသတ်ရေးကိုလည်း အတောင့်တကြီး တောင့်တနေပါသည် ။
ဤအချိန်မျိုးတွင် မိမိတို့အား အပ်နှင်းထားသော အခွင့်အာဏာများကို မှန်ကန်စွာ အသုံးချလျှက် ပြည်သူတစ်ရပ်လုံး ရေဆာရေငတ်သလိုတောင့်တနေသော ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင် နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုပါသည် ။ အစိုးရဟူသည်မှာ တိုင်းသူပြည်သားကို ရင်ဝယ်သားကဲ့သို့ မှတ်ရမည် ဆိုသည့် စကား အတိုင်း ပြည်ထောင်စု အစိုးရအနေဖြင့် ပြည်နယ်အသီးသီး၏ လိုလားတောင့်တချက်များအား သေချာစွာ လေ့လာ ဆန်းစစ်လျှက် နှစ်ဦးနှစ်ဘက် လက်ခံနိုင်သော နည်းလမ်းများဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြပါစေကြောင်း ထပ်လောင်း ဆန္ဒပြုလိုက်ရပါသည် ။
ထင်လင်းဦး(Wisdom Villa)

“ ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ်တည်ဆောက်လိုကြလျှင် ”
Reviewed by သစ်ထူးလွင်
on
13:22
Rating:
9 comments:
ငြိမ်းချမ်းရေးဟုဆိုသောစကားစုသည်အပြောလွယ်သလောက်အလုတ်ခက်သောစကားစုဖြစ်ပါသည်၊နှစ်ဘက်စလုံးမှပြောနေကြသောအမှန်များကြားခံစားရသူမှာပြည်သူများပင်ဖြစ်နေသည်မှာတွေ့ နေကြမြင်ကွင်းပင်ဖြစ်ပါသည်၊သို့ သော်လည်းယနေ့ ချိန်ထိတိုင်ပြည်သူ့ အတွက်ဟုပင်နှစ်ဖက်ခေါင်းဆောင်များဆိုနေမြဲမှာဝမ်းနည်းဖွယ်မြင်တွေ့ နေရသောလုတ်ပုံလုတ်နည်းအဟောင်းကြီးဖြစ်နေဆဲပင်ယူဆမိပါသည်။
တိုင်းပြည် တစ်ဝှမ်း ဘေးမသမ်း အေးချမ်း ကြပါစေ။ ကိုယ့်တိုင်း ကိုယ်ပြည် မေတ္တာ တည် ယုံကြည် ပါရစေ ။ အဲဒါ က လောက ပါ လ ဓမ္မ ဒေသနာ ပေ ။
၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဖို့ဆိုတာ အငိုလွယ်သလောက် ရှိုက်ဖို့ခက်ဆိုသလို အစကနဦးရေးဆွဲစဉ်ကထဲက အလွယ်တကူပြင်မရအောင် အုပ်ချုပ်သူလူတန်းစားတွေကို အကာအကွယ်ပေးဖို့ တမင်ဖန်တီးထားရေးထားသလိုမျိုး ဖြစ်နေတာပါ နိုင်ငံတကာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံသားတဦးခြင်းစီရဲ့ အခြေခံရပိုင်ခွင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ ရေးဆွဲပြဌာန်းတာပါ အခု ၂၀၀၈ ဖွဲ့စည်းပုံနဲ့တော့ အတော်လေးကွာချားနေတာကို လူအတော်များများက သတိထားမိကြပါတယ် ဒါပေမဲ့ဒီအကြပ်အတည်းကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာကတော့ အတော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ် ဘာကြောင့်လဲဆိုတော့အတော့်ကိုခက်ခဲနက်နဲသိမ်မွေ့တဲ့ပုစ္ဆာတစ်ပုဒ်ဖြစ်နေလို့ပဲ ဝန်ကြီးဦးအောင်မင်း အပါအဝင်ငြိမးချမ်းရေးကိုလိုလားတဲ့ပုဂ္ဂိုလ်တွေမှာဖွဲ့စည်းပုံဆိုင်ရာအကြပ်အတည်းပြင် လုံလောက်တဲ့လုပ်ပိုင်ခွင့်အခွင့်အာဏာ ဟာလည်းပြည့်စုံလုံလောက်မှုမရှိပါဘူး ဒီတော့ဆွေနွေးပွဲတွေရဲ့အဖြေဟာ လက်တွေ့ကြကြ ထင်သလောက်မတိုးတက်ဘူးဆိုတာ အဆန်းတကြယ်ကိစ္စတော့မဟုတ်ပါဘူး ဒီတော့ ဒေါ်စု အပါဝင် လွှတ်တော်ကိုယ်စားလှယ်ကြီး တွေရဲ့ ပြည်သူလူထုတွေအပေါ် ထားတဲ့စေတနာ ကသာကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အခြင်းခြင်း သွေးချောင်းစီးသတ်ဖြတ်မှုတွေကို အချိန်တိုတိုအတွင်းမှာ ရပ်တန့်ပေးနိုင်မှာပါ အတိတ်ကဖြစ်ခဲ့တာတွေကို မေ့ထားပြီး ပစ္စုပ္ပန်မှာ အကောင်းဆုံးလက်တွဲပြီး အကောင်ထည်ဖော်နိုင်ခဲ့ကြမယ်ဆိုရင်တော့ ရာဇဝင်တွင်တဲ့ သူရဲကောင်းများအဖြစ် မော်ကွန်းတွင်ရာဇ်ကြမှာပါ
ဒီ post အတွက် level ညီတဲ့ အတိုက်အခံ post တခုလောက် တက်လာရင် အရမ်းကောင်းမယ် ရေးထားတဲ့ စာသားတွေ အဆင့်မြင့်တယ် လက်ခံဖို့ ဆိုရင် ကိုယ့်ကိုကိုယ် အဆင့်မြှင့်ဖို့ သေသေချာချာလေ့လာရအုံးမယ်
အဲဒါကြောင့် နှိုင်းယှဉ်စဉ်းစားကြည့်လို့ရမယ့် အတိုက်အခံ post တခုလောက်
တက်လာစေချင်တယ်
ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ရေး တွေနဲ့ ကိုယ်ပိုင်တိုင်းရင်းသားအာဏာရှင် သန်းကြွယ်သူဌေးကြီး တွေ ပေါ်လာမှာ စိုးရိမ်နေမိတယ်
စာရေးသူရေးတဲ့ထဲကအချို့အချက်တွေကိုလက်ခံနိုင်ပေမဲ့ရည်ရွယ်ချက်ကအစိုးရရဲ့ငြိမ်းချမ်းရေးဖေါ်ဆောင်နေတဲ့အချက်တွေကိုအပြစ်တင်လိုဇောများနေတာတွေ့ရပါတယ်၊ကေအိုင်အို/ကေအိုင်အေကရောငြိမ်းချမ်းရေးတစ်ကယ်လိုချင်တယ်ဆိုရင်လောလောဆယ်အပစ်အခတ်ရပ်စဲရေးကိုဘာလို့မလုပ်နိုင်တာလဲ၊ကချင်ပြည်နယ်မှာကချင်စစ်တပ်ထောင်ရင်တစ်ခြားတိုင်းရင်းသားတွေကိုရောထောင်ခွင့်ပေးမှာလား၊ဖွဲ့စည်းပုံဆိုတာတစ်ချိန်ချိန်လိုအပ်ချက်ပေါ်မူတည်ပြီးပြောင်းရမှာအမှန်ဆိုပေမဲ့ချက်ခြင်းကြီးပြောင်းဆိုတာကအခြေအနေကိုရှုတ်ထွေးအောင်ဖန်တီးနေတာမဟုတ်ဘူးလား၊တစ်ကယ်ပြည်သူမျက်နှာကြည့်မယ်ဆိုရင်အစိုးရကမ်းလှမ်းချက်ကိုမစဉ်းစားသင့်ဘူးလား၊အစိုးရကကေအိုင်အိုကိုမတိုက်နိုင်တော့လို့အလျော့ပေးတာလို့ယူဆနေတာလား၊ကေအိုင်အေရဲ့စစ်ဘုရင်ဝါဒကိုထောက်ခံချင်တဲ့သဘောလား၊စာရေးသူကိုယ်တိုင်ငြိမ်းချမ်းရေးကိုအကောင်အထည်ဖေါ်မယ်ဆိုရင်ဘယ်လိုလုပ်ဘို့စိတ်ကူးထားပါသလဲ၊ကေအိုင်အေရဲ့နောက်ခံသမိုင်းနဲ့ရည်ရွယ်ချက်ကိုကြည့်ရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဘို့အဓိကလား၊အဖွဲ့အစည်းအကျိုးအဓိကလား၊သူ့ကိုဘယ်သူကဘယ်လိုရည်ရွယ်ချက်နဲ့နောက်ကပံ့ပိုးနေသလဲ၊ဒါတွေကိုတိတိကျကျမဖေါ်ပြဘဲလုပ်နေသူတွေလုပ်နိုင်သမျှကြိုးစားမှုတွေကိုအကောင်းမမြင်ဘဲအပြစ်တင်ဝေဖန်နေတာဟာသဘောရိုးမဟုတ်ဘဲအမှောင့်ပယောဂပူးကပ်နေသလားစဉ်းစားစရာပါ၊ငြိမ်းချမ်းရေးကိုငြိမ်းငြိမ်းချမ်းချမ်းနေချင်တဲ့သူတိုင်းလိုလားပါတယ်၊စစ်သားတွေလည်းငြိမ်းချမ်းရေးကိုမြတ်နိုးပါတယ်၊ဘာကြောင့်ဆိုသူတို့ကအရင်အသက်ပေးလုပ်နေရတဲ့သူတွေမို့ပါ၊စစ်ကိုအရွံမုန်းဆုံးကစစ်သားတွေဘဲဆိုတာနားလည်ပေးပါ၊ပြီးရင်စစ်ပွဲကြားရောက်နေတဲ့ပြည်သူတွေပေါ့၊စစ်ဘုရင်ဝါဒကိုအားပေးနေရင်ငြိမ်းချမ်းရေးသမားလို့ကိုယ့်ကိုကိုယ်အမွှန်းမတင်စေချင်ပါဘူး၊ဘယ်သူ့ဘယ်သူအပြစ်ပြောမနေဘဲကိုယ်တိုင်ကောင်းအောင်အရင်လုပ်ပြပါလို့တိုက်တွန်းချင်ပါတယ်
ငြိမ်းချမ်းစေချင်ယင် တပ်မတော်လဲလက်နက်မပို့နဲမတက်နဲ့ ကေအိုင်အေလဲကိုယ့်ဟာကိုယ်နေ လွတ်တော်မှဆွေ့းနွေး မနက်ဖန်အေးပြီ
ကချင် ကို စစ်တပ်က မသွားရင် စစ်ဖြစ် စရာ မရှိဘူး။
ပြည်ပရန် ကာကွယ် စရာရှိ တာမှ မဟုတ်တာ။
တိုင်းရင်းသား သန်းကြွယ် သဌေး ဖြစ် မှာက နောက်။
အခု စစ် တိုင်းမှုး တွေချမ်းသာ နေပြီ လေ။ရဲဘော် ကနင်း
ပြား ဘဲ။ပြည်သူ က ဒုတ်ခ ပင်လယ်ဝေ နေပြီ လေ။
ကျနော် ကတော့ စာရေးသူရေးသားတဲ့အချက်တွေကိုထောက်ခံပါတယ်။ စစ်သားတွေလဲ ငြိမ်းချမ်းရေးလိုချင်တယ်ဆိုတာမှန်ပေမယ့်
အဲဒါတကယ် စစ်မြေပြင်ထဲရောက်နေတဲ့ စစ်သားတွေပါ။ထိုင်ခုံပေါ်ရောက်ရင်
တော့ လူတွေဟာပြောင်းလဲသွားကြပါတယ်။ယခုဦးသိန်းစိန် နှင့်တကွ သူ့ပါတီနောက်မှာ ကြိုးကိုင်သူရှိနေသေးတယ်ဆိုတာအရမ်းထင်ရှားပါတယ်။ KIO ရောစစ်တပ်ရောဘယ်သူမှ စစ်မတိုက်ချင်ပါဘူး။ဒီအကြပ်အတည်းမှာ ငြိမ်းချမ်းရေးကိုဖော်ဆောင်ဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ငြိမ်းချမ်းရေးကိုအမှန်တကယ်ဖော်ဆောင်နိုင်သူ ဟာဦးသိန်းစိန်ဘဲဖြစ်ဖြစ် အမေစုဘဲဖြစ်ဖြစ် ကျတော်တို့ နိုင်ငံရဲ့ Hero အသစ်တစ်ယောက်ဖြစ်လာမှာပါ။ ဒါပေမဲ့ အမေစု ဟာ အမတ်တစ်ယောက်သာဖြစ်သေးတဲ့အတွက် လုပ်ပိုင်ခွင့်ဘောင်အရမ်းကျဉ်းနေပါတယ်။
Post a Comment