ၾသစေၾတးလ် ဝန်ကြီးချုပ် Julia Gillard |
ဒီပြောဆိုဆွေးနွေးမှုတွေဟာ သြစတြေးလျဝန်ကြီးချုပ်တဦးနဲ့ မြန်မာသမ္မတ တဦးကြားမှာ နှစ်ပေါင်း သုံးဆယ်နီးပါးအတွင်း ပထမဆုံး ဆွေးနွေးမှုတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ အပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီး ဖြစ်ပေါ်နေတာကို သြစတြေးလျနိုင်ငံအနေနဲ့ စိုးရိမ်မိပါကြောင်း လောနိုင်ငံမှာကျင်းပတဲ့ ASEM ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်နေတဲ့ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂေးလပ်ဂ်က ပြောသွားပါတယ်။
မြန်မာအာဏာပိုင်တွေအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေအတွက် ချီးကျူးကြောင်း ပြော သွားတာပါ။ ၂၀၁၂ ခုနှစ်၊ ဧပြီလမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံက လွှတ်တော် ကြားဖြတ် ရွေးကောက် ပွဲတွေကို သြစတြေးလျ အစိုးရက ထောက်ခံခဲ့တာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် ၁၉၆၂ ခုနှစ်ကစလို့ ၂၀၁၁ ခုနှစ်အထိက မြန်မာနိုင်ငံကို စစ်အာဏာရှင်တွေ အုပ်ချုပ်နေခဲ့ တာပါ။ မြန်မာနိုင်ငံရဲ့ အခုလို ဒီမိုကရေစီနည်းကျ လွတ်လပ်မှုတွေ ဆက်ပြီးတော့ ထွန်းကားလာတာနဲ့အမျှ သြစတြေးလျ အစိုးရ အနေနဲ့လည်း ကုန်သွယ်ရေးအရံအတားတွေကို ဆက်ပြီးတော့ လျှော့ချပေးသွားမယ်၊ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးသွားမယ်လို့ ကတိပြုသွားခဲ့ပါတယ်။ သြစတြေးလျနိုင်ငံ အခြေစိုက် ဘားမား ကမ်ပိန်းအဖွဲ့က ဇက်တီ ဘရိတ်ကာကတော့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် မှုတွေ မြန်မြန်ဆန်ဆန် တိုးမြှင့်လုပ်ဆောင်မယ့်ကိစ္စကို သတိပေးနေတာပါ။
“တဘက်မှာကျတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ပါတယ်။ အခုထက် ပိုကောင်းအောင် လုပ်ဆောင်ဖို့ လိုပါတယ်လို့ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလပ်ဂ် က ပြောနေပါတယ်။ ဒါပေမဲ့ နောက်တဘက်မှာကျတော့ အဲဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အများဆုံးလုပ်ဆောင်နေတဲ့ မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်အောင်လုပ်ဖို့ ဆိုပြီး ပြောနေတာပါ။ ဒါကြောင့် စိုးရိမ်စရာရှိပါတယ်။”
သြစတြေးလျအစိုးရက အခုလိုမျိုး မြန်မာအစိုးရအပေါ် ပိုပြီးတော့ နွေးထွေးမှု ရှိလာတာကနေ အခု ကျန်ရှိနေသေးတဲ့ တားဆီး ပိတ်ဆို့မှုတွေအားလုံးကို ဖယ်ရှားပေးလိုက်တာမျိုး ဖြစ်သွားမှာကို မြန်မာ့ အရေးဆောင်ရွက်သူတွေအားလုံးက စိတ်ပူနေကြတာ ဖြစ်ပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ မြင်တွေ့နေရပေမဲ့လည်း လူနည်းစုတွေ အပေါ်မှာ မြန်မာစစ်တပ်က နှိပ်ကွပ်နေတာတွေကိ စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။ မစ္စ် ဘရိတ်ကာ ကပဲ-
“၂၀၁၁ ခုနှစ် မတ်လကတည်းကစပြီး တိုင်းရင်းသားဒေသတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ တိုးလာတာပဲ ရှိပါတယ်။ လျော့မသွားပါဘူး။ ဒါကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုအပိုင်းမှာ တကယ်စိုးရိမ်စရာ အနေအထားမှာ ရှိနေပါသေးတယ်။”
အာရှ-ပစိဖိတ်ဒေသရဲ့ အကြီးကျယ်ဆုံး နိုင်ငံပေါင်းစုံ စစ်ရေးလေ့ကျင့်မှုကို မြန်မာနိုင်ငံက လေ့လာသူ အဖြစ် တက်ရောက်မယ့် ကိစ္စကို ထောက်ခံပါကြောင်း အရင်လကပဲ အမေရိကန်ပြည်ထောင်စု က ပြောသွားပါတယ်။ အခုလို အမေရိကန်က ထောက်ခံ လိုက်တာဟာ မြန်မာနိုင်ငံမှာ သြဇာ အကြီးဆုံးနဲ့ အင်အား အခိုင်မာဆုံးဖြစ်တဲ့ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ အတွက် အရေး သိပ်ကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ စစ်ရေးလေ့လာ အကဲခတ်တချို့က ပြောပါတယ်။ ဒါပေမဲ့ လည်း မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာစစ်တပ်က တာဝန်ယူ ဖြေရှင်းတာမျိုး မရှိတဲ့အအပေါ်မှာ လူ့အခွင့်အရေး အဖွဲ့တွေက စိုးရိမ်ကြောင်း ပြောကြပါတယ်။ မြန်မာ့ ဒီမိုကရေစီလှုပ်ရှားဖို့အတွက် အထင်ရှားဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သြစတြေးလျနိုင်ငံကို လာဖို့ ဖိတ်ခေါ်သလိုပဲ သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာ ဂေးလပ်ဂ် က မြန်မာသမ္မတ ဦးသိန်းစိန်ကို သြစတြေးလျကို လာရောက်ဖို့ ဖိတ်ခေါ်သွားပါတယ်။
သြစတြေးလျနိုင်ငံဟာ မြန်မာနိုင်ငံကို ကူညီထောက်ပံ့မှုတွေ အများဆုံး ပေးနေတဲ့ နိုင်ငံဖြစ်ပြီး ၂၀၁၅ ခုနှစ် ကိုရောက်ရင် သြစတြေးလျရဲ့ ကူညီထောက်ပံ့မှုက ဒေါ်လာ သန်း ၁၀၀ အထိ နှစ်ဆ ဖြစ်သွားမှာ ပါ။ မြန်မာနိုင်ငံက လူဦးရေ သန်းခြောက်ဆယ်ရဲ့ သုံးပုံတပုံက ဆင်းရဲနွမ်းပါးမှုအောက် မှာ နေနေကြရ တာဖြစ်ပါတယ်ရှင်။
မအေးသန္တာကျော် (ဗွီအိုအေ မြန်မာဌာန)
သြစတြေးလျ-မြန်မာ စစ်ဘက် ဆက်ဆံရေး အလားအလာ ဝေဖန်ခံရ
Reviewed by သစ်ထူးလွင်
on
04:10
Rating:
8 comments:
မြန်မာနိုင်ငံမှာတကယ်ပဲ လူ့အခွင့်အေ၇းခှိုးဖောက်နေပြီလား။မြန်မာအရေး ပြည်သူ့အရေးအတွက်နိုင်ငံတကာမှာဒီမိုကရေစီအရေးလှုပ်ရှားသူအနေနဲ့ ဘယ်လိုအကူအညီလေးတွေများတောင်းခဲ့ပါသလဲ။ဘယ်အချိန်မှာမှတကယ့်ဒီမိုကရေစီကိုရမှာလဲ။ဘယ်သူအာဏာရရ နိုင်ငံတိုးတက်ဖို့၊ပြည်သူတွေတိုးတက်ဖို့ကအဓိကမဟုတ်ဘူးလား။ကိုယ့်နိုင်ငံပိုင်ကမ်းရိုးတန်းကိုခြေကုတ်ယူ။ကျူးကျော်။ကိုယ့်လူမျိုးကိုမတရားသတ်၊အမျိုးကောင်းသမီးတွေကိုယ်စော်ကား၊သတ်ဖြတ်၊အဲဒါ ဒီမိုကရေစီလား၊လူ့အခွင့်အရေးလား၊ကျူးကျော်စော်ကားမှု့လား၊သေသေချာချာစဉ်းစားကြည့်ကြပါဦး။နိုင်ငံတကာရှေ့မှာ မျက်နှာအောက်ချ။မာနတွေဘေးထားပြီး ကူညီကြပါ၊လာပြီးလေ့လာကြပါ၊စမ်းသပ်မှု့တွေထောက်ပံ့မှု့တွေပေးပါ။ကူညီပါပြောနေတာ လူ့အခွင့်အရေးချိုးဖေါက်နေတာလား။ပြည်သူတွေ တိုးတက်ဖို့အရေးကို မတရားဖိနှိပ် ပိတ်ဆို့နေတာလား။နိုင်င့တကာမှာခေါင်းမော့ ရင်ကော့ပြီး လူ့အခွင့်အရေးတွေချိုးဖေါက်နေပါတယ်။ပိတ်ဆို့မှု့တွေဆက်လုပ်ထားပါ။အကူအညီတွေမပေးကြပါနဲ့ဦး။စောင့်ကြည့်ကြပါဦး။ဆိုတာကကော ပြည်သူတွေတိုးတက်ဖို့အတွက်လား။ဘယ်အချိန်ကြမှကူညီရမှာလဲ။
ဆင်းရဲသားပပျောက်ရေးလုပ်ကြပါဦး
သူများနိုင်ငံမှာနေပြီးတော့ မဟုတ်တာတွေပြောနေတယ်.. ဒီလောက်ကောင်းစေချင်ရင် အရည်အချင်းရှိတယ်ဆိုရင် ကိုယ်တိုင်ခေါင်းဆောင်လာလုပ်.. သူများကိုတိုက်ခိုက်ပြောဆိုနေတာက နိုင်ငံရေးလုပ်တာမဟုတ်ဘူး ဝေဖန်ရေးလုပ်နေတာ ကိုယ်လဲ မလုပ်တတ်ပဲနဲ့ လုပ်တဲ့သူကို အကောင်းမမြင်ဘူး
သြစတြေးလျနိုင်ငံလိုမျိုးချစ်စိတ်ဓာတ်ရှိတဲ့ဝန်ကြီးချုပ်နဲ့ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်
တာထောက်ခံပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်ဆိုတာ ပဲပြောမယ် စောင့်ကြည့်ကြအုံး
မြန်မာနိုင်ငံကို ၀ိုင်းပယ်ထားကြအုံး မြန်မာတွေဟာ နိုင်ငံတကာမှာဝင်ဆန့်ဖို့
အဆင့်မရှိသေးဘူး ဒါတွေပြောပြီး အသက်မွေးဝမ်းကျောင်းလုပ်နေကြတာ
လူသန်း၆၀လောက်ကို နင်းထားပြီး ထမင်းစား နေကြတာနဲ့ အတူတူပဲ လူအခွင့်ရေး
ချိုးဖောက်တယ်ဆိုတာမှာ ချိုးဖောက်တဲ့သူ အချိုးဖောက်ခံရတဲ့သူ လူတန်းစား ၂ မျိုး
ရှိတယ် မြန်မာနိုင်ငံထဲမှာတောင် ပြည်မနဲ့ ဝေးကွာပြီး အဆက်အသွယ်ပြတ်တောက်
နေတဲ့ ဒေသတွေမှာ လူအခွင့်အရေးချိုးဖောက်ခံရတဲ့ လူတန်းစား ပိုများတယ်ဆိုတာ
သတင်းဖတ်တဲ့သူတိုင်းသိတယ် ကမ္ဘာကြီးနဲ့ ဝေးကွာအဆက်ပြတ်လေလေ လူ့အခွင့်ရေး
ချိုးဖောက်မှုတွေကို တုန့်ပြန်တွန်းလှန်နိုင်တဲ့ အရည်အသွေးရှိတဲ့ လူတန်းစား နည်းသွား
လေလေပဲ မြန်မာတွေကို ကမ္ဘာကြီးနဲ့ ဝေးကွာအဆက်ပြတ်အောင် လုပ်နေ တောင်းဆိုနေ
ကြတဲ့လူတွေဟာ ကမ္ဘာမှာ မြန်မာဆိုတဲ့နေရာကို လူအခွင့်ရေးချိုးဖောက်ဖို့ အကောင်းဆုံး
နေရာဒေသကြီးဖြစ်အောင် လုပ်နေကြတာနဲ့ အတူတူပဲ သမ္မတကိုယ်တိုင် နိုင်ငံတကာမှာ
အောက်ကျနောက်ကျခံပြီး မြန်မာကိုဝိုင်းပယ်မထားကြဖို့ အဆက်အဆံလုပ်ဖို့ အကူအညီ
ပေးကြဖို့ ကြိုးစားလုပ်ဆောင်နေချိန်မှာ ဒီအသံတွေနဲ့ လုပ်စားနေတာကိုရပ်သင့်ပြီ
အဲဒီအသံတွေဟာ မြန်မာကို ပိုကောင်းသွားစေခဲ့လား ပိုဆိုးသွားစေခဲ့လား အဖြေမှန်ရအောင်
နက်နက်နဲနဲ စဉ်းစားကြည့်ကြပါအုံးဗျာ
မှန်ပါတယ်။
အပြုသဘောပဲဆောင်ဆောင်ဆွေးနွေးမှုကိုကြိုဆိုပါတယ်
ဖြစ်လာခြင်းမဖြစ်လာခြင်းကရှေ့ဆက်ရမယ့်အကြောင်းပဲ
တိုင်းပြည်ရဲ့တိုးတတ်မှု့အတွက်ကောင်းသောလဏ္ခာလို့ပဲ
သုံးသပ်မိတယ်
နိုင်ငံတော်အစိုးရဟာတစ်ကယ်ကို မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲရေးကို
ဦးတည်နေတယ်လို့ မြင်ပါတယ်၊ လမ်းကြောင်းမှန်ပေါ်လျောက်နေတာပါ၊ ဒါပေမယ့် အတိုက်အခံတွေစွပ်စွဲသလို ပြည်တွင်းစစ် အလုံးစုံ ငြိမ်းချမ်းရေးမရသေးတာတွေ၊ လူ့အခွင့်အရေးချိုးဖေါက်တာတွေ ဆိုတဲ့ကိစ္စတွေဟာ အရင် စစ်အစိုးရရဲ့ အကြွင်းအကျန်ဒဏ်ရာ ဒဏ်ချက်တွေပါ၊ ဒါတွေကို အခုတည့်တည့်မတ်မတ်သွားနေတဲ့
အစိုးရအပေါ်နဲ့ တပ်မတော်အပေါ်ကိုချဉ်း ပုံမချသင့်ဘူး၊ အရင်လည်းဒီလူ အခုလည်းဒီလူဆိုပေမယ့်လည်း ယခင်အားနည်းချက် (အမှား) တွေကိုကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့ပြီး တကယ်မှားခဲ့မှန်း မကောင်းမှန်းသိလို့ စေတနာမှန်မှန်နဲ့ ပြန်ပြင်နေတဲ့သူက သာမန်လူကောင်းထက် ပိုပြီးအောင်မြင်နိုင်ပါတယ်၊ သူကအတွေ့အကြုံများတာကိုး၊ ဒေါ်စုလို မျိုးချစ်ပညာတတ် ပညာရှင်တွေ အတွေ့အကြုံရင့်ကျက်သူတွေကလည်း ခွင့်လွှတ်ပြီး စိတ်စေတနာကောင်းနဲ့ ၀ိုင်းပြီးကူညီနေကြတယ်ဆိုတော့ အတိုင်းအတာ တစ်ခုမှာ အရမ်းကောင်းသွားမှာပါ၊ အတိုင်းအတာတစ်ခုဆိုတာကလည်း ဘယ်လောက်ကြာမလဲမေးရင် ဘေးထိုင် ဘိုင်ကျ ဘုတောပြီး မစားရတဲ့အမဲ သဲနဲ့ဝိုင်းမပက်ကြဘူးဆိုရင် မြန်မယ်၊ အစိုးရက ဘာလုပ်လုပ် အပြုသဘောနဲ့မဟုတ်တဲ့ ဘေးကြပ်နံကြပ်ဖြစ်အောင် ၀ိုင်းအာကြတာတွေများရင် နဲနဲပိုကြာမှာပေါ့၊ နိုင်ငံတကာကကူညီမှ အစိုးရလည်း တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်အမြန်လုပ်နိုင်မှာပါ၊ ဒါ့ကြောင့် စီးပွါးရေးအရဘဲကူကူ၊ စစ်ရေးအရဘဲကူကူ နိုင်ငံတော်ကယူရမယ်၊ ပြီးမှ ကိုယ့်ပြည်တွင်းမှာ လိုအပ်တာတွေကိုပြန်ညှိယူကြပေါ့၊ ( ယခင်လို စစ်အစိုးရခေတ်မှမဟုတ်တာ၊ ဒီမိုကရေစီခေတ်လေ ) တပ်မတော်အားချိနဲ့ရင် ပြည်တွင်း စစ်ကဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်ဘူး၊ တပ်မတော်
အင်အားတောင့်တော့ ငြိမ်းချမ်းရေးမှာ ပိုပြီးအာမခံချက်ရှိတာပေါ့၊ ပြည်ပအတိုက်အခံ အချို့ ( အချို့သာ ) က မြန်မာနိုင်ငံတကယ်ဒီမိုကရေစီရသွားမှာ အမှန်တကယ်မလိုလားကြပါဘူး၊ သူတို့အခုလုပ်နေတဲ့ ဒီမိုကရေစီဘန်းပြ ထောက်ပံ့ကြေးစား အလုပ်လေးပြုတ်သွားမှာ စိုးရိမ်နေကြပါတယ်၊ မိမိတို့ ဆန္ဒတစ်ခုတည်းမကြည့်ဘဲ
ပြည်သူအားလုံးအတွက် ကြည့်မြင်နိုင်ကြပါစေ၊
Post a Comment