ရေဘေးပြီး သူကြီးဘေးပါ ခံနေကြရတဲ့ မီးလောင်ကျွန်းရွာ

        ကျွန်တော်တို့ ရေစကြိုမြို့နယ် မီးလောင်ကျွန်း ကျေးရွာတွင် အိမ်ခြေ ၃၀၀နှင့် လူဦးရေ ၁၅၀၀ခန့် နေကြပါသည်။ လွန်ခဲ့သည့် ငါးနှစ်ခန့် ကထဲက ရွာမြောက်ဘက်က ချောင်းကမ်းပါးတွေ ရေတိုက်စား သွားခဲ့ရာ အိမ်ထောင်စုထက်ဝက်ကျော်မှာ ချောင်းတစ်ဘက် ရှိ ယာမြေပြင်သို့ ပြောင်းရွှေ့ နေထိုင် ကြရပါသည်။ သည်ရွာကိုယခု အခါအုပ်ချုပ် နေသူမှာ ဦးသောင်းဌေးဆိုသူ ဖြစ်ပါသည်။ သူသည်မြို့နယ် အာဏာပိုင်များကို ငွေပစ်ပေးပြီး သူကြီးရာထူးရယူ ထားသူဖြစ်ရာ ကျေးရွာပိုင် ကျွန်းမြေနုများကို သူ့အမွေပိုင် မြေယာများအလား ရောင်းစားခြင်း၊ လေလံပစ်ခြင်းတို့ကို နှစ်စဉ်ပြုလုပ်နေခဲ့ပါသည်။ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂ခုသုံးနှစ်စာ ကျွန်းမြေနု လေလံတင် ရောင်းချရငွေမှာ ကျပ်သိန်းလေး ဆယ်ခန့်ရှိခဲ့ပါသည်။

    ၂၀၁၀ခုနှစ်က ယခင်ဥက္ကဋ္ဌ ဦးအောင်မိုးဆွေထံမှလွှဲပြောင်းရယူငွေနှင့်ဖြုံဘူးရွာမှသီးသန့်ကမ်းပါးပြို လှူဒါန်း ငွေတို့လည်းကျပ် ၂၁ သိန်းရှိခဲ့ပါသည်။ထိုပြင် ကျေးရွာမီးလင်းရေးအတွက် စုပေါင်းဝယ်ယူထားခဲ့ကြသော တရုပ်နီ အင်ဂျင်(မြင်းကောင်ရေ၃၀၊)နှင့်၂၀ကီလို ဒိုင်နမို၊လမ်းမီးတိုင် ၅၀၊နှင်မီးကြိုးများပိုင် လျှပ်စစ်မီးစက်ကြိုးများကိုလည်း အများဆန္ဒမပါဘဲ ရောင်းချထားခဲ့ပါသည်။ယင်းငွေတို့ကို စာရင်းရှင်းတင်ပြခြင်း၊အခြားဖွဲ့ဖြိုးရေးလုပ်ငန်းများ အတွက် သုံးစွဲခြင်း၊၊ ဘဏ်သို့လည်းအပ်နှံထားခြင်းမရှိဘဲနှင့် သူ့သဘောအတိုင်း ကိုင်စွဲအသုံးပြုနေပါသည်။

        ယင်းတို့ကိုကျေးရွာအကျိုးအတွက်ဟုဆိုကာတင်ပြပြောဆိုသော် သူက လူကြီးတစ်ယောက်၏ဂုဏ်နှင့် မတန်မရာသော ရိုင်းပြစွာဆဲဆိုခြင်း၊ ဓားလှံလက်နက်များဖြင့် ရွာထဲတွင် နောက်ပါလူတစ်စုဖြင့် မကြာခဏကြိမ်းမောင်း စိန်ခေါ်နေခြင်း စသည်များပြုလုပ်နေပါသည်။

        သူ့အကြောင်းကို ရေစကြိုအုပ်ချုပ်ရေးမှူးရုံးသို့တိုင်ပါသော်လည်းမအောင်ရာခဲ့ပါ။ ၈၈/မျိုးဆက် ကိုမင်းကိုနိုင်တို့ ရေစကြိုလာသွားစဉ်ကလည်း တင်ပြအကူညီတောင်းခံခဲ့ပါသေးသည်။သို့သော်လည်း သူသည်ကဲသ ထက်ကဲလို့သာနေပါသည်။အထူးသဖြင့် သူနှင့် သားဖြစ်သူ ကိုအောင်မျိုးထွန်းတို့မှာ ဆေးထိုးအပ်ကိုင်ကာ ရွာလူထုကို ဆေးဝါးကုသပေးနေရသည်ဟူသော ဂုဏ်ပုဒ်ဖြင့် အထက်စီးကပြောဆိုပြုမူနေခြင်းလည်းဖြစ်ပါသည်။ ထိုသို့ရမ်းကုလုပ် စီးပွားရှာနေသည်ကိုလည်း သက်ဆိုင်ရာရဲကင်းများဖြင့်ပေါင်းသင်းထားပြီးဖြစ်သဖြင့် မည်သူမျှ မပြောဆိုရဲကြပါ။

        သို့ဖြစ်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အသစ်လည်းလှယ် ရွေးချယ်မပေးမီပင် ကျုပ်တို့ မီးလောင်ကျွန်းမှာ ဦသောင်းဌေးကို ပြောင်းပေးစေလိုကြောင်း သက်ဆိုင်ရာများသို့ တင်ပြလိုက်ပါသည်။    ။

            မီးလောင်ကျွန်းသားတစ်စု

ရေဘေးပြီး သူကြီးဘေးပါ ခံနေကြရတဲ့ မီးလောင်ကျွန်းရွာ ရေဘေးပြီး သူကြီးဘေးပါ ခံနေကြရတဲ့ မီးလောင်ကျွန်းရွာ Reviewed by သစ်ထူးလွင် on 00:35 Rating: 5

No comments:

Powered by Blogger.