အစိုးရဌာနများအတွင်းက မိုးကျရွှေကိုယ်များ

“အရပ်ဘက် အစိုးရဌာန များအတွင်း မိုးကျရွှေကိုယ် တပ်မတော် အရာရှိများ ၀င်ရောက် တာဝန် ထမ်းဆောင်ခြင်းက လုပ်သက်ရှိ အရပ်သား ၀န်ထမ်းတို့အား မျှော်လင့်ချက် ကင်းမဲ့စေ”

အရပ်သား အစိုးရ လက်ထက်တွင် နိုင်ငံအတွင်း အပြောင်းအလဲ များစွာ ဖြစ်ပေါ် တိုးတက် ခဲ့သော်လည်း အစိုးရ ဌာနများ အတွင်း လူမှန်၊နေရာမှန် မရှိခြင်းက အောက်ခြေ အဆင့်ပါ လိုက်လျော ညီထွေ ပြုပြင်ပြောင်းလဲမှုဖြစ်လာစေရန် အဟန့်အတား တစ်ခုဖြစ်ကြောင်း အစိုးရဌာနများ၌ တာဝန် ထမ်းဆောင်ခဲ့သူ အရာရှိများနှင့် ပညာရှင်တို့က သုံးသပ်သည်။

သူတို့အခေါ် လေထီးတပ်သား (သို့မဟုတ်) မိုးကျရွှေကိုယ်များဟု လူသိများသည့် တပ်မတော်မှ ပြောင်းရွှေ့လာသည့် လုပ်ငန်းမကျွမ်းကျင်သူများအား ရာထူးကြီးကြီးပေးကာ   ဌာနအတွင်းရှိ  ကျွမ်းကျင်သူများအထက်တွင် ထားရှိစေခြင်းသည် အဆိုပါဝန်ထမ်းများအတွက် အနာဂတ်မျှော်လင့်ချက် ပျောက်သွားကာ လုပ်ချင်ကိုင်ချင်စိတ်များ ကုန်ခန်းစေသည့် အချက်များအနက် တစ်ခုဖြစ်ကြောင်း အငြိမ်းစားနှင့် လက်ရှိလုပ်ကိုင်နေသည့်  ဌာနဆိုင်ရာဝန်ထမ်းများက ပြောကြားသည်။

“အဲဒီစနစ်ကတော့ အလွန်ကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ။ တိုင်းပြည်ကို ဘယ်လိုမှ အကျိုးမရှိတဲ့ကိစ္စပဲ” ဟု ကြားဖြတ်နေရာပေးသည့် စနစ်အပေါ် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတွင် ၄၅ နှစ်ခန့် လုပ်ကိုင်ခဲ့ပြီး အငြိမ်းစားယူခဲ့သူ ဒေါက်တာထွန်းလွင် ကပြောသည်။

ဌာနဆိုင်ရာမှ အရာရှိရာထူးများ ခန့်အပ်ပါက နိုင်ငံတော် ပြန်တမ်းများမှတစ်ဆင့် ထုတ်ပြန်ချက်များ ထုတ်ပြန်လေ့ရှိသည်။ 

ယင်းပြန်တမ်းများအရ ၂၀၁၀ ခုနှစ်အတွင်း ဒုတိယလက်ထောက် ညွှန်ကြားရေးမှူးမှ ညွှန်ကြားရေး မှူးချုပ်အထိ ရာထူးနေရာများတွင် အပြောင်းအလဲ ၂၀၀ ခန့် ဖြစ်ခဲ့ရာ ယင်းတို့ အနက်မှ ဆယ်ရာခိုင်နှုန်း ခန့်ဖြစ်သော နေရာ ၁၉ နေရာခန့်မှာ တပ်မတော်ဘက်မှ ပြောင်းရွှေ့ တာဝန်ပေးခံရ သူများဖြစ်သည်။

၂၀၁၁ ခုနှစ် ပြန်တမ်းများ၏ ဖော်ပြချက်တွင်မူ ရာထူး နေရာ ၃၀ ခန့်အထိ တပ်မတော်ဘက်မှအရာရှိများ ပြောင်းလဲကာ အဆိုပါ
ရာထူးနေရာများတွင် ခန့်ထားခဲ့ကြောင်း တွေ့ရှိရသည်။ အခြားအဆင့် ရာထူးအပြောင်းအရွှေ့များ ထည့်တွက်မည်ဆိုပါက အရေအ
တွက်မှာ ယခုထက် ပိုများလာနိုင်သည်။  ပြောင်းလဲတာဝန်ပေးသည့်  နေရာများမှာ ပြည်ထဲရေးဝန်ကြီးဌာနကဲ့သို့ ၀န်ကြီးဌာနများ ပါဝင်သကဲ့သို့ သမ၀ါယမ၀န်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနစသည်တို့လည်း ပါဝင်သည်။

 အစိုးရအဖွဲ့အတွင်းတွင် စက်တင်ဘာလက ပြည်ထောင်စုအဆင့် ၀န်ကြီးနေရာများတွင် ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့ပြီး ယင်းပြောင်းလဲမှုတွင် အရပ်ဘက် မှ ကျွမ်းကျင်သူအချို့ ပါဝင်လာ သောကြောင့် စောင့်ကြည့်လေ့ လာသူအချို့က အဆိုပါအပြောင်း အလဲကို အကောင်းမြင်ကြိုဆိုခဲ့ ကြသည်။

နိုင်ငံတော်သမ္မတအဖြစ် ဦးသိန်းစိန်တာဝန်ယူပြီးနောက်ပိုင်းတွင် တိုင်းပြည်တွင် အံ့အားသင့်ဖွယ်ပြောင်းလဲမှုများကို လုပ်ဆောင်
ပြခဲ့သည်။ နိုင်ငံတော်သမ္မတသည် သူကိုယ်တိုင်အပြောင်းအလဲများ ကို ဦးဆောင်နေသလို သူ၏ ၀န်ထမ်းများအားလည်း အပြောင်းအလဲနောက် လိုက်ပါလာကြရန် အကြိမ်ကြိမ် သတိပေးထားသည်။ တိုးတက်လိုတဲ့ အမြင်မရှိတဲ့ရှေး ရိုးစွဲများ၊ ခေတ်နောက်ပြန်ဆွဲ သူများကို ချန်ထားခဲ့မည်ဟု သတိပေးခဲ့သည်။  ၎င်းအပြင် လုပ်နည်းလုပ်ဟန်တွေ၊ ကြိုးနီစနစ်တွေ ဆက်လက် လက်စွဲကိုင်ထားသူများ၊   တာဝန်သိမှု၊  တာဝန်ယူမှုကင်းမဲ့ပြီး အဂတိလိုက်စားမှုများကိုလည်း ထိရောက်စွာ ကိုင်တွယ်သွားမည်ဖြစ်ကြောင်းလည်း တိုင်းပြည်ကို ကတိပေးခဲ့သည်။

အဆိုပါ ကြားဖြတ်စနစ်အပေါ် နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကိုယ် တိုင် ယခုနှစ် မေလ ၁၃ ရက်က
ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ထောက်ပြပြောဆိုခဲ့သေးသည်။

ဒုသမ္မတက “သာမန်အားဖြင့်အောက်ခြေမှ တက်လာသော ၀န်ထမ်းများအနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုတွင် ပြောရန်မရှိသော်လည်း
ကြားမှဖြတ်ဝင်လာသော ပုဂိုလ်များရှိလာပါက မူလ၀န် ထမ်းများ စိတ်ဓာတ်ကျဆင်းစေ နိုင်ကြောင်း၊ ၎င်းအပြင် ၀န်ကြီးဌာန၏ လုပ်ငန်းလည်း အထိုက်အလျောက်   ကျဆင်းသွားနိုင်ကြောင်း...”ပြောကြားသည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ရေးသားထားသည်။ သို့သော်လည်း ကြားဖြတ်ရွှေ့ပြောင်း နေရာပေးမှုများမှာ ရှိနေဆဲဖြစ်သည်။

တပ်မတော်ဘက်မှ ပြောင်း ရွှေ့လာသူတို့သည် စီမံအုပ်ချုပ် ရေးဘက်တွင် သက်ဆိုင်ရာဌာနများ၌ ထူးချွန်ကြသော်လည်း နှစ်ပေါင်းများစွာ လုပ်ကိုင်လာခြင်း မဟုတ်သည့် လုပ်ငန်းများတွင် ဦးစီးရသောအခါ လုပ်ငန်းခွင်အခက်အခဲများနှင့်  ကြုံတွေ့ရလျက်ရှိသည်။

 ကြားဖြတ်ဝင် ရောက်နေရာယူသူများသည် ပညာရှင်များကို တန်ဖိုးထားတတ်သူ၊ အောက်ခြေမှ ကျွမ်းကျင်ဝန်ထမ်းများ၏လုပ်ငန်းအပေါ် နားလည်မှု ရှိသူဖြစ်ပါက ဌာနတွင်းလုပ်ငန်း များတွင် အောင်မြင်မှုများ ရရှိသော်လည်း၎င်းနှင့်ဆန့်ကျင်ဘက် ဖြစ်ပါက ၀န်ထမ်းများ လုပ်ငန်းခွင် အတွင်း အားစိုက်မှုလျော့သွား လေ့ရှိကြောင်း ဒေါက်တာထွန်းလွင်ကပြောသည်။ မျှော်လင့်ချက် မရှိသော ဘ၀အတွက် ကြိုးစား အားထုတ်မှုမရှိတော့ကြောင်း ၎င်းကပြောသည်။

“အောက်ကလူတွေက ဘယ် လိုခံစားရလဲဆိုရင် တစ်သက်လုံး မျှော်လင့်ထားတဲ့ ရာထူးရာခံအ တန်းအစားကို မရနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အကုန်လုံးအ ပေါ်စီးနေရာမှန်သမျှ တပ်ကသူ တွေချည်းပဲ”ဟု စိုက်ပျိုးရေးပညာ ရှင် ဒေါက်တာထွန်းဝင်းက ပြောသည်။

“အဓိကကတော့ လူမှန်နေ ရာမှန် မဟုတ်တဲ့အတွက် အစိုးရ ၀န်ထမ်းတွေ အကျင့်ပျက်တာတို့၊  စိတ်ဓာတ်ကျတာတို့၊ အလုပ်မလုပ်တာတို့ ဖြစ်လာတာ။ အကျိုး ဆက်က အဲဒါပဲ” ဟု အစိုးရ၀န်ထမ်းအဖြစ် နှစ်ပေါင်း ၄၀ နီးပါးတာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခုအချိန်တွင် ကမ္ဘောဇဘဏ်၏ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူ ဦးသန်းလွင်ကပြောသည်။

“သူတို့လည်း ဒုက္ခရောက်တယ်။ တာဝန်ပေးလို့သာ လာလုပ်နေရတာ။ သူတို့လည်း မလုပ်တတ် မကိုင်တတ်နဲ့ဆိုတော့ သူတို့ လည်း စိတ်ညစ်တာပဲ။ အောက်က ၀န်ထမ်းလည်းပဲ စိတ်ညစ်တာပဲ” ဟု ၎င်းကပြောသည်။

မိုးကျရွှေကိုယ်အချို့၏ ဌာနတွင်း အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုများကလည်း အစိုးရ၀န်ထမ်းများအတွက် ဒုက္ခတစ်ရပ်ဖြစ်သည်။
ပုဂ္ဂိုလ်ရေးအလေးပေးသည့် အဆိုပါစနစ်ကြောင့် ၀န်ထမ်းများမှာ အလုပ်ကြိုးစားလုပ်ကိုင်ခြင်းဖြင့်ရာထူး၊ လစာတိုးမြှင့် ခံစားရမည် မဟုတ်သောကြောင့် အထက်လူကြီးအကြိုက်များသာ  လုပ်ဆောင်လာကြကြောင်း  အငြိမ်းစားဝန်ထမ်းများကပြောသည်။

“ဘာမှမတတ်ဘဲ လူကြီးက ခန့်လိုက်လို့ နေရာရရင် လူကြီးငြိုငြင်မှာကို သေမလောက်ကြောက်တယ်။ လူကြီးငြိုငြင်တာဟာ သူ့ ဘ၀ရဲ့အဆုံးအဖြတ်ပဲ။ဒါကြောင့်လူကြီးမငြိုငြင်အောင် အကုန်လုပ်တယ်” ဟု ဒေါက်တာထွန်းလွင်က ပြောသည်။ အစိုးရ တစ်ခုလုံးကို ဦးဆောင်နေသည့် နိုင်ငံတော်သမ္မတက “မိဘပြည်သူများ”ဆိုသည့် အသုံးအနှုန်းကို တန်ဖိုးထားသုံး စွဲနေချိန်တွင် အောက်ခြေ၀န်ထမ်း အချို့က ပြည်သူလူထုအား သားသမီး၊ လက်အောက်ငယ်သားကဲ့သို့ ဆက်ဆံနေဆဲဖြစ်သည်။ ရှေးကကျင့်သုံးလာသည့် နည်းဟောင်းများကို ယခုချိန်ထိ စွဲမြဲစွာဖက် တွယ်ထားဆဲဖြစ်သည်။ အမှန်တရားနှင့် ပြောင်းလဲတိုးတက်မှုထက် အထက်အရာရှိ၏ ငြိုငြင်မခံရရေးကို ဦးစားပေးနေဆဲဖြစ်သည်။

ဌာနအတွင်း တက်လမ်းမရှိခြင်း၊ အနာဂတ်မျှော်လင့်ချက်မဲ့ နေခြင်း၊ လုပ်ကိုင်ခွင့် ကန့်သတ်ခြင်းတို့ကြောင့် ၀န်ထမ်းများအတွက် ဦးတည်ရာမှာ ငွေရပေါက် ရလမ်းရှာခြင်းပင်ဖြစ်သည်။
    
အဂတိလိုက်စားမှုဟာအောက်ခြေအဆင့်ဆင့်မှာ နေရာတိုင်းလိုလိုရှိနေသေးသည်ဟု နိုင်ငံတော် သမ္မတကိုယ်တိုင် ထုတ်ဖော်ပြော ဆိုခဲ့သည်။ မိန့်ခွန်းတစ်ခုတွင် နိုင်ငံတော်သမ္မတက အဂတိလိုက်စားမှုကို “အမျိုးသားရေး စိန်ခေါ်မှုကြီး”ဟုပင်  တင်စားသွားပြီး ဘက်စုံ
နည်းလမ်းတွေသုံးကာ အရေးယူ ဆောင်ရွက်နေသည်ဟုဆိုသည်။

ဝန်ထမ်းများအတွက် လူမှန်နေရာမှန် မဖြစ်မှုများကလည်း အဂတိလိုက်စားမှုများကို အားပေးသကဲ့သို့ ဖြစ်နေခဲ့သည်။ အောက်ခြေ၀န်ထမ်းများ၏ လုပ်ငန်းအပေါ် တာဝန်ယူမှု၊ စွမ်း ဆောင်ရည်မြင့်မှုစသည်တို့ကို အသိအမှတ်ပြုပေးခြင်း၊ ရသင့်ရ ထိုက်သော ခံစားခွင့်များကို ထူးချွန်မှုအလိုက် တရားမျှတစွာ ပေးခြင်းတို့သည် လက်ရှိဖြစ်နေသည့် “မလုပ်၊ မရှုပ်၊ မပြုတ်”ကိစ္စများကို ဖြေရှင်းနိုင်သည့်နည်းလမ်းကောင်း များဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန သံလျင်လူငယ်သင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ် (ငြိမ်း) ဦးကြီးမြင့်ကပြောသည်။

အစိုးရ၀န်ထမ်း အရေအတွက်သည် နှစ်သန်းခန့်ရှိပြီး အဆိုပါအရေအတွက်မှာ တစ်နိုင်ငံလုံးလူဦးရေ၏ ၃ ဒသမ ၃ ရာခိုင်နှုန်းခန့်ဖြစ်သည်။ ၀န်ထမ်းများလစာတိုးပေးရေး ဆွေးနွေးမှုများကြောင့်ကုန်ဈေးနှုန်းများ ရုတ်တရက်တက်လာလေ့ရှိသဖြင့် အစိုးရသစ်အနေဖြင့် လစာတိုးမြှင့်ပေး လိုက်သောကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအကျိုးဆက်ကို အစိုးရ၀န်ထမ်း မဟုတ်သော ကျန် ၅၈ သန်းသော ပြည်သူများ ကြုံတွေ့ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက တာဝန်ထမ်းဆောင်မှုတစ်နှစ်ပြည့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဝန်ထမ်းများတွင် ဖြစ်ပေါ်နေသည့် နေရာနှင့် အပိုဝင်ငွေရမှ လုပ်ချင်ကိုင်ချင်ဖြစ်နေသည့် စိတ်ဓာတ်များကို ပြုပြင်ရမည်ဖြစ် ကြောင်း၊ အဆိုပါပြဿနာ ဖြေရှင်းနိုင်ရန် အတွက် ၀န်ထမ်းများအား လစာတိုးပေးခြင်းအပြင် စိတ်ဓာတ်မြှင့်တင်ခြင်းလုပ်ငန်းများလည်း
ဆောင်ရွက်ရမည်ဖြစ်ကြောင်း လူ့စွမ်းအား အရင်းအ မြစ် တိုးတက်ရေးအတွက် ဟော ပြောပို့ချပွဲများ လုပ်ဆောင်နေသူ ပါမောက္ခဒေါက်တာအောင်ထွန်း သက်ကပြောသည်။

“တာဝန်ကျေရမယ်ဆိုတဲ့ စိတ်၊ အများအတွက် ဆောင်ရွက်ရမယ်ဆိုတဲ့စိတ်တွေ ၀န်ထမ်းတွေမှာ ရှိဖို့လည်း အရေးကြီးတယ်။ အဲဒီတော့ အစိုးရအနေနဲ့ရော မီဒီယာကရော ပြောပေးဖို့လိုလာပြီ။ နိုင်ငံ့ဝန်ထမ်းဆိုတာ အခွင့်အရေးလိုချင်လို့လုပ်တာ မဟုတ်ဘူး။ Servant ဆိုတဲ့စကားအတိုင်း အလုပ်အကျွေးပြု တယ်ဆိုတာကို ၀န် ထမ်းတွေကို လေ့ကျင့်သင်ကြား ထားဖို့ လိုအပ်တယ်”ဟု ဒေါက်
တာအောင်ထွန်းသက်က ဆက်ပြောသည်။

အများပြည်သူနှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံနေရသော ၀န်ထမ်းများသည် အများပြည်သူအား ၀န်ဆောင်မှုပေးနေသည်ဆိုသည့် အသိ ကာလကြာမြင့်စွာပျောက် ဆုံးနေခဲ့ခြင်းများသည်  အစိုးရ ယန္တရား ဟန်ချက်ညီညီ လည်ပတ်ရေးအတွက် အနှောင့်အယှက် တစ်မျိုးလည်း ဖြစ်ပေသည်။ နှစ် ပေါင်းများစွာ ကျဆင်းနေသော အစိုးရ၀န်ထမ်းများ၏ စွမ်းဆောင် ရည်များကို ပြန်လည်တိုးတက် ကောင်းမွန်လာရေး အတွက် လူမှန်နေရာမှန်ဖြစ်ရေးသည် အသက်တမျှအရေးပါလှသည်။

ဝေဖန်သူများအနေဖြင့် ၀န်ထမ်းများအား ပြစ်တင်နေမှုများ သာများပြားပြီး ၀န်ထမ်းများ ကြုံ တွေ့နေရသည့် အခက်အခဲများ ကိုမူ ဂရုမပြုကြကြောင်း အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဆယ်စုနှစ်တစ်ခုနီးပါး လုပ်ကိုင်ခဲ့ ပြီး အနားယူခဲ့သူ အသက် ၄၀ နှစ် အရွယ် အငြိမ်းစားဝန်ထမ်းတစ်ဦးကပြောသည်။

“၀န်ထမ်းတွေ ဆက်ဆံရေး မကောင်းတာ၊ ပိုက်ဆံယူတာပဲ လူတွေက ပြောကြတယ်။ ဘာ ကြောင့် ဒီလိုဖြစ်တာလဲဆိုတာ တော့ ဘယ်သူမှ စိတ်မ၀င်စားကြဘူး” ဟု ၎င်းကပြောသည်။

တိုင်းပြည်တွင် လူမှန်နေရာ မှန် မဟုတ်ခဲ့သောကြောင့် နှစ်ပေါင်း ၅၀ ကျော် တိုင်းပြည်အထိနာခဲ့သည်ဟု ဒေါက်တာထွန်းဝင်းကပြောသည်။

လူမှန်နေရာမှန်မရှိပါကနောင်နှစ် ၅၀၊ ၁၀၀ ကြာလျှင်လည်း ယခုလိုပင်ဆက်ဖြစ်နေဦးမည်ဟု ၎င်းကဆက်လက်သုံးသပ်ခဲ့သည်။

7Day News Journal
အတွဲ (၁၁)၊ အမှတ်(၃၃)
ထွန်းခိုင်ရေးသား၍ မြတ်စုမွန်၊ အိဖြူမွန်၊ ၀တ်ရည်အောင် အားဖြည့်သည်


အစိုးရဌာနများအတွင်းက မိုးကျရွှေကိုယ်များ အစိုးရဌာနများအတွင်းက မိုးကျရွှေကိုယ်များ Reviewed by သစ်ထူးလွင် on 10:46 Rating: 5

15 comments:

Unknown said...

ရားထူးနေရာကြားဖြတ်ဝင်သူကတစ်မျိုး အထက်ဖားအောက်ဖိတွေကတစ်မျိုး မိသားစုစားဝတ်နေရေး လူတန်းစေ့နေနိုင်ရေးကတစ်မျိုးနဲ့ ဝန်ထမ်းလုပ်ရတာကြာတော့စိတ်ညစ်ရတာပေါ့။ဝန်ထမ်းတွေအတွက်ဒီမိုကရေစီ မရသေးတာတော့သေချာတယ်။

Maymyochit said...

မိုးကျရွှေကိုယ်များ(သို့မဟုတ်)လေထီးတပ်သားမျာဟာရာထူးကြီးကြီးထဲရောက်လာရင်
အနောက်ကအမျှင်တန်းအတွဲလိုက်အတန်းလိုက်ပါလာတတ်ကြတော့အပြောင်းအလဲတွေ
မကြာခဏဆိုသလိုဖြစ်ပေါ်လေ့ရှိပါတယ် အဲဒီတော့အလုပ်ကိုစေတနာအရင်းခံပြီးကြိုးစား
အားထုတ်တဲ့သူတွေအတွတ်စိတ်ဓာတ်ရေးရာတွေထိခိုက်ကျဆင်းနေကြရပါတယ်
ဒါလေးတွေကိုလူကြီးများသိဖို့လိုပါတယ် ထူးချွန်မှုအလိုက်တရားမျှတစွာဆောင်ရွက်ပေး
သင့်ပါတယ်။

Unknown said...

တပ်မ တော်သားတွေထဲမှာလည်း လူတော်လူကောင်းတွေ မရှိတော့ဘူးလား၊ စာရေးသူရဲ့အ ရေးအသားက မျှတဖို့ပဲလိုပါတယ်၊ တစ်ချို့သော ပညာရပ်ပိုင်းဆိုင် ရာများက တော ကြာ့း ဖြတ်နဲ့ မအပ်စပ်ပါ၊ လိုက်နာဆောင် ရွက် မှုနဲ့လေ့လာသင်ယူမှုသာအဓိကပါ၊ သိတတ်ပြီးသုံးမရတာ တွေလည်းရှိတတ်တာကြောင့် နဲနဲသိပြီးခိုင်းလို့ရတဲ့သူတွေ ကြားဖြတ်ဝင် လာကြတာဖြစ်ပါလိမ့်မယ်

Anonymous said...

စိုက်ပျိုးရေးကဆရာတစ်ယောက်ရဲ့စကားခဏငှားပြောရရင်

အဲ့ဒီလူပေါင်းပင်တွေကို ( ဘယ်အချိန်ကတည်းကခန့်ခဲ့ခန့်ခဲ့ )

အခုချိန်မှာအစိုးရသစ်အနေနဲ့ နိုင်ငံတကာစံနှုန်းတွေပြန်စီစစ်

ပြီး ဘာအရည်အချင်းမှမရှိပဲ အဘ "....... " မပြီးဝင်လာတဲ့

လူပေါင်းပင်တွေကို အမြစ်ပြတ်ရှင်းပစ်သင့်ပြီ။လူမှန်နေရာမှန်

တာဝန် လုပ်ပိုင်ခွင့် အရည်အချင်းနဲ့ဆီလျော်တဲ့ခံစားခွင့် ဒီ

ထောက်တိုင် (၄) ခု မရှိပဲနဲ့ ဝန်ထမ်းကောင်းတွေမရနိုင်ဘူး။

ဝန်ထမ်းမကောင်းရင် နိုင်ငံမကောင်းနိုင်ဘူး။ ရှင်းနေတာပဲ။

တစ်ဆိတ်ရှိအောက်ခြေဝန်ထမ်းတွေ ပညာပေးရမယ် မွမ်းမံ

ဖို့လိုမယ် ဆိုတာတွေ ပြောနေမယ့်အစား (မီးပူတာ ရေအေး

တာ နလဘိန်းတုန်းတောင်သိတယ် ) အပေါ်မှာပြောတဲ့

ထောက်တိုင် ၄ ခုထောက်ကူပေးလိုက် အနည်းဆုံး စင်္ကာပူ

level အရမ်းတော်တဲ့ဝန်ထမ်းတွေထွက်မလာရင်ကြိုက်

သလောက်ပြောစမ်းပါ။ ခတောင်းကျိုက်ပြီးခရုဖမ်းနေကြတာ

ရွံစရာကောင်းတယ်။

jame said...

ကိုထွန်းခိုင်ရေ
ခင်ဗျားရေးတာမှန်တာများပါတယ်၊ ဒါပေမဲ့ တစ်ဖက်သတ်ဆန်နေသလိုပဲ၊
မြန်မာနိုင်ငံရဲ့ သမိုင်းနဲ့  တစ်ခြားနိုင်ငံမတူသလို အခြေအနေမတူဘူးဆိုတာတစ်ချက်၊ နောက်တစ်ချို့ ငှာနတွေဟာ တပ်ကလူတွေဝင်ရင် ပိုအစဉ်ပြေတာရှိတတ်ပါတယ် ဒါကတစ်ချက်၊ ၀န်ထမ်းဆိုတာ ကျရာပေးအပ်ရာတာဝန်ထမ်းဆောင်ရတာမို့  တပ်ကလူတွေဝင်တာလဲ ပေးရာတာဝန်မို့  ရောက်လာသူ(ကြိုးစားဝင်သူမပါ)တွေကို အထင်မသေးစေချင်သလို သူတို့ ရဲ့လုပ်ရည်ကိုင်ရည်မကောင်းမှ ဝေဖန်ရင်ပိုကောင်းမယ်။ ရှိနေတဲ့ အရပ်သားဝန်ထမ်းတွေထက် တပ်ကလူတွေ ပိုတော်တဲ့အချက်တွေလဲ ထည့်စဉ်းစားဖို့ လဲ ပညာရှိသတိဖြစ်ခဲဆိုသလို သတိပေးချင်တယ်၊
တစ်ချို့ တွေလဲ ၀န်ထမ်းကို ရဲဘော်လို ဆက်ဆံချင်သူတွေ ရှိပါတယ်။ ခြေမမကောင်းခြေမ လက်မမကောင်းလက်မပေါ့၊ ငဲ့စရာမရှိပါဘူး
အရပ်ဖက်မှာ တပ်ကလူ တစ်ယောက်မှမရှိလဲ မဖြစ်နိုင်တာ ဘေးလူနဲ့  ညှိစရာတောင်မလိုပါဘူး၊ ပညာရှင်တွေကြီးပဲရှိနေလို့ လဲ ပြည့်စုံသွားမှာမှမဟုတ်တာ၊ တခြားတိုင်းပြည်မှာလဲ ရှိကြပါတယ်၊ ဒီမှာတော့များတာပေါ့နော်၊
ရဲ၊ မီးသတ်၊ အကျဉ်းဦးစီး၊ မီးရထား၊ ပို့ ဆက်၊ ရေအရင်းအမြစ်၊ ...တွေ ဥပမာပေါ့၊ ကျွန်တော်တွေ့ ဘူးတဲ့ တပ်ကအရာရှိ အတော်များများ အရည်အချင်းရှိတာတွေတွေ့ ရပါတယ်၊ ငွေကြေးဌာနမှာတောင် ထူးချွန်စွာ လုပ်နိုင်ကြတာတွေ့ ရတယ်၊ နိုင်ငံတော်တည်ဆောက်တဲ့အခါ မျှတဖို့ လိုတယ်၊ ရာထူးတော့လိုချင် တာဝန်တော့မထမ်းချင်၊ ရှောင်ချင်၊ ရေသာခိုချင်၊ ဘေးလွယ်အိတ်တွေအတွက် တပ်ကလူတွေမလာလဲ ဒီမိုကရေစီမှာ ပြည်သူမောင်းထုတ်တာနဲ့  ပြုတ်မှာအသေအချာပါလို့ 

Anonymous said...

လူပေါင်းပင်တွေကိုရှင်းသင့်တယ်။

လူမှန်နေရာမှန် တာဝန် လုပ်ပိုင်ခွင့် ခံစားခွင့်

ဒီ ၄ ခုမဖြည့်ဆည်းပဲနဲ့ စင်္ကာပူက ဝန်ထမ်းမျိုး ဘယ်ရမလဲ။

ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမယ် အစိုးရကောင်းမယ်။

ကျန်တာတွေ ခဏဘေးချိတ်ထားပါဦး။

တစ်ခါလာ အောက်ခြေဝန်ထမ်းတွေ educate လုပ်ရမယ်

တစ်ခါလာ refresh လုပ်ရမယ်နဲ့ ခိုးလို့ စားလို့ဝ မှ အူပြနေ

တြတာ။ ၅ ပါးသီလပေးတတ်ရုံနဲ့ ကျောင်းထိုင်လုပ်ချင်နေတဲ့

လူတွေ ဌာနဆိုင်ရာတွေမှာအများကြီး။

ကျန်တဲ့လူတွေက အနည်းဆုံး ပထမကြီး လောက်အောင်

ပြီးနေပြီ။ အဲဒီလူတွေနိုင်ငံတကာနဲ့ယှဉ်လုပ်ခိုင်းကြည့်။

စာအုပ်တစ်အုပ်ထုတ်ပြီးဘယ်နိုင်ငံမှတွေ့ရမှာမဟုတ်တဲ့

ပထွေးပြောသမျှအကုန်လိုက်မှတ်နေတဲ့မြင်ကွင်းမျိုးတွေ့ရပါ

လိမ့်မယ်။ တော်တော်ရွံစရာကောင်းတယ်။ ဒီလိုနဲ့ပဲတိုင်းပြည်

စုတ်ပြတ်သတ်နေရတာ။

Unknown said...

သိပ်ကိုမှန်တဲ့အရေးအသားပါ၊ သမတရဲ့အကြံပေးများလည်းသိရှိပြီး အကြံပေး ပေးကြပါ၊ ၀န်ထမ်းများမှာ ခေတ်အဆက်ဆက် ပေါင်ချိန် ကားထဲကလို မတရားခံရပါတယ် လို့တောင်မပြောနိုင်တဲ့ဘ၀ပါ၊ ဒီကြားထဲ လဘ်စားတယ် ဆိုပြီးဝါးလုံးရှည်နဲ့ရမ်းတာလဲခံကြရသေးတယ်။ ၀န်ထမ်းယန်းတရားကြီးပျော် ပျော်ရွှင်နဲ့လည်ပတ်မှတိုင်းပြည်တိုးတက်နိုင်မှာပါ

ipman said...

ခုဘဲ7day မှာဖတ်လာခဲ့တာပါ.သိပ်မှန်တဲ့ဆောင်းပါးတစ်ခုပါ၊အရပ်သားဝန်ထမ်းတွေဟာဝန်ထမ်းငယ်ဘ၀နဲ့ကြိုးစားလုပ်ကိုင်လာပြီးပင်စင်ယူတဲ့အချိန်မှာအရာရှိဆိုတဲ့အဆင့်နဲ့ပင်စင်သွားချင်ကြသူတွေပါဒါပေမဲ့လက်ရှိမှာတပ်ကအခြားအဆင့်နဲ့ဗိုလ်ဖြစ်ပြီးထပ်မတက်နိုင်တော့တဲ့သူတွေတပ်မှာ အပြစ်တစ်ခုခုရှိလို့ရာထူးမတက်တော့သူတွေ(စည်းကမ်းဖောက်သူတွေ)ကိုအရပ်ဘက်ပို့တော့အနစ်နာခံကြိုးစားလုပ်နေတဲ့အရပ်သားတွေမျှော်လင့်ချက်မဲ့လုပ်ရည်ကိုင်ရည်လျော့ကျလာပါတယ်ဒီကြားထဲတပ်ပြောင်းတွေကတော်တဲ့အရပ်သား တွေကိုနိုပ်ကွပ်ပြီးနလံမထူနိုင်အောင်လုပ်သလိုရာထူးတိုးမြှင့်ရေးကိုလဲECမှာဝိုင်းကန့်ကွက်ပြီးသူတို့အကြိုက်လက်ညှိုးထောင်ခေါင်းညိမ့်တဲ့ခပ်ညံ့ညံ့အရပ်သားကိုသာတင်ပေးခဲံ့တာပါတကယ်တော်တဲ့တတ်တဲ့သူဆိုတာခပ်မာမာနေကြသူတွေမို့ နှိပ်ကွပ်သမျှခံနေကြရတုံးပါဘဲနောက်ဆုံးပညာရှင်မို့မပေးမဖြစ်ပေးလို့ညွှန်မှုး လောက်ဖြစ်လာရင်လဲမရပ်တည်နိုင်အောင်နည်းပေါင်းစုံဝိုင်းလုပ်ပြီးဝန်ကြီးကိုမ မှန်သတင်းပေးအပြစ်ဖြစ်အောင်လုပ်နေကြတဲ့အတွက်ဌာနနဲ့နိုင်ငံတော်အတွက်အများကြီးနစ်နာနေပါတယ်အထူးသဖြင့်တော့ဒီနှစ်၂၀၀၆နောက်ပိုင်းမှာညွှန်မှုးနဲ့အထက်ရလာကြသူတွေကအသက်ကငယ်လုပ်ရည်ကိုင်ရည်လဲမရှိအရပ်သား တွေတော်လို့ကျော်တက်မှာကြောက်ဌာနတွင်းမှာတိတ်တဆိတ်
တိုက်ပွဲတွေဖြစ်ပြီးအလုပ်မဖြစ်တဲ့အခြေအနေရောက်နေတာပါ။လာသမျှတော့အလုပ်ကြိုးစားဘို့ထက်ငွေဘယ်လိုရှာရမလဲဘဲကြည့်နေတဲ့သူက ၉၉%ပါဘဲ။အဆိုးဆုံးကပင်စင်တစ်ခုရလာခဲ့ပြီးမို့အခြေအနေမကောင်းလဲပြုတ်စရာမရှိ၊ပြုတ်လဲစစ်ပင်စင်စားပြီးမို့အရပ်ဘက်ပို့တာအပိုဆု
ပေးသလိုဖြစ်ပြီးလုပ်ချင်တိုင်းလုပ်နေကြတာပါဘဲဒါကြောင့်အရပ်ဘက်ပို့တာကိုစီစစ်သင့်ပါပြီမပို့မဖြစ်လို့ပို့ရင်လဲတကယ်တော်တဲ့စည်းကမ်းစိတ်ဓါတ်ကောင်းတဲ့သူကိုသာပို့ပေးပါလို့ပြောချင်ပါတယ်ကိုယ်တိုင်လဲရသင့်တဲ့အဆင့်လုပ်သင့်တဲ့အလုပ်မလုပ်ရဘဲ။သူတို့မကြိုက်တဲ့နေရာချောင်ထိုးတယ်ဆိုတဲ့နေရာမှာလုပ်နေရတာပါ။ဒါပေမဲ့တာဝန်ကျေအောင်လုပ်နေပါတယ်ဌာနတွင်းရာထူးနေရာလစ်လပ်ရင် တပ်ပြောင်းကိုအရင်ပေးမရှိမှနောက်မြီးဆွဲကိုပေးတာပါဒါဟာတိုင်းပြည်အတွက်အကျိုးမရှိတဲ့လုပ်ရပ်တွေမို့ရပ်တန်းကရပ်အောင်ကြပ်မတ်ပြုပြင်ပေးစေ
လိုပါတယ်ဘယ်သူမဆိုတကယ်တော်ရင်ရာထူးတက်ပေးတဲ့အစီအစဉ်ဘဲရှိသင့်ပါ
ပြီ။ဌာနတိုင်းခံစားဖြစ်ပျက်နေတဲ့အမှန်တရားတွေပါ။တပ်မတော်ကိုမမုန်းပါ။

owner said...

တပ်ကပြောင်းလာတဲ့သူတွေကသာမာန်စစ်သားတွေမဟုတ်ပါဘူး..အထက်
လူကြီးကိုအများကြီးရှာဖွေကျွေးတဲ့၊စစ်ဘက်အစိုးရနဲ့ကျွမ်းဝင်တဲ့သူတွေပါ၊ဒေါက်တာဦးထွန်းလွင်ပြောသလို မကျွမ်းကျင်တဲ့နေရာရောက်လို့သူတို့လည်းဒုက္ခရောက်တယ်ဆိုတာလုံးဝမဟုတ်ပါဘူး..အောက်ခြေ၀န်ထမ်းများကိုလည်းသူတိုလိုအသွင်တူအောင်
ရှာဖွေပေးကမ်းသူတွေကို အဆင့်တွေကျော်နေရာပေး/ရာထူးပေး/လုပ်ပိုင်
ခွင့်တွေပေးပြီး အချိုးကျဝေစုထိုင်စားနေရုံပါ အနေချောင်လို့၊ချမ်းသာဖို့၊
လူပေါ်လူဇော်လုပ်ဖို့ပြောင်းလာကြတဲ့ကောင်တွေပါ..စစ်သားလုပ်ပြီးစစ်
တိုက်ရမှာကြောက်တဲ့ကောင်တွေ..နိုင်ငံတော်သမတ္တကြီးခင်ဗျား..စဉ်းစားပေးပါအုံး...အောက်ခြေ၀န်းထမ်းများဘ၀ဟာ အရူးကိုဆရာခေါ် အရူးခိုင်း
တာလုပ်..အရူးကိုင်တဲ့တုတ်ကိုကြောက်နေရပါတယ်

Unknown said...

ဒုသမ္မတက “သာမန်အားဖြင့်အောက်ခြေမှ တက်လာသော ၀န်ထမ်းများ အနေဖြင့် လုပ်ငန်းကျွမ်းကျင်မှုတွင် ပြောရန်မရှိသော်လည်းကြားမှဖြတ်ဝင် လာသောပုဂိုလ်များရှိလာပါကမူလ၀န် ထမ်းများစိတ်ဓာတ်ကျဆင်းစေ
နိုင်ကြောင်း၊၎င်းအပြင်ဝန်ကြီးဌာန၏လုပ်ငန်းလည်း အထိုက်အလျောက် ကျဆင်းသွားနိုင်ကြောင်း..”ပြောကြားသည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ရေးသားထားသည်။

eaink mon kyaw said...

သိပ်ကိုမှန်တဲ့ အကြောင်းအရာပဲ အခုဝန်ကြီးဌာန အတော်များများမှာ ဒီလိုပဲကြုံတွေ့နေရတယ် လုပ်သက်ကြာပြီးအတွေ့ အကြုံများသူရဲ့ ကောင်းမွန်သောဆောင်ရွက်ချက်တွေကို လက်မခံတော့တိုင်းပြည်ပဲနစ်နာတာပေါ့
လူမှန်နေရာမှန်ထားသင့်တာကြာပါပြီ

Unknown said...

ကျွန်တော်တို နေပြည်တော်စည်ပင် တွင် အများဆုံးဖြစ်ပါသည်..စစ်တပ်လူတွေရဲ့ ဌာနနေရာကောင်းတွေ ရာထူးနေရာကောင်းတွေအားလုံးသည်စစ်တပ်မှမိုးကျရွှေကိုယ်များဖြစ်သည်။အခြားဌာနများက ဗိုလ်ကြီးအဆင်ကို ဦးစီး အရာရှိပေးရင် နေပြည်တော်စည်ပင် က လက်ထောက်ညွှန်ာကားေ၇းမှုးပေးတယ်။ဒုဗိုလ်မှုးကြီး ဗိုလ်မှူးကြီးတွေကို ဌာနမှုး /ဒုတိယညွှန်ကြားရေးမှုးချုပ်ပေးတယ်။ရာထူးတွေတိုးပေးတာ လက်လွန်သွားလို့ AE မှ EE ဦးစီးအရာရှီမှ လက်ထောက်ညွှန်းကြားရေးမှုး အဆင့်များတွင် ခွင့်ပြုအင်အားထက် အပို ၂၂ ယာက်ဖြစ်နေပါတယ်။ ယခုလက်ရှိ AE ဦးစီးများသည် ပင်စင်ယူသည်အထိ AE ဦးစီးနဲ့ဘဲနေပြည်တော်စည်ပင်သာယာရေးကော်မတီတွင် တာဝန်ထမ်းရပါတော့မည်။ပိုဆိုးသည်မှာ နေပြည်တော်စည်ပင်တွင် တာဝန်ထမ်ဆောင်လျှင် ရာထူးတိုးမြှင့်ပေးမည်ဟု ဆိုကာ နယ်စပ်စည်ပင် (ယခု နယ်စပ်ရေးရာမှ)၀န်ထမ်းများကို ခေါ်ပါသည်။ နေပြည်တော်စည်ပင်ရောက်သော အခါ နေရာလွတ် မရှိပါ သဖြင့် ယခင်ဌာနမှ ရာထူးအတိုင်းထားပါသည်။ စစ်တပ်မှ မိုးကျရွှေကိုယ်တွေကြောင့်ပြောင်းလာသောဝန်ထမ်းများသည် ယခုနေပြည်တော်စည်ပင်တွင်လည်း အဆင်မပြေ နယ်စပ်စည်ပင်သို့လည်းပြောင်းမရ ဖြစ်နေရပါသည်။

Maymyochit said...

စစ်တပ်ကလူဘဲဖြစ်ဖြစ်အရပ်ဖက်ကလူဘဲဖြစ်ဖြစ်အဓိကကတော့စီမံအုပ်ချုပ်ကွပ်ကဲရေး
ကောင်းမွန်မှု၊စိတ်ဓာတ်ရေးရာကောင်းမွန်မှု၊လူကြီးဆန်မှုတို့ ကဌာနတိုင်းအတွတ်အရေး
ကြီးပါတယ်။

ယောနသံဇဇင်ယော် said...

မြန်မာနိုင်ငံသမိုင်း ဟာအခြားနိုင်ငံတွေနဲ့မတူဘူး ....... ဆိုတော့ အဲ့ဒီ

နိုင်ငံတွေကလည်းပြန်ပြောမှာပဲ ...... ဘယ်နိုင်မှ totally identical

မဖြစ်ဘူးဆိုတာ။ ( မီးဟာပူတယ် ရေဟာအေးတယ် ......တဲ့ လားဗျာ )

ရှင်းရှင်းပဲပြောရရင် တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ တပ်ရဲ့အခန်း

ကဏ္ဍအရေးပါမှုကို ၂၀၀ % လက်ခံတယ်။ ( ၂၀၀ % နော် ၂၀၀ % )

ဒါပေမယ့်ကိုယ်အလုပ်ကိုယ်လုပ်ရင်းနဲ့ပေါ့။

ဒီ ၂ ခု မရောထွေးဖို့လိုမယ်။

ပုဂ္ဂိုလ်ရေးအရကြည့်ကြည့် အဖွဲ့အစည်းအနေနဲ့ပဲကြည့်ကြည့် အဲဒီလို

စစ်တပ်က ချို့ယွင်းချက်အမျိုးမျိုးနဲ့ ( တချို့ကျတော့လည်း သူဌေးဖြစ်နိုင်

ဖြစ်လည်းဖြစ်နေကြပြီ ဖြစ်တဲ့ဌာနတွေမို့ အကောင်းပကတိနဲ့ကို အစီ

အစဉ်ရှိရှိ ) ပြောင်းလာကြတာ အရပ်ဖက်ဌာနဆိုင်ရာအဖွဲ့အစည်းတွေ

ထဲထိုးထည့်ခဲ့တာတွေဟာ အာဏာရှင်ကွန်ယက် ကို အောက်ခြေထိ

တည်ဆောက်ခဲ့တာပဲ။

နောက်တစ်ချက်က လာဘ်စားမယ် အလွဲသုံးစားလုပ်တော့မယ်ဆို အရပ်

သားအရာထမ်းတွေသိတာထက် တပ်ထဲမှာတည်းက သေဆိုသေ ရှင်ဆို

ရှင်ဆိုတဲ့ နောက်လိုက်တွေကို buffer zone လုပ်ထားတဲ့သဘောပါ။

အဲဒီနောက်လိုက် buffer slaves တွေကိုဝေခွဲပေးရတာ အပြင်လူအရပ်

သားတစ်ယောက်ကိုပေးရတာထက်သက်သာမယ် အပေါ်အတွက်လည်း

လုံခြုံမှုတည်ဆောက်ပြီသားဖြစ်တယ်။ ဒီလိုနဲ့ပဲ တစ်ချိန်က အရှေ့တောင်

အာရှထိပ်တန်းနိုင်ငံတစ်ခုဟာ ဈေးပေါင်ကျိုးချိန်ထိတိုင်အောင် ဈေးဦး

မပေါက်သေးတဲ့ ဖာသည်မ နိုင်ငံတစ်ခုအဖြစ်ရောက်ခဲ့ရတာပါပဲ။

နိုင်ငံတကာမှာ US, UK , EU ဆိုပါတော့ ။ တပ်ကသူ့ profession မှာ

smart ဖြစ်အောင်အမြဲတီထွင်ကြံဆနေတြတာချည်းပါပဲ။ ဥပမာ

US Navy Seals တွေဆိုရင် စံပြုလောက်တယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ

စစ်တပ်ဟာ အာဏာ ၃ ရပ်ထဲက ဘယ်ကဏ္ဍမှာမှဝင်မရှုပ်ဘူး။

အခုဒီမှာတော့ အသွင်ပြောင်းကာလမှာကို ဌာနဆိုင်ရာလောက်မပြောနဲ့

နိုင်ငံရဲ့ဥသျှောင်လွှတ်တော်တွေထဲမှာ တောင် တစ်မတ်သားတွေ တွေ့နေ

ရသေးတယ်။





Unknown said...

သမ၀ါယမတက္ကသိုလ်တွင်လည်း ပါမောက္ခချုပ်တစ်ယောက်မှလွဲပြီး အထက်ဆင့် တော်တော်များများမှာ မိုးကျရွှေကိုယ်များဖြစ်ပြီး တက္ကသိုလ် ဆရာ၊ ဆရာများ အပေါ် ရိုင်းပျစွာ ပြောဆိုခိုင်းစေမှုများ၊ သင်ကြားရေးနှင့် မဆိုင်သော အတင်းအကြပ် ခိုင်းစေမှုများရှိကြောင်း ဆရာ၊ ဆရာမများ ညီးတွားနေကြသည်။

Powered by Blogger.