ဒီနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ယူရိုပီယံ ယူနီယံလို့ ခေါ်တဲ့ ဥပရောပသမဂ္ဂကို ပေးအပ်လိုက်ပါတယ်။
ဆုရွေးချယ်ရေး ကော်မတီက ဥရောပသမဂ္ဂဟာ စစ်ဖြစ်နေတဲ့ ဥရောပတိုက်ကြီးကို ငြိမ်းချမ်းအောင် ဆောင်ကြဉ်းပေးနိုင်တယ်လို့ ချီးကျူးစကားဆိုပါတယ်။
သမိုင်းကို ပြန်ကြည့်ရင် ကမ္ဘာစစ်ကြီးနှစ်ခုစလုံးဟာ ဥရောပတိုက်က စတင်ခဲ့တာ ဖြစ်ပါတယ်။ နိုဘယ်လ်ဆုကော်မတီက ဒုတိယကမ္ဘာစစ်အပြီးနဲ့ ဘာလီတံတိုင်းပြိုအပြီး၊ အရင် ဆိုဗီယက်အဖွဲ့ဝင် ကွန်မြူနစ် နိုင်ငံဟောင်းတွေရဲ့ ငြိမ်းချမ်းရေနဲ့ တည်ငြိမ်ရေးအတွက် ဥရောပသမဂ္ဂရဲ့ စွမ်းဆောင်နိုင်ခဲ့တာတွေကို ချီးကျူးသွားပါတယ်။
အီးယူးရဲ့ အစကတော့ ပြင်သစ်ကလို့ ပြောရမှာပါ။ ၁၉၅၁ ခုနှစ်မှာ ပြင်သစ်၊ အနောက်ဂျာမနီ၊ လူဇင်ဘတ်၊ ဘယ်လ်ဂျီယံ၊ အီတလီနဲ့ နယ်သာလန် စတဲ့ နိုင်ငံ ၆ နိုင်ငံပါဝင်တဲ့ ဥရောပ ကျောက်မီးသွေးနဲ့ သံမဏိထုတ်လုပ်သော နိုင်ငံများအသိုက်အ၀န်းကို စတင်ဖွဲ့စည်းလိုက်ပါတယ်။
အိုင်ဒီယာကတော့ ဒီနိုင်ငံတွေ အချင်းချင်းအကြားမှာ ဓာတ်သတ္တုတွေနဲ့ ပတ်သက်လို့ လက်ဝါးကြီး အုပ်တာတွေ ပေါ်ပေါက်ပြီး၊ ပဋိပက္ခတွေကို ဦးတည်မသွားစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဥရောပညီညွတ်ရေးရဲ့ ဗိသုကာတယောက်အဖြစ် လူတွေ အသိအမှတ်ပြုကြရတဲ့ ပြင်သစ်လူမျိုး Jean Monnet က စခဲ့တဲ့ အိုင်ဒီယာပါ။
အဲဒီနောက် အဲဒီ ၆ နိုင်ငံက ရောမမြို့မှာ ဥရောပ စီးပွားရေးအသိုက်အ၀န်း ဆိုတဲ့ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီး အခုတော့ ဥရောပသမဂ္ဂမှာ အဖွဲ့ဝင် ၂၇ နိုင်ငံ ရှိနေပါပြီ။
ဒီနိုင်ငံအားလုံးကြားမှာ တပြေညီနီးပါး၊ ငြိမ်းချမ်းရေး၊ ချမ်းသာကြွယ်ဝမှုနဲ့ စီးပွားရေး တိုးတက်မှုတွေက သမိုင်းမှာ မကြုံစဖူး အောင်မြင်မှုရနေပါတယ်။
အီးယူရဲ့ ဘုံဈေးကွက်ကတော့ ၁၉၅၇ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ တည်ထောင်ပါတယ်။ အဲဒီတုန်းက အနောက်ဂျာမနီ၊ ပြင်သစ်၊ အီတလီ နယ်သာလန်၊ ဘယ်လဂျီယံ၊ လူဇင်ဘတ်တို့က ထူထောင်ပါတယ်။
၁၉၇၃ ခုနှစ်မှာ ဗြိတိန်၊ အိုင်ယာလန်၊ ဒိန်းမတ်တို့လည်း ဈေးကွက်ထဲကို ၀င်ရောက်လာကြပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာတော့ အရင် အာဏာရှင်နိုင်ငံတွေ ဖြစ်ခဲ့ကြတဲ့ ဂရိ၊ စပိန်၊ ပေါ်တူဂီတို့ ၀င်ရောက်လာကြပါတယ်။
၁၉၈၉ ခုနှစ်မှာ ကွန်မြူနစ်ဝါဒ ကျဆုံးသွားတဲ့ သင်္ကေတဖြစ်တဲ့ ဘာလင်တံတိုင်းအပြိုမှာ စစ်အေးခေတ်က ကွဲနေတဲ့ ဥရောပဒေသလည်း ဒီမိုကရေစီအသိုက်အ၀န်းအဖြစ် တစုတစည်းတည်း ပြန်ဖြစ်လာပါတယ်။
တချို့လေ့လာသူတွေကတော့ ဥရောပသမဂ္ဂဟာ အအောင်မြင်ဆုံး ငြိမ်းချမ်းတဲ့နည်းနဲ့ အစိုးရအပြောင်းအလဲတွေရဲ့ စံပြဖြစ်သလို၊ ပြည်သူတွေရဲ့ ဘ၀တွေကလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ထက်က စာရင် ပိုပြီးတော့ တိုးတက်ကောင်းမွန်ခဲ့တယ်လို့ ဆိုပါတယ်။
ဥရောပသမဂ္ဂရဲ့ အောင်မြင်မှုတွေရှိသလောက် တနိုင်ငံ ပေါ်လစီတမျိုးနဲ့ နိုင်ငံတွေရဲ့ အစုအပေါင်းဖြစ်တာကြောင့် ပြဿနာတွေလည်း ရှိပါတယ်။
အီးယူရဲ့ လုပ်ငန်းစဉ်တွေထဲမှာ ဘုံစိုက်ပျိုးရေးဆိုင်ရာ ပေါ်လစီကတော့ အငြင်းအပွားရဆုံးပါပဲ။ ပေါ်လစီကတော့ လယ်သမားတွေအတွက် ဈေးနှုန်းတွေ တည်ငြိမ်ဖို့ ချမှတ်ထားတာပါ။
ဒါပေမယ့် ဝေဖန်သူတွေကတော့ ပေါ်လစီကြောင့် ထုတ်လုပ်မှုတွေမှာ အလွန်အကျွံဖြစ်အောင် တွန်းအားပေးပြီး၊ ထုတ်လုပ်မှုစရိတ်ကို အဆအတန်ဖြစ်စေတယ်။ အဲဒီကနေတဆင့် စားသုံးသူတွေအတွက် စားသောက်ကုန်တွေ ဈေးမြင့်ဖို့ ဖြစ်စေတယ်လို့ ဆိုပါတယ်။
နောက်ထပ် ပေါ်လစီကတော့ အီးယူရဲ့ ငွေရေးကြေးရေးဆိုင်ရာ ပေါ်လစီပါပဲ။ ၂၀၀၂ ခုနှစ်က စလို့ အီးယူနိုင်ငံတွေကြားမှာ ယူရိုငွေတမျိုးတည်းကို သုံးပြီး စီးပွားရေးနဲ့ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုကို နီးကပ်သွားဖို့ ရည်ရွယ်ချက်ကို ထားခဲ့ပါတယ်။
ဒီ နိုင်ငံအားလုံး ငွေကြေးတမျိုးတည်း ပေါ်လစီအပေါ် အခုနှစ်ပိုင်း ငွေကြေး အကျပ်အတည်းကာလမှာ တချို့ အီးယူနိုင်ငံတွေက အပြစ်တင်စရာ ဖြစ်လာပါတယ်။
နော်ဝေဂျီယံ နိုဘယ်လ်ဆုကော်မတီကတော့ လောလောဆယ် ဥရောပ တိုက်ကြီးမှာ ငွေကြေးအကျပ်အတည်းနဲ့ လူမှုရေးမငြိမ်သက်မှုတွေ ရှိနေပေမယ့် အီးယူသမဂ္ဂဟာ နှစ်ပေါင်း ၆၀ လောက် ငြိမ်းချမ်းရေး၊ သင့်မြတ်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဆောင်ရွက်ခဲ့တဲ့အပေါ်မှာ အသိအမှတ်ပြုချီးမြှင့်တာလို့ နိုဘယ်လ်ကော်မတီရဲ့ ဥက္ကဋ္ဌက ဆိုပါတယ်။
ဆုအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂ သန်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့ နော်ဝေနိုင်ငံ အော်စလိုမှာ အခမ်းအနားနဲ့ ချီမြှင့်မှာဖြစ်ပါတယ်။
by နေသွင် (ဒီဗွီဘီ)

ငြိမ်းချမ်းရေးနိုဘယ်လ်ဆု အီးယူကို ချီးမြှင့်
Reviewed by သစ်ထူးလွင်
on
20:35
Rating:
1 comment:
ကျွန်တော်တို့ရဲ့မြန်မာသမ္မတဦးသိန်းစိရလိမ့်မယ်လို့မျှော်မှန်းထားပါတယ်ဗျာ။ပိုသင့်တော်တဲ့လူကိုချီးမြင့်တယ်လို့မြင်ပါ
တယ်။ကချင်အရေးငြိမ်းချမ်းပါစေလို့ဆုတောင်းပါတယ်ဗျာ။
Post a Comment