မြန်မာနိုင်ငံရှိ ကလေးငယ်အများစု ပညာသင်ကြားခွင့် ဆုံးရှုံးနေဆဲ ဖြစ်နေတယ်လို့ လူမှုဝန်ထမ်း ဦးစီးဌာနက သိရပါတယ်။
'ကလေးသူငယ်တွေ တွေ့ကြုံနေရတဲ့ အခြေအနေ အကြောင်းအရာ တွေက ဒေသအလိုက် ရှိနေတယ်၊ တချို့ ဒေသတွေမှာ အာဟာရ ချို့တဲ့နေပြီး တချို့ဒေသတွေမှာ ကျန်းမာရေး ပြဿနာတွေ ရှိနေတယ်၊ အဓိက ဒေသအများစုမှာ ဖြစ်နေတာက ကျောင်းမနေနိုင်တာပါ၊ ကျောင်းနေနိုင်ဖို့ လိုနေတယ်၊ ပညာတတ်မှ တခြားကိစ္စတွေ ပိုလုပ်နိုင်မှာဖြစ်တယ်' လို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးအောင်ထွန်းခိုင်က ပြောပါတယ်။
ဒေသအချို့မှာ အခြေအနေအကြောင်းအမျိုးမျိုးကြောင့်နဲ့ ကလေးသူငယ်တွေ ကျောင်းမနေနိုင် ဖြစ်နေရတယ်လို့ဆိုတယ်။ ဥပမာ ချင်းပြည်နယ်က ရွာတွေမှာဆိုရင် တစ်ရွာနဲ့တစ်ရွာ သွားလာရေး ခက်ခဲပြီး ကျောင်းမနေနိုင်တာမျိုးရှိတယ်။ တချို့ဒေသတွေမှက ကျောင်းနေအရွယ်ကလေး ကျောင်းမနေဘဲ လုပ်ငန်းခွင်ဝင်နေရတယ်လို့ဆိုတယ်။ ကလေးသူငယ် အခွင့်အရေးဘက်ကကြည့်ရင် ကလေးဟာ သူ့အရွယ်အလိုက် ပညာသင်ကြားခွင့်ရှိရမှာ ဖြစ်တယ်လို့ဆိုပါတယ်။ မိသားစုဝင်ငွေ နည်းပါးမှုကြောင့် ကလေးသူငယ်အများစု ပညာမသင်ကြားနိုင်ဘဲ လုပ်ငန်းခွင်ဝင်နေရတာ ဖြစ်တယ် လို့ဆိုပါတယ်။
'မိဘတွေ အဆင်မပြေလို့ ကလေးကိုမခိုင်းချင်ဘဲ ခိုင်းနေရတယ်၊ ပတ်ဝန်းကျင်က စားသောက် ဆိုင်တွေမှာ ကလေးတွေအလုပ်လုပ်နေတာအများကြီးပဲ၊ မိသားစုလဲအဆင်ပြေပြီး ကလေးလဲပညာ သင်ကြားခွင့်မဆုံးရှုံးနိုင်မယ့် နည်းလမ်းတွေကို တာဝန်ရှိပုဂ္ဂိုလ်တွေစဉ်းစားပေးဖို့ လိုတယ်' လို့ ကျောင်းဆရာ ဦးညွန့်ဝေမိုးက သူ့အမြင်ပြောပါတယ်။
အခမဲ့ပညာသင်ကြားခွင့်ပေးထားရုံနဲ့ ကလေးသူငယ်တွေရဲ့ ပညာသင်ကြားခွင့်က တိုးတက်လာမှာ မဟုတ်ဘူးလို့ ဆိုတယ်။ တကယ်တမ်း ရပ်ကွက်ကျေးရွာတွေအထိဆင်းပြီး ကျောင်းနေအရွယ် ကလေးဦးရေစစ်တမ်းကောက်ယူတာ၊ ရပ်ကွက်ကျေးရွာအဆင့် အဖွဲ့ဖွဲ့ပြီး ကလေးတွေကျောင်းထဲ ရောက်လာအောင် ဝိုင်းဝန်းအားပေးလုပ်ဆောင်ဖို့လိုတယ်လို့ ဆိုပါတယ်။ ပညာသင်ကြားခွင့် ဆုံးရှုံး နေတဲ့ ကလေးသူငယ်တွေအတွက် စီမံချက်တစ်ခု ချမှတ်ပြီးလုပ်ဆောင်သွားသင့်တယ်လို့ ဆိုတယ်။ မိသားစုဝင်တွေအတွက် အလုပ်အကိုင်ဖန်တီးပေးပြီး ဝင်ငွေတိုးအောင် လုပ်ပေးခြင်းက ကလေး သူငယ်တွေ လုပ်ငန်းခွင်မဝင်ရဘဲ ပညာသင်ကြားခွင့်ရလာနိုင်တယ်လို့ ဆိုပါတယ်။
ပညာရေးလုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးလာဖို့က အစိုးရတစ်ခုတည်းနဲ့လုပ်နိုင်ဖို့ မလွယ်ဘူးလို့ ကျောင်းဆရာဦးညွန့်ဝေမိုးက ပြောပါတယ်။ သည့်အတွက် နိုင်ငံခြားအထောက်အကူ၊ ပြည်တွင်း ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးတွေရဲ့ အထောက်အကူတွေလိုတယ်လို့ ဆိုတယ်။ လက်ရှိမှာ နိုင်ငံခြား အထောက်အကူတွေ ရနေပေမဲ့ အများအားဖြင့် တက္ကသိုလ်တွေကို အဆင့်မြှင့်သွားဖို့ပဲ လုပ်နေတာ ဖြစ်တယ်လို့ဆိုတယ်။ တကယ့်အောက်ခြေက အခြေခံကျောင်းတွေကိုပါ အဆင့်မြှင့်လုပ်ဆောင်တာမျိုး တော့မရှိသေးပါဘူးလို့ဆိုတယ်။ အခြေခံစာသင်ကျောင်းတွေဆောက်တာ၊ သင်ထောက်ကူ ပစ္စည်းတွေ ထောက်ပံ့သင့်တဲ့နေရာမှာ တတ်နိုင်တဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးတွေနဲ့ အင်န်ဂျီအိုအဖွဲ့အစည်းတွေ များများပါဝင်လာအောင် စည်းရုံးနိုင်ဖို့လိုတယ်လို့ ဆိုပါတယ်။
ကျောင်းဆရာဦးညွန့်ဝေမိုးက 'ဆင်းရဲ့နွမ်းပါးမှုက လွတ်မြောက်ဖို့ ကိုယ့်အနာဂတ်ကောင်းဖို့ အကုန်လုံး ပညာတတ်ဖို့လိုတယ်၊ လက်ရှိဒီမိုကရေစီနိုင်ငံ တည်ဆောက်တယ် ဆိုတာကလဲ ပညာတတ်တဲ့ သူတွေအပေါ် မူတည်တယ်၊ ပညာတတ်ဦးရေများရင် ဒီမိုကရေစီဖော်ဆောင်ရတာလွယ်တယ်' လို့ သုံးသပ်ပြောဆိုပါတယ်။
Written by ဇင်သော်
မော်ဒန်သတင်းဂျာနယ်

ကလေးငယ်အများစု ပညာသင်ကြားခွင့် ဆုံးရှုံးနေဆဲဟုဆို
Reviewed by သစ်ထူးလွင်
on
19:24
Rating:
1 comment:
အခု တကမ္ဘာလုံးကို ပူလောင်စေတာ ဆူပွက်စေတာ ကတော့ ပညာမဲ့မူ့နဲ့ ဆင်းရမွဲတေမူ့ဆိုတဲ့ အကြောင်းတရားနှစ်ခုပေါ်မှာ အခြေခံပါတယ် ဒီအကြောင်းတရားနှစ်ခုလျော့နည်းသွားအောင် လုပ်မယ်ဆိုရင် ပွင့်လင်းထင်သာမြင်သာရှိတဲ့ တာ
ဝန်ယူမူ တာဝန်ခံမူရှိတဲ့ ခိုင်မာတဲ့လူ့အဖွဲ့အစည်း တစ်ခုရှိဖို့လိုပါတယ် လူသားတိုင်းမှာတူညီတဲ့ယှဉ်ပြိုင်နိုင်တဲ့အခွင့်အရေးတွေရရှိဖို့လည်းလိုပါတယ် ခလေးတွေရဲ့အနာဂါတ် လှပဖို့ဆိုရင် ပစ္စုပန်မှာရှိနေတဲ့ လူကြီးတွေရဲ့အခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့အရင်ကြိုးစားရပါမယ် ဒီလိုမှမဟုတ်ရင် ကမ္ဘာမီးလောင်သားကောင်ချနင်းဆိုသလို ခလေးတွေဟာအလိုလိုနေရင်း အပြစ်မဲ့တဲ့သားကောင်ဘဝကို ရောက်မှန်းမသိရောက်သွားကြပါတယ် ဘယ်သူ့မှာတာဝန်ရှိတယ် ဘယ်သူ့ကြောင့်ဆိုတာတွေထက် လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုံးမှာတာဝန်ရှိပါတယ် ဒါကြောင့် အာဏာရှိ ဥစ္စာရှိတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ရေနစ်သူဝါးကူထိုးတဲ့စီမံကိန်းတွေကို အကောင်အထည်ဖော်မဲ့အစား အခြေခံလူတန်းစားတွေရဲ့လိုအပ်ချက်နဲ့ အနီးစပ်ဆုံးဖြစ်နိုင်မဲ့ လုပ်ငန်းတွေကိုအကောင်ထည်ဖော်ပေးကြမယ်ဆိုရင် ခလေးတွေရဲ့အနာဂါတ်ကို ပြုစုပျိုးထောင်ပေးတာနဲ့ အတူတူပါပဲလို့ ထင်မြင်ယူဆမိပါတယ်
Post a Comment