တယ်ကုန်းကျေးရွာအုပ်စု စိုက်ပျိုးစရိတ်ချေးငွေများ မရရှိခြင်း

ကျွန်တော်များ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် တယ်ကုန်း
ကျေးရွာအုပ်စုမှ တောင်သူ လယ်သမား များသည် ၂၀၁၁ - ၂၀၁၂
မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများနှင့် တောင်သူများ၏ စုဆောင်း
ချွေတာငွေတို့ ထုတ်ယူ မရရှိသေးပါ။ ကျေးရွာတောင်သူများမှ
မြို့နယ်စိုက်ပျိုးရေးဘဏ်သို့ သွားရောက်စုံစမ်းသောအခါ မန်နေဂျာမှ
ကျေးရွာအုပ်စု၏ ငွေပြန်လည်ပေးဆပ်မှု နောက်ကျခြင်းကြောင့်
ငွေထုတ်ပေးရန် ရက်ချိန်းပင်မပေးနိုင်ကြောင်း ပြောပါသည်။

 ကျေးရွာအုပ်စုများတွင် ချေးငွေပေးဆပ်မှု နောက်ကျခြင်းမှာ
ရယကစာရေးနှင့်ကျေးရွာ အုပ်ချုပ်ရေးမှူး အချို့တို့၏ ကြန့်ကြာ
ခြင်းသာ ဖြစ်ပါသည်။

၎င်းတို့သည် လယ်ပိုင်ဆိုင်မှု မရှိဘဲ ရှိသည်ဟုစာရင်းပြပြီး
ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရယကစာရေး၊ မြေတိုင်းစာရေး၊ စိုက်ဘဏ်
စသည်တို့ ပူးပေါင်းထုတ်ယူ သုံးစွဲနေကြပါသည်။

အချိန်တန်လို့အထက်ပါပုဂ္ဂိုလ်တို့ ပြန်မဆပ်နိုင်သောအခါ  လယ်
သမားများမှာ ချေးငွေပြေကြေပါလျက် ထိခိုက်နစ်နာရပြန်ပါသည်။

ကျွန်တော်တို့ တောင်သူလယ်သမားများမှာ စိုက်ပျိုးစရိတ်၊ မိုးမကောင်းလျှင်
ရေတင်ခ၊ ဓါတ်မြေသြဇာဝယ်ယူရေး၊ ပေါင်းမြက် ရှင်းခ စသည်များကို ပြင်ပမှ
ငွေ၁၀၀လျှင် ၁၀ကျပ်အတိုးနှုန်း ဖြင့်၎င်း ရရာအတိုးနှင့်ချေးငှားလုပ်ကိုင်
ဖြေရှင်းနေရပါသည်။

လယ်ယာမြေများ ရေသွင်းချိန်၊ ဓါတ်မြေသြဇာထည့်ကျွေးချိန်
စသည့် အချိန်ကိုက်လုပ်ရမည့်အလုပ်များတွင် ငွေမရှိလို့ မ၀ယ်နိုင်
မလုပ်နိုင်ပါက ကောက်ပင်များ စံချိန်မီ မကြီးထွား ထွက်နှုန်းများ
လျော့ကျလာပြီး နိုင်ငံတော်အတွက် များစွာထိခိုက်နိုင်ပါသည်။

ဤဖြစ်ရပ်များမှာ ကျွန်တော်တို့ တယ်ကုန်းကျေးရွာအုပ်စုတွင်
သာမက ဆန်နီချောင်၊ ဆည်ရွာစသည် ကျေးရွာအုပ်စု များတွင်
လည်း ဖြစ်ပျက်နေကြောင်း ကြားသိရပါသည်။

ကျေးရွာတစ်အုပ်စု၊ တစ်မြို့နယ်၊ တစ်နိုင်ငံလုံးသာဆိုလျှင် ဆန်စပါး စိုက်ပျိုးရေးကိုအဓိကထားနေရသော နိုင်ငံတော်၏ စီးပွားရေးမှာ
အထူးပင်စိုးရိမ်ဖွယ်ရာ ဖြစ်ပါသည်။

နိုင်ငံတော် အစိုးရမှ မေတ္တာစေတနာဖြင့် တောင်သူ လယ်သမား
များအားလုံးကို သက်သာချောင်ချိရန်အဖက်ဖက်မှ အထူးပြု
လုပ်ပေးနေပါသော်လည်း အောက်ခြေ ၀န်ထမ်းအချို့များ၏
အကျင့်ပျက်ခြစားမှုများကြောင့် နိုင်ငံတော်အစိုးရ၏
မေတ္တာစေတနာတို့သည် အရာမထင်ဖြစ်နေရပါသည်။

သို့ဖြစ်ပါ၍ ကျွန်တော်တို့လို အောက်ခြေပြည်သူများ၊ တောင်သူ
လယ်သမားများ၏ အခက်အခဲအကြပ်အတည်များကို လိုအပ်
သလိုစိစစ်ဆောင်ရွက် နိုင်ပါရန် သစ်ထူးလွင်မှတဆင့်
ရင်ဖွင့်တင်ပြအပ်ပါသည်။

တောင်သူလယ်သမားများ
တယ်ကုန်းကျေးရွာအုပ်စု
မြန်အောင်


တယ်ကုန်းကျေးရွာအုပ်စု စိုက်ပျိုးစရိတ်ချေးငွေများ မရရှိခြင်း တယ်ကုန်းကျေးရွာအုပ်စု စိုက်ပျိုးစရိတ်ချေးငွေများ မရရှိခြင်း Reviewed by သစ်ထူးလွင် on 09:52 Rating: 5

No comments:

Powered by Blogger.