မြန်နှုန်းမဲ့ အင်တာနက်၊ ခရိုနီ ဈေးကွက် စီးပွားရေး ၊ ဈေးအကြီးဆုံး တန်ဖိုးနည်းဖုန်း နှင့် ပျောက်ဆုံးနေဆဲ အိမ်မက်များ
နိုင်ငံတစ်ခုရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို အင်တာနက် မြန်နှုန်းနဲ့ တိုင်းတာတဲ့ ခေတ်ကာလမှာ မြန်နှုန်း လုံးဝ တိတိ ကျကျမရှိတဲ့ အင်တာနက် လိုင်းနဲ့ သုံးစွဲသူတို့ နှစ်ပါးသွားနေရဆဲ ဖြစ်နေရတဲ့ အကြောင်းရင်းက ကျွန်တော်တို့နိုင်ငံဟာ အဆင်းရဲဆုံးဖြစ်နေသေးလို့ပါလို့ပြောရင် အင်တာနက်သုံးစွဲသူများ စိတ်ဖြေသာရာရနိုင်ကြမယ်ထင်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အင်တာနက်မြန်နှုန်းက လိုက်ပါ မြန်ဆန်လာမှာပါလို့ပြောရင် အိပ်မက်လေးတွေ ဆက်လက်လှပနိုင်ကြ မယ်ထင်ပါတယ်။
အာရှမှာတော့ တောင်ကိုရီးယားက အင်တာနက်မြန်နှုန်း အမြင့်ဆုံးပဲဆိုလို့ မြန်မာနိုင်ငံက တရားဝင်ရုပ်သံလိုင်းပေါင်းစုံမှာ ဘယ်တုန်းကမှ အဲဒီဇာတ်လမ်းတွဲတွေကို မကြည့်တဲ့ ကျွန်တော့်လိုလူ အဖို့တောင် ငြီးငွေ့ ပျင်းရိဖွယ် ကောင်းလောက်အောင် တောက်လျှောက် ပြနေတဲ့ ကိုရီးယား ဇာတ်လမ်းတွဲတွေကို အသာလေး အကဲခတ်ကြည့် မိတော့ ကျိုးကြောင်း ဆီလျော်နေတာ တွေ့ရပါတယ်။ ဟိုးတောရွာ ကျေးလက်ဒေသက အိမ်ကလေး တွေကို နောက်ခံ ထားပြီး ရိုက်ပြတဲ့ ဇာတ်လမ်းတွေမှာတောင် အစစ အရာရာ သန့်ရှင်း သပ်ရပ်နေပြီး ကိုရီးယား ရွာသားတွေက ကျွန်တော်တို့မြန်မာနိုင်ငံမှာ ခေတ်အမီဆုံး လို့ ပြောလို့ရတဲ့ ကျွန်တော်တို့ ရန်ကုန်သားတွေ ထက်တောင် သားနား သန့်ပြန့်နေတာ သိသိသာသာ ကြီးကို မြင်တွေ့ရပါတယ်။ မိုဘိုင်းလ် ဖုန်းကိုယ်စီနဲ့ပါ။
အင်တာနက် မြန်နှုန်းနဲ့ တိုင်းပြည် ကြီးပွား ချမ်းသာခြင်းတို့ အကြား အဆက်အစပ်ကို ခပ်ရေးရေးလေးတော့ သဘောပေါက်လိုက် မိပါတယ်။ (ကိုရီးယားကားမှ ကိုရီးယားကားဖြစ်နေတဲ့ ညီငယ်၊ ညီမငယ် တို့အနေနဲ့ ကိုရီးယားတွေရဲ့ဆံပင်ပုံစံတွေ၊ အင်္ကျီပုံစံတွေနဲ့ ခေတ်ပေါ် စတိုင်လ်တွေကို အတုခိုးသလို သူတို့ဘယ်လိုကြီးပွားအောင် လုပ်ကြ သလဲဆိုတာလည်း ဇာတ်လမ်းတွဲကြည့်ရင်း စူးစမ်းလေ့လာကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။) ဒါပေမဲ့ဗျာ။ ဆင်းရဲလို့ အင်တာနက်မြန်နှုန်း နှေးနေတာကို လက်ခံနိုင်ပေမယ့် နှေးသင့်တဲ့နှုန်းထက် အများကြီးပိုနှေးရုံမကဘဲ လုံးဝ မြန်နှုန်းကင်းမဲ့နေတဲ့အထိဖြစ်ရတာတော့ တော်တော်ရှက်စရာ ကောင်းပါတယ်။ ရှက်စရာကောင်းတယ်ဆိုတာက သုံးစွဲသူ ကျွန်တော် တို့ Customer တွေရော အင်တာနက်လိုင်းဝန်ဆောင်မှုပေးတဲ့ စီးပွားရေး ကို လုပ်ကိုင်နေတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ ဖုန်းကုမ္ပဏီများ ပါ ရှက်စရာကောင်းနေတာပါ။ ကျွန်တော်က မိုဘိုင်းလ်ဖုန်းတစ်လုံး တောင်မပိုင်သေးတဲ့ လူလတ်တန်းစား စာရင်း မ၀င်သူ အခြေခံ လူတန်းစားပါလို့ ပြောရင်ရပါတယ်။ ကောင်းရောင်းကောင်းဝယ်နဲ့ ဘ၀ကို ထူထောင်နေတဲ့ ဘ၀ချောတိုင် တက်သမားတွေထဲက အများ နည်းတူ သာမန်လူတစ်ယောက်ပါ။
တိုင်တစ်ဝက်နားလေးရောက်လိုက် တိုင်းပြည်စီးပွားရေးပေါ်လစီဆိုတဲ့ ချောဆီကို တစ်စုံတစ်ယောက်က Manipulation ၀ါးလုံးရှည်ရှည်နဲ့ လှမ်းထိုးပြီး ချောတိုင်ကို ပိုချောအောင် ချောဆီတွေအားဖြည့်ပေးလိုက်နဲ့ လုံးချာရိုက်နေတဲ့ ကြီးကြီးကျယ် ကျယ်ပြောရရင် မိုက်ခရို ဘစ်ဇနက်မန်းဖြစ်ဖို့ ကြိုးစားနေတဲ့ လူသာမန် တစ်ယောက်ပါ။
ပြောချင်တာက မိုဘိုင်းလ်ဖုန်းနဲ့သုံးရတဲ့ အင်တာနက် အကြောင်းပါ။ ပညာကိုမက်မောသူ၊ ပြီးတော့ တိုင်းပြည်ထူထောင်ရေး အတွက် သေရေးရှင်ရေးလို အရေးကြီးတဲ့ အခုလိုကာလမျိုးမှာ အုတ် တစ်ချပ်မဟုတ်တောင် သဲတစ်ပွင့်စာလောက်လေးပဲ ဖြစ်ဖြစ် ပါဝင် ထမ်းဆောင်ချင်တဲ့သူပီပီ အင်တာနက်ဆိုတဲ့ ရတနာသိုက်ကြီးကို မက်မက်မောမော တူးဆွချင်တဲ့ သူတွေထဲက တစ်ယောက်ပေါ့။
အဲဒီတော့ မိုဘိုင်းလ်ဖုန်းမ၀ယ်နိုင်သေးပေမယ့် ၀ယ်နိုင်တဲ့ ကျွန်တော့်သားရဲ့ GSM ဖုန်းလေးနဲ့ အင်တာနက်ကပ်သုံးပါတယ်။သူက IT PRO ဆိုတော့ Software တို့၊ Network တို့က အိမ်မှာ အလွယ်လေး လုပ်လို့ရပါတယ်။ ပြဿနာက မြန်နှုန်းနဲ့ တွေ့တဲ့ အချိန်မှာ စတင်ပါတော့တယ်။ ကျွန်တော်က တစ်ညမှာ ည ၁၁ နာရီလောက် အင်တာနက် လိုင်းဝင်ဖို့လုပ်ပါတယ်။ ကိုယ်ကျိုးလုံးဝမပါဘဲ ခုနပြော သလို တိုင်းကျိုးပြည်ကျိုးအတွက် သဲတစ်ပွင့်စာလောက် အထောက် အကူဖြစ်မယ့် Gmail လေးတစ်စောင်ပို့မလို့ပါ။ ကွန်ပျူတာရှေ့မှာ ၂နာရီကျော် ကြာသွားပါတယ်။ Mobile Internet Connection က လုံးဝမြန်နှုန်း ကင်းမဲ့ နေပါတော့တယ်။ (လိုင်းလုံးဝ မရတာကို ဆိုလို တာပါ၊) အောက်ပါအရသာများ ကျွန်တော် ကောင်းကောင်းကြီး ခံစား ရပါတော့တယ်။
၁။ အသက် ၅၀ တန်း ဘ၀ဒဏ်ရာဒဏ်ချက်များစွာခံထားရတဲ့ အဘိုးကြီးပေါက်စ ပီပီ အကြာကြီး ထိုင်မိလို့ ကျောပြင်တစ်ခုလုံး ကိုက်ခဲလာပါတယ်။
၂။ အင်တာနက်သုံးစွဲခကို မသုံးလိုက်ရဘဲနဲ့ ၃၀၀ လောက်ပေး လိုက်ရပါတယ်။
၃။ စိတ်ပင်ပန်းဆင်းရဲမှုကို ပြင်းစွာခံစားရပါတယ်။
၎။ အချိန်အလွန်ရှားပါးတဲ့ကြားထဲက ၂ နာရီကျော်ကျော် လောက် အလဟဿဆုံးရှုံးသွားပါတယ်။
၅။ တက် ၆။ ကျွန်တော်ပို့ချင်တဲ့ အရေးတကြီးပို့ရမယ့် Gmail လေး မပို့ရတော့ပါဘူး။ အချိန်မမီတော့ပါဘူး။
၇။ နောက်တစ်နေ့မှာ အိပ်ရေးပျက် စိတ်ပန်းလူပန်းနဲ့ ဖျားပါ တယ်။
၈။ အချိန်ကို အသက်နဲ့ ထပ်တူလေးစားတတ်ပါတယ်လို့ ကိုယ့်ဘာသာ ဂုဏ်ယူဝင့်ကြွားတတ်တဲ့ ကျွန်တော်က မိတ်ဆွေနဲ့ ချိန်းဆိုထားတာကို ပျက်ကွက်ပြီး အရှက်ရပါတယ်။
ကဲ ကောင်းတာဘာများရှိသေးလို့လဲ။ ကျွန်တော်က ဒီဆောင်းပါး မရေးခင် ကျွန်တော်ပဲမှားသလားလို့ သေသေချာချာ ဆန်းစစ်ပါသေး တယ်။ ကိုယ့်အိမ်ကInternet Connection ပြဿနာကြောင့်ပဲလား ဆိုပြီး ဖုန်းလိုင်းကို ခဏပိတ်လိုက်၊ ကွန်ပျူတာကို Restart လုပ်လိုက်နဲ့ ရလိုရငြား ကြိုးစားပြီးလုပ်ပါတယ်။ နောက်တစ်နေ့ ရင်းနှီးတဲ့သူငယ်ချင်း မိတ်ဆွေတွေ မေးကြည့်တော့မှ သူတို့လည်း ထိုနည်း၎င်းဆိုတာ သိလိုက်ရပါတယ်။ ငါတစ်ယောက်တည်းမဟုတ်ပါလားဆိုပြီး နည်းနည်းများ အားတက်ရမှာလားမသိတော့ပါဘူးဗျာ။
အဲဒီမိုဘိုင်းလ်ဖုန်းကို ကျွန်တော့်သားက သူ့ချွေးနှဲစာနဲ့ ၂၁၀ç၀၀၀ ကျပ်တိတိပေးပြီး ၀ယ်ထားတာပါ။ အင်တာနက်လိုင်းအတွက်ကို သက်ဆိုင်ရာကုမ္ပဏီမှာ တစ်သောင်းတစ်ထောင်ကျပ်တိတိပေးပြီး လျှောက်ထားရတာပါ။ ဖုန်းလိုင်းတစ်လိုင်းကို သူများနိုင်ငံမှာ အင်တာနက်သုံးစွဲခွင့် အပါအ၀င် တစ်ထောင်ကျပ်လောက်နဲ့ အလွယ် တကူဝယ်လို့ရနေတဲ့အချိန်မှာ ကျွန်တော်တို့က တန်ဖိုးနည်းဖုန်းဆိုတဲ့ ကြော်ငြာနဲ့ နှစ်သိန်းနှစ်သောင်းကျပ်တိတိပေးပြီး ၀ယ်ရပါတယ်။စင်ကာပူမှာ အင်တာနက်ကို ၂၄ နာရီဖွင့်ထားရင်တောင် မြန်မာငွေနဲ့ တစ်လကို တစ်သောင်းလောက်ကျတဲ့အချိန်မှာ ကျွန်တော်တို့က တစ်မိနစ် နှစ်ကျပ် တစ်နာရီ ၁၂၀ ပေးရပါတယ်။ ပြီးတော့ အထက်ဖော်ပြ ပါဒုက္ခတွေကို အဆစ်အနေနဲ့ တ၀ကြီးခံစားရပါသေးတယ်။ ကျွန်တော် အဲဒီညက mail ပို့ဖို့ လက်လျှော့လိုက်တဲ့အချိန်မှာ ဘာကိုတွေးမိ သလဲဆိုတော့ ငါလို အာဝါဒါးသာသာ ပမွှားတစ်ကောင်က တိုင်းပြည် ချစ်စိတ်လေးဘာလေးနဲ့ ကြီးကျယ်ပြီး ညတောင်ကောင်းကောင်း မအိပ်ဘဲ တတ်နိုင်တာလေးလုပ်နေတဲ့အချိန်မှာ အခုလိုအဆင်မပြေမှု တွေဖြစ်တာနဲ့ ဒုက္ခရောက်နေတဲ့အချိန်မှာ အခွင့်အရေးတွေ အချောင် ရပြီး စီးပွားဖြစ်နေကြတဲ့ သူဌေးမင်းများတို့ကတော့ ဟိုတယ်ခန်း ကောင်းကောင်းထဲမှာလား၊ အိမ်ခန်း ကောင်းကောင်းထဲမှာလား သောက်စားပျော်ပါးပြီး မောမောပန်းပန်းနဲ့ ဇိမ်ကျနေလောက်ပြီလို့ပါ။
ကျွန်တော်က သူတို့လိုစည်းစိမ်မျိုးကို မမက်မောတတ်တဲ့ ငမိုက် သားစစ်စစ်မို့ မနာလိုဖြစ်နေတာလို့တော့ လုံးဝမထင်ပါနဲ့။ အချိန် ရှားပါးလွန်းလို့ မနာလိုဖြစ်ဖို့ ရှိတဲ့အချိန်လေး ဖဲ့မပေးနိုင်ပါဘူး။ကျွန်တော်ပြောချင်တာက တာဝန်ယူမှု အကြောင်းပါ။
အကျိုးအမြတ် တွေအများကြီးရယူထားတဲ့ စီးပွားရေးလုပ်ငန်းရှင်ဆိုတာ တာဝန်ယူ မှုရှိသင့်ပါတယ်။ ၀န်ဆောင်မှုဆိုတာ အနက်အဓိပ္ပာယ်အပြည့်ရှိတဲ့ စကားလုံးပါ။ Customer is King ဆိုတာလည်း မြန်မာနိုင်ငံမှာ တော့ ပုံပြင်ဖြစ်နေတာကြာပါပြီ။
ရချင်တဲ့အကျိုးအမြတ်ကျတော့ ရသင့်တာထက် မတန်တဆယူချင်ပြီး ပေးရမယ့်ဝန်ဆောင်မှုဆိုတာ ထည့်တောင်စဉ်းစားပုံမရပါဘူး။ စားသုံးသူကို လုပ်ပိုင်ခွင့်ကောင်း ကောင်းနဲ့ အထက်စီးယူထားကြတာပါ။ မြန်နှုန်း 2.75G ဆိုတဲ့ အခု ကျွန်တော်တို့သုံးနေတဲ့ GSM အင်တာနက်လိုင်းနဲ့ပတ်သက်တဲ့ နည်းပညာဆိုတာ တော်တော် Date အောက်နေပါပြီ။ ကျွန်တော်တို့ က အဲဒီလောက်လေးကိုပဲ ကောင်းကောင်းမွန်မွန်လေး သုံးခွင့်ရရင် ကျေးဇူးတောင်တင်နေကြမှာပါ။ တော်တော်လည်း သည်းခံတတ်တဲ့ မြန်မာပြည်သားများပါဗျာ။ ကျူးဘားလို ကွန်မြူနစ်တစ်ဖြစ်ကို မနေ့တစ်နေ့ကမှ လဲလာတဲ့ နိုင်ငံမှာတောင် ဒေါ်လာ ၁၀၀ နဲ့ရောင်းတဲ့ မိုဘိုင်းလ်ဖုန်းကို ဒေါ်လာ ၂၅၀ လောက်နဲ့ တန်ဖိုးနည်းဖုန်းဆိုပြီး ခပ်တည်တည်ရောင်းနေတာလည်း ခံနေရတာပါပဲ။ အခုဈေးကို နောက်နှစ်ဆန်းရင် လျှော့မယ်ဆိုတာတောင် တစ်သိန်း၊ တစ်သိန်းခွဲ ဆိုပဲ။ မတင်မကျလေးပါ။ ဒါတောင် နောက်နှစ်ဆန်းပါတဲ့၊ တစ်သိန်း ဆိုတာ ဒေါ်လာတစ်ရာကျော်ပါတယ်။ ဒီနေရာမှာ ဆက်သွယ်ရေးနဲ့ ပူးပေါင်းပြီး မိုဘိုင်းလ်ဖုန်းလိုင်းရောင်းတဲ့ ကုမ္ပဏီတွေကို စေတနာနဲ့ အကြံပြုချင်ပါတယ်။ ဖုန်းလိုင်းသန်းသုံးဆယ်လောက်ကို ငါးနှစ် စီမံကိန်းချပြီးရောင်းချတဲ့အလုပ်က စိတ်ကူးထားတဲ့အတိုင်း တိတိ ကျကျ ဘယ်တော့မှမဖြစ်နိုင်ပါဘူး။ နိုင်ငံရေးအခြေအနေအပြောင်း အလဲနဲ့ လတ်တလောလိုအပ်ချက်တွေကို ထည့်မတွက်ထားတဲ့သဘော ရှိပါတယ်။ နိုင်ငံရေးအရ ၂၀၁၅ မတိုင်ခင်မှာ လူထုစိတ်ကျေနပ် ပျော်ရွှင်သွားအောင်လုပ်ပေးလို့ရတာ တန်ဖိုးနည်းဖုန်း ရောင်းချခြင်း တစ်မျိုးပဲရှိပါတယ်။ အခုနေ ဖုန်းလိုင်းတစ်လိုင်းကို ကျပ်ငွေ ငါးသောင်း လောက်နဲ့ ရောင်းပေးလိုက်ရင် မျှော်မှန်းထားသလို သန်းသုံးဆယ် ကို ရောင်းချလို့ရနိုင်ပါတယ်။ နိုင်ငံခြားနဲ့ ပြည်တွင်းက အခြားကုမ္ပဏီ တွေကို ယှဉ်ပြိုင်ခွင့် မကြာခင် သေချာပေါက် ပေးကိုပေးရတော့မှာ ဖြစ်ပါတယ်။
အဲဒီယှဉ်ပြိုင်ခွင့်ပေးလိုက်တော့မှဆိုရင် သန်းသုံးဆယ် မပြောနဲ့ သုံးသန်းတောင် ရောင်းလိုက်ရမှာမဟုတ်ပါဘူး။ တစ်ခါတလေ မှာ အခြေအနေအချိန်အခါဆိုတာက ကိုယ်လက်လှမ်းမမီတာတွေကို ဖန်တီးတတ်ပါတယ်။ လူထုတစ်ရပ်လုံးကလည်း အစိုးရနဲ့ ဖုန်းရောင်း နေတဲ့ကုမ္ပဏီများကို ကျေးဇူးတင်လို့ရအောင် ကာယကံရှင်စီးပွားရေး သမားတွေလည်း လျာထားချက်ပြည့်မီအောင်ဆိုရင် အခု ငါးသောင်း လောက်နဲ့ရောင်းလိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။
နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေကို မျှော်လင့်စောင့်စားနေရ တဲ့ကာလဖြစ်ပြီးတော့ မိုဘိုင်းလ်ဆက်သွယ်ရေးရော အင်တာနက်ရော ဆိုတာက ၂၁ ရာစု လူ့အဖွဲအစည်းမှာ Infrastructure ထဲမှာပါ တယ်ဆိုတာ သတိပြုသင့်ပါတယ်။
လူသန်းခြောက်ဆယ်လုံးလက်ထဲ ကို မိုဘိုင်းလ်ဖုန်းထည့်ပေးနိုင်ရင် GDP က အလိုလို ၁၀ ရာခိုင်နှုန်း တက်လာမယ်ဆိုတာ သိကြမှာပါ။ ဗီယက်နမ်မှာ Phone Density ၂၀၀ ရာခိုင်နှုန်းပြည့်တော့မယ်ဆိုတာလည်း သိကြမှာပါ။ လူတစ်ယောက် ဖုန်းနှစ်လုံးလို့ ပြောတာပါ။ အမေရိက ကနေ စီးပွားရေးလာလုပ်မယ့် သူတွေက မြန်မာပြည် အဆင်သင့်မဖြစ်သေးဘူးလို့ စပြောလာပါပြီ။ဆီးဂိမ်းလို အရေးပါတဲ့ပွဲတွေအပြင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး စတာတွေနဲ့ပတ်သက်တဲ့ အစည်းအဝေးကြီးတွေ၊ ဖိုရမ်ကြီးတွေ ကျွန်တော် တို့ဆီမှာ လုပ်ရတော့မယ့်အချိန်လည်း ရောက်လာတော့မယ် ဖြစ်ပါ တယ်။ မိုဘိုင်းလ်ဆက်သွယ်ရေးနဲ့ အင်တာနက်လိုင်းကို အချိန်ဆွဲထား လို့ရတဲ့အနေအထားမရှိတော့ပါဘူး။ ကိုယ်ကျိုးစီးပွားတစ်ခုတည်း ကြည့်ပြီး ဆက်လုပ်နေလို့ကတော့ နောင်တစ်ချိန်ခံရရင် တစ်တိုင်း တစ်ပြည်လုံး ခါးစည်းခံရပါလိမ့်မယ်။ အခုအချိန်အထိ သည်းခံပြီး ကောင်းလာနိုးနိုး စောင့်စားနေကြတဲ့လူထုက ဘယ်လောက်ခံနိုင်ရည် ရှိမယ်ဆိုတာ စမ်းသပ်သလိုဖြစ်နေပါတယ်ဗျာ။
နည်းနည်း ပြန်စဉ်းစား ကြစေလိုပါတယ်။ စီးပွားရေးကောင်းလာဖို့က အကြာကြီးစောင့်ရဦး မယ့်အချိန်မှာ အလွယ်တကူလုပ်ပေးလို့ရတဲ့ အခွင့်အရေးလေးတွေကို ကြိုးစားပြီး လုပ်ပေးလိုက်စေချင်ပါတယ်။
ဒီနေရာမှာ မီဒီယာကမိတ်ဆွေတို့ကို အလေးအနက် မေတ္တာ ရပ်ခံပါရစေ။ အကျိုးအမြတ်ရယူမယ့်လုပ်ငန်းရှင်တွေက ကမ္ဘာမှာ ဈေးအကြီးဆုံးမိုဘိုင်းလ်ဖုန်းကို တန်ဖိုးနည်းလို့ပြောတဲ့အခါတိုင်းမှာ မီဒီယာတွေက သတိထားပြီး တန်ဖိုးနည်းဆိုတဲ့အသုံးအနှုန်းကို မီဒီယာ တွေရဲ့အသုံးအနှုန်းမဖြစ်အောင် ရှောင်ရှားပေးကြပါ။ သူတို့သုံးတာ သုံးပါစေဗျာ။ ကျွန်တော်တို့က လိုက်သုံးပြီး လိုက်ကြော်ငြာပေးရင် ကြံရာပါတွေဖြစ်ကုန်နိုင်ပါတယ်။ တန်ဖိုးတကယ်နည်းမှပဲ တန်ဖိုး နည်းလို့ သုံးကြစေလိုပါတယ်။
လွတ်လပ်ရေး တိုက်ပွဲကာလနဲ့ တန်းတူ အရေးပါလှတဲ့ အခုလို နိုင်ငံသစ် တည်ဆောက်ရေး ကာလမှာ လူတိုင်း တိုင်းချစ်ပြည်ချစ်စိတ် မွေးသင့်တယ်လို့ ထင်ပါတယ်။ လုပ်ပိုင်ခွင့် အများကြီး ရှိတဲ့သူ ဆိုတာ အခုအချိန်မှာ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူ့ အဖွဲ့အစည်း အကျိုးကို ပိုပြီး များများ ထမ်းဆောင်နိုင်တယ်လို့ တွေးကြည့်စေချင်ပါတယ်။ ကိုယ် မွေးထားတဲ့ ကိုယ့်သား ကိုယ့်သမီး အပါအ၀င် နောင်မျိုးဆက်သစ်တွေ ကို မတရားသဖြင့် စီးပွားတွေရှာပြီး စည်းစိမ်တွေ ပုံပေးထား ခဲ့ရင်လည်း တိုင်းပြည်က နိုင်ငံရေး၊ စီးပွားရေး ခိုင်မာ တည်ငြိမ်မှု မရှိရင် အလကား ပါပဲ။ အချိန်မရွေး ဒုက္ခများနိုင်ပါတယ်။ သေချာတဲ့၊ ခိုင်မာတဲ့ အနာဂတ် ကောင်းမွန် ပြည့်စုံပြီး လူ့အဖွဲအစည်း တစ်ခုလုံး စည်ပင် ၀ပြောနေတဲ့ ၀န်းကျင်တစ်ခုကို အတူတူ ၀ိုင်းဝန်းပြီး ဖန်တီးကြရအောင်လို့ မေတ္တာ စကားပြောချင်တာပါ။
တိုင်းပြည်သစ် တည်ဆောက်တဲ့ ကာလမှာ လူလာ ဖြစ်နေတာ ကြုံတောင့်ကြုံခဲ အခွင့်အရေးကြီးပါ။ တိုးတက်ဖွံ့ဖြိုးပြီး သားတိုင်းပြည်မှာ တိုင်းကျိုးပြည်ကျိုးထမ်းဆောင်တာထက် အဆ များစွာ ပိုပြီးကုသိုလ်ဖြစ်နိုင်ပါတယ်လို့ စေတနာသတိ၊ မေတ္တာသတိလေး ပေးလိုက်ပါရစေ။
Written by ပိုက်တင်
The Voice Weekly

Reviewed by သစ်ထူးလွင်
on
12:51
Rating:
No comments:
Post a Comment