ချောင်းသာကျေးရွာ၊
အမှတ်(၇) ရပ်ကွက်မှ အိမ်ခြေ ၂၁၂ လုံးကို ဒေသအာဏာပိုင်တို့က ရက်ပေါင်း ၉၀
အတွင်း အပြီးဖျက်ရမည်ဟု မေ ၁၁ရက်က အမိန့်ထုတ်ပြန်ခဲ့ပြီးနောက်
တိုင်းအစိုးရနှင့် လူ့အခွင့်အရေးအဖွဲ့များညှိနှိုင်းကာ ဆောင်ရွက်ခဲ့သော်လည်း
အခြားစိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာနေသည်ဟု ယင်းအိမ်ပိုင်ရှင်များက
ပြောသည်။
ယခုပေါ်ထွက်လာသော စိုးရိမ်ပူပန်မှုမှာ မြေကွက်ဝယ်ပြီး အိမ်မဆောက်ရသေးသူများနှင့် ဆောက်လုပ်နေဆဲသူများကိုသာ လျှောက်လွှာရောင်းချခြင်း မဟုတ်ပဲ အခြားလျှောက်ထားသူများကိုလည်း ရောင်းချပေးနေသဖြင့် လက်ရှိ ပိုင်ဆိုင်သူများက ၎င်းတို့ နေရာမရမည့် အရေး စိုးရိမ်နေကြခြင်း ဖြစ်သည်။
“ပြေလည်အောင် လုပ်ပေးတာက အိမ်ဆောက်ပြီးသား သူတွေကိုပဲပေးတာ၊ မြေကွက်ကို ရှိစုမဲ့စုနဲ့ ၀ယ်ထားတာရပြီး အိမ်မဆောက်နိုင်သေးလို့ မဆောက်ပဲထားတဲ့ သူတွေကျတော့ ရဖို့မသေချာဘူး” ဟု (၇) ရပ်ကွက်တွင် မြေ၀ယ်ထားပြီး ယခုလက်ရှိ မိဘအိမ်တွင်နေထိုင်နေရသူ ကိုခင်မောင်ဝင်းကပြောပြသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတဦးကမူ “အရင်ဦးစားပေးတဲ့ အနေနဲ့ အိမ်ဆောက်ပြီသား လူတွေကို ပေးတာပါ၊ နောက်ထပ်တော့ မဲနှိုက်ပြီးရွေးပေးသွားမှာ” ဟုပြောသည်။
လက်ရှိနေထိုင်သူများကတော့ ယခုသိမ်းထားသည်မှာ ၅၅.၄၀ ဧကဖြစ်ရာ အိမ်ခြေ ၅၀၀ကျော်ကို ချပေးနိုင်သဖြင့်မူလ နေထိုင်သူ ၂ ရာကျော်အပြင် နောက်ထပ်အိမ် ၂၀၀ ကျော်ကိုပါ ချထား ပေးနိုင်ကြောင်းဆိုသည်။
ထိုရပ်ကွက်၏ အဓိက စီးပွားရေး လုပ်ငန်းများမှာ အပန်းဖြေရာသီတွင် အသားကင်ငါးကင်များကို ကမ်းခြေတွင်
ရောင်းချခြင်းနှင့် ၀ါးခုတ်၊ ထင်းခုတ်လုပ်ငန်းများ ဖြစ်၍ ဧည့်သည် မလာသည့် မိုးရာသီတွင် ၀ယ်ထားရသော မြေကွက်များတွင် အိမ်မဆောက်နိုင်ပဲ မိဘဆွေမျိုးများ၏ အိမ်များတွင်သာ ကပ်၍ နေကြရသည်။ ထို့ကြောင့် အိမ်မဆောက်နိုင်လျင် မြေကွက်မရမည့် အရေးကို ၎င်းတို့အနေဖြင့်စိုးရိမ်နေကြခြင်းလည်း ဖြစ်သည်။
ယင်းရပ်ကွက်တွင် အိမ်ဆောက်လုပ်နေဆဲဖြစ်သူ ကိုမျိုးဦးက “ကျွန်တော်ကတော့ ကမ်းခြေမှာ မီးရှုးမီးပန်းရောင်းပြီး ရှိစုမဲ့စုလေးနဲ့ အိမ်ဆောက် နေမလို့လုပ်နေတုန်း ရှိပြီးသားအိမ်တွေတောင် ဖျက်ရမယ်ဆို
လို့ ဆက်မလုပ်သေးတာ၊ အခုပေးတော့လည်း ကျွန်တော်တို့မပါဘူး ဖြစ်နေတယ်” ဟုပြောပြသည်။
ယခုနှစ်အတွင်း ချောင်းသာ ကျေးရွာရပ်ကွက်များ အဆင့်မြှင့်တင်ရေး အတွက် မြေကွက်အသစ်များကို
ရိုက်ထားပေးလျှက်ရှိရာ ယခု (၇)ရပ်ကွက် ရှိလက်ရှိ အိမ်များကို မေ၁၁ ရက်က ၃ လအတွင်း အပြီးဖျက်ခိုင်းခဲ့ကာ မဖျက်ပါက ထောင်တစ်လဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယင်းနောက် ဒေသခံများ မငြိမ်မသက်ဖြစ်လာမည်စိုးရိမ်သဖြင့် တိုင်းအစိုးရအဖွဲ့မှ ဒေသခံများအတွက် ဦးဆောင်လှုပ်ရှားပေးနေသူ လူ့အခွင့်အရေး အဖွဲ့များနှင့်တိုင်ပင်ကာ ဇွန်၂ ရက်နေ့မှ စတင်၍ အိမ်ဆော်ကလုပ်ပြီးသားသူများကို မြေကွက်အသစ်လျှောက်လွှာများ ချထားပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။ ။
by Yangon Press International

လူနေအိမ် ၂၀၀ ကျော် ဖျက်မိန့် ရုပ်သိမ်းသော်လည်း အခြားစိုးရိမ်ပူပန်စရာ ထွက်ပေါ်
Reviewed by သစ်ထူးလွင်
on
04:59
Rating:
No comments:
Post a Comment