သုံးခွမြို့ ကို ပျက်စီးစေသည့် ရေထိန်းတံခါးကြီး(၃)စင်း ကိစ္စ ပြည်သူ့အတွက် ပထမ ရက် ၁၀၀ အတွင်း ထည့်သွင်းမှာလား?
ယခင်သုံးခွမြို၏ ဆိပ်ခံတစ်ခုဖြစ်သော ဆိပ်ကမ်းသာဆိပ် |
မြန်မာသမိုင်းမတိုင်ခင် ကာလထဲက မိခင်ဧရာဝတီ တည်ရှိပြီးဖြစ်ခဲ့သည်၊ ထိုနည်းတူပင် သုံးခွမြို့ မတည်ခင် ရှေးကာလများစွာကထဲက မှော်ဝန်းချောင်းမှာလည်း တည်ရှိပြီးဖြစ်ပါသည်။ လူနှင့် သတ္တ၀ါ တို့ သည်သဘာဝကပေးအပ်သော အရင်းအမြစ်များကို မှီခို၍ ရှင်သန်အသက်မွေးခဲကြရပါသည်။
ယခုအခါသဘာဝမှပေးအပ်ခဲ့သော အရင်းအမြစ် တစ်ခုဖြစ်သော မှော်ဝန်းချောင်းမှာလုံးဝ သိမ်ကောပပျောက်တော့မည် အန္တရယ်နှင့် ရင်ဆိုင်နေရပါသည်။ မြန်မာတို့ ၏ မိခင်ဧရာဝတီကို အချိန်မှီကယ်တင်နိုင်ခဲ့ သလို သုံးခွသားတို့ ၏ မိခင်မှော်ဝန်းချောင်းကိုလည်း အချိန်မှီကယ်တင်နိုင်ရန် အထူးအလေးထား ဖော်ပြပေးလိုက်ပါသည်။"
ယခင်သုံးခွမြို့ ၏ ဆိပ်ခံတစ်ခုဖြစ်သော ဗန္ဒာပင်ဆိပ် |
မှော်ဝန်းမြေမှ ငိုရှိုက်သံများ
မြို့တည်ရာဇ၀င် (ရာဇ၀င်ကပြောသော သုံးခွမြို့တည်ရာအကြောင်း)
ယခု သုံးခွမြို့တည်ရာဒေသသည် စစ်တောင်းမြစ်ဝကျွန်းပေါ်ဒေသဖြစ်သည်။ ချောင်း၊ မြောင်း၊ အင်းအိုင်များ ပေါများပြီး ရေငံသစ်တောကြီးများ ဖုံးလွှမ်းလျှက်ရှိသည်။ သားရဲတိရစ္ဆာန်များ ခိုအောင်းခဲ့သဖြင့် မြို့နယ်အတွင်း ခွာတော်အိုင်၊ ဥယျာဉ်တော၊ ကျားဝင်း စသည့်အမည်များ ယခုတိုင် တည်ရှိနေပေသည်။
သန်လျင်ဘောချောင်းသည် ယခု ပုလဲရွာ(ယခင်ပတ်လက်ရွာ)မှ ဖြတ်သန်းပြီး ညောင်နီ ချောင်း၊ နံယောချောင်းတို့နှင့် ဆက်လျှက် သုံးခွကိုဖြတ်ကျော်ကာ ဘုရားကြီးမှ တဆင့် အရှေ့မုတ္တမ ပင်လယ်ကွေ့သို့ ပေါက်ရောက်စီးဆင်းခဲ့ကြောင်း ပထ၀ီအနေအထားက ဖေါ်ပြလျှက်ရှိသည်။ မှော်ဝန်းချောင်းသည် ယခု သုံးခွမြို့တည်ရာတွင် လာရောက်ပေါင်းဆုံကာ ချောင်းသုံးခွဖြစ်ပေါ်ခဲ့ပြီး ရေလမ်း၊ ကုန်းလမ်း ကူးသန်းရောင်းဝယ်ရေးစခန်းသာ ဖြစ်ခဲ့လေသည်။
ယခင်သုံးခွမြို့ ၏ ဆိပ်ခံတစ်ခုဖြစ်သော ရေချိုပိုင်းဆိပ် |
တည်နေရာ၊ အကျယ်အ၀န်း၊ လူဦးရေနှင့် စိုက်ပျိုးမြေဧက
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်တွင်တည်ရှိပြီး အရှေ့ဘက်တွင် မုတ္တမပင်လယ်ကွေ့ အနောက်ဘက်တွင် သန်လျင်မြို့နယ်၊ တောင်ဘက်တွင် ကျောက်တန်းမြို့နယ်၊ မြောက်ဘက်တွင် ခရမ်းမြို့နယ်တို့နှင့် ထိစပ်လျှက်ရှိ၍ ဧရိယာအကျယ်အ၀န်းမှာ (၃၂၂.၅၈)ဧရိယာစတုရန်းမိုင် ကျယ်ဝန်းပြီး မြို့ပေါ်(၁၂)ရပ်ကွက်၊ ကျေးရွာပေါင်း(၆၄)ရွာ၊ ကျေးရွာအုပ်စု(၁၆၆)အုပ်စုဖြင့် ဖွဲ့စည်း တည်ထောင်ထားပါသည်။ တစ်မြို့နယ်လုံး၏ လူဦးရေစုစုပေါင်းမှာ(ကျား/မ) (၁၅၈၈၃၆)ဦးရှိပြီး ကျားဦးရေ(၇၆၇၁၃)ဦး၊ မဦးရေ(၈၂၁၂၃)ဦးရှိ၍ စိုက်ပျိုးမြေဧက(၁၃၉၉၉၆)ဧကရှိပြီး မိုးရာသီတွင် မိုးစပါးကို အဓိကထား၍ ဆောင်းရာသီတွင် ဆောင်းသီးနှံ ပဲတီစိမ်းကို အဓိကထားစိုက်ပျိုးပြီး စိုက်ပျိုးရေးကိုအခြေခံ၍ ရောင်းဝယ်ဖေါက်ကား စည်ပင်သော မြို့တစ်မြို့ ဖြစ်ပါသည်။
ရေထိန်းတံခါးကြီး (၃)စင်းနှင့် သုံးခွမြို့
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် လယ်ယာစိုက်ပျိုး ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ရေထိန်းတံခါးကြီး(၃)စင်းအား ဆောက်လုပ်ခဲ့ရာမှ သုံးခွရေထိန်း တံခါးကို ၂၀၀၅ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင်လည်းကောင်း၊ တကောရေထိန်းတံခါးနှင့် ကဒပ္ပနရေထိန်း တံခါးတို့ကို ၂၀၀၆ ခုနှစ်တွင် စတင် အကောင်အထည်ဖေါ် တည်ဆောက်၍ သုံးခွရေထိန်းတံခါးကို ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်းကောင်း၊ တကောရေထိန်းတံခါးကို ၂၀၀၈ ခုနှစ်နှင့် ကဒပ္ပန ရေထိန်းတံခါးကို ၂၀၀၉ ခုနှစ်များတွင် အသီးသီး တည်ဆောက်ပြီးစီး ဖွင့်လှစ်ခဲ့ပါသည်။
နုန်းကိုက်နေသော သုံးခွ ရေထိန်းတံခါး |
သောင်ထွန်းပြီး နုန်းကိုက်၍ ရေနှုတ်ရန် ခက်ခဲနေသော တကော ရေထိန်းတံခါး |
နုန်းကိုက်နေသော ကဒ္ဒပနရေထိန်းတံခါး |
ယခုအခါ ရေထိန်းတံခါးကြီး(၃)စင်း၏ အတားအဆီးများကြောင့် ကျေးရွာနေပြည်သူများမှာ ရေလမ်းခရီးတွင် ဒုက္ခမျိုးစုံနှင့် ကြုံတွေ့နေရပါသည်။ ရေထိန်းတံခါးများနှင့် မြို့မဈေးမှ အနီးဆုံး (၂)မိုင်မှ အဝေးဆုံး (၆)မိုင်ခန့် အကွာအဝေးတွင် ရှိပါသည်။ မိုးအခါ ကျေးရွာများမှ ပြည်သူများ၏ ကုန်စည်စီးဆင်းမှုမှာလည်း အဆင့်ဆင့် သယ်ယူပို့ဆောင်နေရသဖြင့် မလိုအပ်သော ၀န်ဆောင်မှု စရိတ်များစွာ မြင့်တက်ခြင်း၊ ယခင် ဈေးနှင့်ကပ်လျှက်ရှိသော ဆိပ်ခံကြီးများ မရှိတော့ခြင်းကြောင့် ဆိပ်ကမ်းကုန်တင်ကုန်ချလုပ်သားတို့မှာ အလုပ်အကိုင်ရှားပါးမှုပြဿနာများ ကြုံတွေ့နေရပြီး မြို့ပေါ်နေ ဈေးသူဈေးသားများမှာလည်း ရောင်းဝယ်ဖေါက်ကားမှုများ ကျဆင်းလျှက်ရှိခြင်း တို့ကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှုများ နှေးကွေးကျဆင်းလျှက်ရှိပါသည်။ အဆိုးဆုံးမှာ သဘာဝအရင်းအမြစ်ဖြစ်သော မှော်ဝန်းချောင်းမှာ ယခုအခါ ချောင်းများကောလာကာ နွေအခါရေကျချိန်တွင် (၁)ပေသာသာရှိသော ရေမြောင်းငယ်လောက်သာရှိသော အခြေအနေသို့ ရောက်ရှိနေပေသည်။ သုံးခွမြို့သည် မြေအောက်ရေအရင်းအမြစ်မရှိသော မြို့ဖြစ်ပြီး နွေအခါ သောက်သုံးရေကန်များကိုသာ အားထားနေရပါသည်။ ယခုလို ပူပြင်းခြောက်သွေ့သော နွေရာသီ တွင် ရေကန်များမှာ ခန်းခြောက်၍ ရေရှားပါးနေသော ကာလဖြစ်ပါသည်။ မှော်ဝန်းချောင်း၏ ရေအရင်းအမြစ်မှာလည်း ဆုံးရှုံးနေသဖြင့် ယခုအခါ မြို့နေပြည်သူများသည် မီးဘေးကို အလွန်စိုးရိမ် ပူပန်နေရပါသည်။ ရေတံခါးများ၏အတားအဆီးများကြောင့် သဘာဝဂေဟစနစ်များ ပျက်စီးပြီး ရေသယံဇာတများ ရှားပါပြီး သားငါးရှားပါးလာခြင်းနှင့် ချောင်းအောက်ပိုင်းတွင် မြောင်းငယ်သဖွယ် ရေစီးကြောင်းလောက်သာ ရှိခြင်းတို့ကြောင့် မရှိဆင်းရဲသား တံငါသည်များ မှာလည်း ၀မ်းစာရေးပြဿနာများနှင့် ကြုံတွေ့နေရပါသည်။ ထိုကဲ့သို့ ဒေသတစ်ခုလုံးကို ဆိုးကျိုးများပေးလျှက်ရှိသော ရေထိန်းတံခါးကြီးများကို ယခင်အစိုးရလက်ထက်တွင် မြန်မာတစ်နိုင် ငံလုံးရှိ အခွန်ထမ်းပြည်သူတို့၏ အခွန်ဘဏ္ဍာများဖြင့် တစ်စင်းကို ကျပ်သန်းပေါင်း(၂၅၀၀)ခန့် အကုန်အကျခံ၍ တည်ဆောက်ခဲ့သည်ဟု သိရှိရပါသည်။ ထိုရေထိန်းတံခါးကြီး(၃)စင်း၏ ပမာဏမှာ ကျပ်သန်းပေါင်း(၇၀၀၀)ရှိမည်ဟု ခန့်မှန်းသိရှိရပါသည်။ ထိုငွေပမာဏနှင့် ဒေသအတွင်း ပညာရေး အတွက် အသုံးပြုပါက ကျေးရွာများအားလုံး စာသင်ကျောင်းများဆောက်လုပ်နိုင်ပြီး၊ ကျန်းမာရေး အတွက် အသုံးပြုပါက ကျေးရွာတိုင်းနီးပါး တိုက်နယ်ဆေးရုံ (သို့) ဆေးခန်းများ ဆောက်လုပ်ပေး နိုင်ပြီး လမ်းပန်းဆက်သွယ်ရေးအတွက် အသုံးပြုပါက ကျေးရွာတော်တော်များများ နွေ၊ မိုး သွားလာ နိုင်သောလမ်းများ ဖေါက်လုပ်ပေးနိုင်ပေသည်။
ချောင်းကောနေပုံကိုဂြိုလ်တုဓါတ်ပုံမှမြင် |
ဂျာနယ်ကြီး(သုံးခွ)
သုံးခွမြို့ ကို ပျက်စီးစေသည့် ရေထိန်းတံခါးကြီး(၃)စင်း ကိစ္စ ပြည်သူ့အတွက် ပထမ ရက် ၁၀၀ အတွင်း ထည့်သွင်းမှာလား?
Reviewed by သစ်ထူးလွင်
on
20:30
Rating: