ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာရှိတဲ့ Yangon Crown သံမဏိစက်ရုံက
ရာနဲ့ချီတဲ့ အလုပ်သမားတွေ ဒီကနေ့ ဆန္ဒပြနေကြပါတယ်။ လုပ်ခ လစာတိုးမြှင့်ရေး
အပါအ၀င် အချက် ၁၃ ချက်ကို အဓိက တောင်းဆိုခဲ့ကြတာပါ။ အလုပ်ရှင်ဘက်ကတော့
အလုပ်သမားတွေအနေနဲ့ အလုပ်မဆင်းတာ ၃ ရက်ပြည့်ရင် အလုပ်ကနေ အလိုအလျောက်
နှုတ်ထွက်ပြီးသား ဖြစ်တယ်လို့ ပြောဆိုထားပေမဲ့ သပိတ်ဖြစ်မြောက်ရေး
ကော်မတီကတော့ တောင်းဆိုချက်တွေ ရရှိတဲ့အထိ ဆက်လက် ဆန္ဒပြသွားမယ်လို့
ဆိုပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက တင်ပြထားပါတယ်။
တနင်္ဂနွေနေ့ မနက် ၇ နာရီကစပြီးတော့ မှော်ဘီမြို့နယ် Yangon Crown သံမဏီစက်ရုံက အလုပ်သမား ၅၀၀ ကျော်ဟာ လက်ရှိ သူတို့ရရှိနေတဲ့ တနေ့လုပ်အားခ ၁၆၀ ကို တိုးမြှင့်ပေးဖို့ နဲ့ လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေ ဘေးအန္တရာယ်ကင်းရှင်းစေရေး အပါအ၀င် အခြေခံရပိုင်ခွင့်တွေကို ရရှိဖို့အတွက် ဆန္ဒပြတောင်းဆိုနေကြတာပါ။ သူတို့ရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြ အလုပ်သမားတွေအရေး ကူညီပေးနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း တာဝန်ခံ ကိုအေးလွင် က အခုလို ပြောပြပါတယ်။
“နံပါတ် (၁)၊ အခြေခံလစာ နည်းပါးခြင်းကို ညှိနှိုင်းရန်၊ အချိန်ပို လုပ်အားခများကို ထိုက်တန်စွာ ရရှိရန်၊ နံပါတ် (၂)၊ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက် ဥပဒေများကို ညှိနှိုင်းရန်၊ နံပါတ် (၃)၊ အလုပ်သမားများအား ငွေကြေးနှင့် ဒဏ်ခတ်ခြင်းများ ပပျောက်စေရန်၊ နံပါတ် (၄)၊ တရားဝင် ရုံးပိတ်ရက်နှင့် အလုပ်ပိတ်ရက်များကို သတ်မှတ်ပေးရန်၊ နံပါတ် (၅)၊ အလုပ်သမားများထံမှ နိုင်ငံသားမှတ်ပုံတင်များ သိမ်းဆည်းထားခြင်းစနစ်ကို ဖျက်သိမ်းပေးရန်၊ လူမှုဖူလုံရေးကဒ်ပြားများကို လုပ်သားများအားလုံးအား ထုတ်ပေးရန်၊ တရုတ်စက်ရုံမှူးများနှင့် မြန်မာစက်ရုံမှူးများ နားလည်မှုယူရေး တိကျသော အလုပ်တာဝန်ပေးအပ်ရန်၊ အလုပ်သမားများအား လစာပေးချေရာတွင် လဆန်း ၅ ရက်နေ့ နောက်ဆုံးထား၍ ပေးချေရန်၊ အလုပ်သမား ဘေးအန္တရာယ် ကင်းရှင်းရေးဌာန၊ အလုပ်သမား ကျန်းမာရေးဌာနနှင့် ၀န်ထမ်းရေးရာ ဌာနများကို သီးခြား ဖွင့်လှစ်ပေးရန်၊ နံပါတ် (၉)၊ ဌာနဆိုင်ရာ တစ်ခုစီတွင် အရေအချင်း ပြည့်မှီသော စကားပြန်တစ်ယောက်ဆီ ထားရှိရန်၊ နံပါတ် (၁၀)၊ ဆုကြေးစားသမားများ ဆုကြေးရသကဲ့သို့ အခြား မည်သည့်အောက်ခြေ အလုပ်သမားများမဆို ထိုက်သင့်သလို ဆုကြေး တိုးပေးရန်၊ နံပါတ် (၁၁)၊ အလုပ်သမားများအား လုပ်ငန်းသုံး ပစ္စည်းများ၊ ဘေးအန္တရာယ်ကင်းရှင်းရေး ပစ္စည်းများကို လိုအပ်သည့်အခြေအနေတွင် အခမဲ ထုတ်ပေးရန်၊ လုပ်ငန်းနှင့် မသတ်ဆိုင်သော လုပ်ငန်းများကို မခိုင်းစေရန်၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် ပတ်သက်၍ စက်ရုံမှ ၀ယ်ယူသောအခါ ရောင်းချသော ကုန်သည်များနှင့် ညှိနှိုင်းပြီး တင်းတင်းကျပ်ကျပ် စိစစ်ဆောင်ရွက်ရန်၊ နံပါတ် (၁၃)၊ အလုပ်သမားများအပေါ် နိုင်လိုမင်းထက် ရိုင်းပြစွာ ဆက်ဆံသော စက်ရုံမှူးအား ရာထူးတာဝန်မှ လုံးဝ ရပ်ဆိုင်းပေးရန်။ ၁၃ ချက်ပါ။”
ဒါ့အပြင် Yangon Crown သံမဏိစက်ရုံကို ပိုင်ဆိုင်တဲ့ အလုပ်ရှင်ဟာ နိုင်ငံခြားသား တရုတ်လူမျိုးဖြစ်ပြီး - ဒီစက်ရုံမှာ တရုတ်အလုပ်သမား ၀န်ထမ်းတွေလည်း ရှိပေမဲ့ - မြန်မာအလုပ်သမားတွေအနေနဲ့ အဲ့ဒီ တရုတ်အလုပ်သမားတွေနည်းတူ ခံစားခွင့် အခွင့်အရေး တန်းတူမရရှိဘူးလို့လည်း ကိုအေးလွင်က ပြောပြပါတယ်။
“သူတို့အနေနဲ့က သူတို့လူမျိုးဖြစ်နေတဲ့ တရုတ်ကိုပဲ facility အပြည့်ပေးတာလေ။ သူတို့မှာ စက်ရုံမှူးခွဲ ရှိတယ်လေ။ အခြား အခြေခံလစာနဲ့ အလုပ်ကြမ်းလုပ်ရတဲ့သမားကို သူတို့လူ ကျတော့ မခန့်ဘူးလေ။ မြန်မာလူမျိုးနဲ့ပဲ ဒီအလုပ်ကြမ်းအလုပ်ကို လုပ်ရတယ်။ သူတို့ခန့်ထားတဲ့ စက်ရုံမှူးဆိုတာ သူတို့ တရုတ်လူမျိုးနဲ့ပဲ ခန့်ရတယ်။ အဲဒီကြားထဲမှာ စကားပြန်နဲ့ အလုပ်လုပ်ရတယ်။ စကားပြန်နဲ့ အလုပ်လုပ်ရတော့ အဆင်မပြေမှုတွေ ရှိတယ်။ ရှိတဲ့အခါမှာ အလုပ်သမားတွေက ပြန်ပြီးတော့ ဒဏ်ကြေးဆိုတာ အရိုက်ခံရတယ်။ ဒဏ်ကြေးကို ငွေကြေးနဲ့ အရိုက်ခံရတယ်။”
အလုပ်သမားတွေဘက်ကတော့ သူတို့ရဲ့ တောင်းဆိုချက်တွေကို မရမချင်း ဆက်လက် ဆန္ဒပြသွားမယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်ပေမဲ့ အလုပ်ရှင်ဘက်ကတော့ - ဒီဆန္ဒပြမှုနဲ့ပတ်သက်ပြီး အခုလို တုံ့ပြန်ခဲ့တယ်လို့လည်း သူက ဆက်ပြောပြပါတယ်။
“အလုပ်ရှင်တွေနဲ့ ညှိလိုက်တဲ့အခါကျတော့ အလုပ်ရှင်က ဘာပြောလဲဆိုတော့ အလုပ်သမားထုကို သူက ပြောတဲ့စကားက သုံးရက်အတွင်းမှာ လုပ်ငန်းပြန်ဝင်ပါ။ တကယ်လို့ သုံးရက်အတွင်း မ၀င်ဘူးဆိုရင် ဒီအလုပ်သမားတွေ အားလုံးကို သူက ဖြုတ်တယ်ဆိုတဲ့ ရာဇသံကို သူက ပေးလိုက်တယ်။ အဲဒီတော့ တောက်လျှောက်ဆက်ပြီးတော့ တလပဲကြာကြာ ဘယ်လောက်ပဲ ကြာကြာပေါ့နော်၊ ကာလတခုအထိ မရမချင်းတိုက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ သူတို့ အကုန်ချပြီးသွားပြီ။”
လောလောဆယ်မှာတော့ အလုပ်ရှင်နဲ့ အလုပ်သမားအကြား ပြေလည်မှုရစေဖို့ စက်ရုံအုပ်ချုပ်ရေးမှူးတွေနဲ့ သပိတ်ကော်မတီဝင်တွေအကြား ပြောဆိုနေတာသာရှိပြီး ဘယ်အဖွဲ့ကမှ ကြားဝင် ညှိနှိုင်းဆောင်ရွက်ပေးခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။ ဆန္ဒပြတောင်းဆိုမှု ဒုတိယမြောက်နေ့ဖြစ်မယ့် တနင်္လာနေ့ကျရင်တော့ ဒီအခြေအနေအားလုံးကို မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာနနဲ့ ILO ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ်တွေထံ တိုက်ရိုက်တင်ပြသွားဖို့ သပိတ်ကော်မတီက ဆုံးဖြတ်ထားကြောင်းလည်း ကိုအေးလွင်က ဗွီအိုအေကို ပြောပြခဲ့ပါတယ်။
တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲကိုတော့ အာဏာပိုင်တွေဘက်က တစုံတရာ ဟန့်တားနှောင့်ယှက်တာမျိုး မရှိခဲ့ဘဲ အဝေးကနေသာ ဓာတ်ပုံရိုက် မှတ်တမ်းတင်တာမျိုးပဲ ရှိခဲ့တယ်လို့လည်း မျက်မြင်သက်သေတချို့က ပြောပြပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်းမှာပဲ လှိုင်သာယာမြို့နယ် ရွှေပြည်သာစက်မှုဇုံမှာရှိတဲ့ စက်ရုံ (၆) ရုံ က ထောင်နဲ့ချီတဲ့ အလုပ်သမားတွေလည်း ဆန္ဒပြတောင်းဆိုခဲ့ကြပြီး အလုပ်ရှင် အလုပ်သမား အကြား ပြေလည်မှုရဖို့ အာဏာပိုင်တွေဘက်က ကြားဝင် ဖြေရှင်းခဲ့ပေမဲ့ အခုအချိန်ထိ ပြေလည်မှု မရရှိသေးဘူးလို့လည်း သိရပါတယ်။
By ဗွီအိုအေ (မြန်မာဌာန)

အခြေခံရပိုင်ခွင့်တွေရဖို့ သံမဏိစက်ရုံ အလုပ်သမားတွေ ဆန္ဒပြ
Reviewed by သစ်ထူးလွင်
on
03:03
Rating:
23 comments:
ကိုယ့်နိုင်ငံ အထဲမှာတင် ကျွန်သဘောက်ဘဝ ရောက်ရတာ ရင်နာတယ်...
အလုပ်သမားဝန်ကြီး ဌာန ဘာတွေလုပ်နေပါသလဲ။
အလုပ်သမား ဘက်ကလား၊
အ၇င်း၇ှင် နိုင်ငံခြားသား ဘက်လား.
မျိုးချစ် စိတ်မ၇ှိတော့ တာလား..
ဥပဒေ တပြေးတည်း တသားတည်း မ၇ှိတာလား...အနာ၈တ်ေ၇း
တွေး ပြီးစဉ်းစားပေးကြပါ...
ဟာအဲဒီလောက်တောင်လားဗျာ... တကယ်ကျွန်တော်မထင်မိဘူး .. တစ်ရက် လုပ်အားခ ၁၆၀... ဟားးးးး လက်ဖက်ရည်တစ်ခွက်စာတောင်ရှိရဲ့လားဗျာ.... ကဲကျွန်တော်အားပေးတယ်ဗျာ ဆဒ္ဒသာဆက်ပြကြ.. ပန်းတိုင်မရောက်မချင်း ဆက်သာပြ...နောက်ထပ် ၅ ရက်ကြာလို့မှ အကိုတို့ အမတို့ရဲ့ တောင်းဆိုချက်မရရင်...ပြင်ပကနေကူညီပြီး ထောက်ပံ့ပေးဖို့ အတွက်တာဝန်ခံပြီး လက်ခံမဲ့သူရဲ့ မှတ်ပုံတင်နဲ့ လွှဲရမဲ့ လိပ်စာကိုသိတဲ့သူများတင်ပေးပါခင်ဗျာ... ကျွန်တော် အမြဲလာကြည့်နေပါတယ်....
ထောက်ခံတယ် ဆန်ဒကို မချိုးကြနဲ့ ညီတို့ ညီမတို့ ရနေတဲ့ လုပ်ခလစာတွေက အရမ်းနည်းလွန်းတယ် လူမဆန်ဘူး ဒီတရုတ်အလုပ်ရှင်တွေက တို့နိုင်ငံက အရင်းမြစ်တွေ အလကားနည်းနည်းယူ တို့ လူမျိုးတွေကို ကျွန်သာသာ ပေးပြီး ခိုင်းတာ မင်းတို့ တောင်းဆိုတာ မရရင် ဒီအလုပ်ရှင် ဒီနိုင်ငံက ထွက်သွားရအောင်ဖိအားပေးကြ ခောတ်ပြောင်းချိန်ရောက်ပြီ
မြန်မာ လူမျိုးဖြစ်ရတာ ရင်နာလိုက်တာ။ ကိုယ့်နိုင်ငံ အထဲမှာရော၊ ပြည်ပ မှာပါ မျက်နှာငယ်လိုက်တာ...နော်။ အရမ်း ငိုချင်တယ်....
သူ့ကျွန်မခံပြီ၊ ဆွေမျိုးပေါက်ဖေါ်ကိုရွေတရုတ်များ မြန်မာပြည်ကိုလုပ်ကွက်တစ်ခုလို့မသတ်မှတ်ပါနဲ့ ငါတို့မြန်မာတွေဟာကျွန်မဟုတ်ဘူး သခင်ကွ၊ အလုပ်သမားများကိုအားပေးတယ် ကိုယ်လိုချင်တာမရမခြင်း ဆက်လက်ဆန္ဒပြရမယ်၊ ဒါမှတို့မြန်မာတွေကိုတခြားလူမျိုးတွေလာအနိုင်မကျင့်ရဲမှာနောင်လဲဒီလိုအဖြစ်မျိုးတွေရှလာဦးမှာ ဒါကြောင့်တိုက်ပွဲကိုအောင်နိုင်အောင်တိုက်ရမယ်။
ကိုယ့်နိုင်ငံထဲမှာ ကျွန်ပြန်ဖြစ်နေတဲ့ ဘ၀ကိုပြောင်းဖို့ ..အားလုံး အားပေးကြပါ..စိတ်မလျော့ပဲနဲ့  ဆက်လက် တိုက်ပွဲဝင်ဖို့  အားပေးပါတယ်..ကျွန်တော်တို့ တွေလည်း သိပ်မထူးခြားနားပါဘူး...ကျွန်တွေထဲက ကျွန်ပါပဲ...
မြန်မာအာဏာပိုင်တွေ အသုံးမကျလို့ဒီလိုဖြစ်ရတာ
ဘယ်မှာလဲတိကျခိုင်မာတဲ့ဥပဒေ
ဥပဒေမရှိတော့ နိုင်ငံခြားသားတွေက ကို့ယ်နိုင်ငံ ကိုယ့်လူမျိုးကို ချယ်လှယ်ချင်တိုင်း ချယ်လှယ်နေကြတော့တာ
ခေါင်းဆောင်တွေက
ပြည်သူတွေကို ကာကွယ်ဖို့ထက် သူတို့မိသားစုကောင်းစားဖို့ပဲအလေးထားနေတာ
မြန်မာလူမျိုးတွေ ကျွန်ဘဝက အမြန်ဆုံးလွတ်မြောက်ပါစေ
အင်တာဗျုးအတုနဲ့ တွေ့ မယ်နော်..
160 တဲ့ဗျာကွမ်းတောင်မှဝအောင်မစားရတဲ့လခ စာပါလား ...
ခင်ဗျာတို့ဘာလုပ်နေတာလည်းယခုအချိန်မှာမှတရုတ်ပိုင်စက်ရုံတွေကိုပြည်သူပိုင်လုပ်ပေးသင့်ပါတယ်။မြန်မာပြည်ကတယံဇတတွေကိုစစ်အာဏရှင်နဲပေါင်းပြီခိုးထုပ်နေတဲ့တရုတ်စက်ရုံတွေကိုပြည်သူပိုင်သိမ်းပေးပါလို့ပြည်သူလွှတ်တော်ကိုယ်စားလှယ်တော်ကြီးများကိုအပြည့်အ၀တောင်းဆိုပါတယ်။
Unknown ရေ အလုပ်သမားဝန်ကြီး ကိုယ်တိုင်က ယခင်တုန်းက အထည်ချုပ်စက်ရုံကုမ္မဏီ
ပိုင်ရှင်လေ။ အခုတော့မသိဘူး ။ ဒါကြောင့်အလုပ်သမားများရပိုင်ခွင့်ကို မသိချင်ရောင်ဆောင်နေတာနေမှာပေါ့။
သူ့ရဲ့အကျိုးစီးပွားလေ။ပြဿနာတွေတက်နေတဲ့ခရိုနီကုမ္မဏီတွေအားလုံးလွှတ်တော်အမတ်အချို့နဲ့ မြန်မာအာဏာပိုင်အချို့တွေ ဟာ ရှယ်ယာမကင်းပါဘူး။ သမ္မတတောင်မှကင်းရဲ့လားမသိပါဘူး။
ဒါကြောင့်ယုံကလေးတွေ နှာစေးနေတာပေါ့။
ဓါတ်ပုံမှားယွင်းဖော်ပြထားတယ်လို့ ထင်ပါတယ်။ အလုပ်သမားတွေရဲ့ ဓါတ်ပုံအမှန်မဟုတ်ပါ။
ဌာနဆိုင်ရာ ၀န်ထမ်းများရဲ့ ဓါတ်ပုံသာဖြစ်တယ်လို့ ထင်ပါတယ်။
သတင်းဓါတ်ပုံ မှန်ကန်မှုရှိ၊ မရှိ စိစစ်သင့်ပါတယ်။
ဓါတ်ပုံပါပြီးရော မလုပ်သင့်ပါ။
ဒီစက်ရုံပိုင်ရှင်က သာမာန်တရုတ်မဟုတ်ဖူးဗျ။ ဝန်ကြီးတွေနဲ့ ဂေါက်ရိုက်နေတဲ့လူ၊ အကြီးနာမည်က လျှေက်ဆန်း၊ အငယ်က လျှောက်ဝူတဲ့၊
အရည်အသွေးမမှီတဲ့ AGM တံဆိပ် ဝါယာကြိုးတွေလဲလုပ်တယ်။ လျှပ်စစ်ဝန်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့် သမီးမင်္ဂလာဆောင်တုန်းက Lexus ကား တစ်စင်းလက်ဖွဲ့တယ်။ လက်ရှိ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုးအိမ် ထမင်းစားခန်းမှာ ညစာစားတယ်။ မြန်မာစကားမွှတ်နေအောင်တတ်ကြပြီး မှတ်ပုံတင်လည်းရှိကြတယ်။ လူကြီးတွေကို မေးကြည့်ယင် သူတို့ညီအကိုက ကိုးကန့်လိုလို၊ ရှမ်းမြောက်က လိုလို ညာပြောကြလိမ့်မယ်။
တိုင်းပြည်ကို ဒီလိုရောင်းစားနေကြတာဗျ။
တရက်ကို ၁၆၀ ကျပ်နဲ့ လုပ်လာတာဘယ်လောက်တောင်ကြာပြိလဲမသိဘူး
လခတိုးတောင်း မနေ နဲ့ အဲစက်ရုံကိုမီးနဲ့ သာ ရှို့ ကွာ
ပြည်တွင်းက အ၇င်း၇ှင်တွေ၇ဲ့  နှိပ်စက်တဲ့ ဒဏ်ခံနိုင်အောင်လေ့  ကျင့် ထားကြပါ ပြည်ပ က အ၇င်း၇ှင်ကြီးတွေ လာ၇င် ဒိထက် ပိုပြီးနှိပ်စက် ကြဦးမှာမို့ အခုထဲက ခံနိုင်၇ည် ၇ှိအောင် ပေါ့
အခုအခြေအနေကိုကြည့်ရတာ ကိုလိုနီခောတ်ကရေနံချောင်းသပိတ်မှောက်တဲ့ အကြောင်းကိုသတိရမိတယ် ကွာတာကအဲဒီခောတ်အစိုးရက အင်္ဂလိပ်လေ အခုအစိုးရကမြန်မာဆိုတော့ ကိုယ့်လူမျိုးနက်နာနေတာ ဒီအတိုင်းကြည့်နေမှာလား တိကျခိုင်မာတဲ့ဥပဒေနဲ့ ကူညီကြပါဦး ပြည်သူကရွေးကောက်တင်မြောက်ထားတဲ့ ၀န်ကြီးတွေပြည်သူ့ဆန်စားပြီးရဲကြပါဦး ပြည်သူသာအမိပြည်သူသာအဖဆိုရင် သားသမီးဖြစ်တဲ့ဝန်ကြီးတွေ ဒီအတိုင်းမနေကြပါနဲ့လို့ပြောချင်တယ်။
ဌာနဆိုင်ရာ ၀န်ထမ်းများ၏ ဓါတ်ပုံအား ဖေါ်ပြထားပါသဖြင့် သေချာစွာ စိစစ်ရန် လိုအပ်ပါသည်။ ယင်းသို့ မပြုလုပ်သင့်ပါ။ ဓါတ်ပုံပါမှ သတင်းမှန်ဟု မယူဆသင့်ပါ။ ဓါတ်ပုံမပါလျှင်လည်း သတင်းကို အများဖတ်ရှုကြမှာပါ။
Yangon Crown စက်ရုံမှာ ရှိတဲ့ ၀န်ထမ်းတွေ ဘ၀က အရမ်းသနားဖို့ကောင်းတယ် .. တစ်ရက်မှာ 24 နာရီရှိတာ မှော်ဘီမြို့နယ်မှာရှိတဲ့ Yangon Crown သံမဏိစက်ရုံက တစ်ရက်ကို ပုံမှန် အလုပ်ချိန် 12 နာရီ ရှိတယ် .. အချိန်ပို မပါသေးဘူး .. အချိန်ပိုနဲ့ဆို တစ်နေ့ အလုပ်ချိန်အနဲဆုံး 15 နာရီအထက်ပဲ..... ပိတ်ရက်မရှိဘူး... တစ်နှစ်လုံးမှာ ပိတ်ရက် သင်္ကြန် ၅ ရက် ၊ ဗုဒ္ဓဘာသာ လပြည့်နေ့ ၊ တရုတ်နှစ်ကူးပဲ ပိတ်တာ.. လွပ်လပ်ရေးနေ့ ၊ အာဇာနည်နေ့ ၊ အလုပ်သမားနေ့ တွေတောင် မပိတ်ဘူး .....အရမ်းကို ဒုက္ခရောက်တယ် .. နယ်က နေအလုပ်လာလုပ်တဲ့သူများတယ်.. နေ့စားကို လရှင်းပုံစံနဲ့ လစာတွက်ပေးတာ .. အလုပ်မဆင်းရင်လုပ်ခလစာမရဘူး.... လုပ်ငန်းခွင်မှာ ထိခိုက်မှု့ဖြစ်ရင် ဆေးပေးခန်းအဆင်သင့်မရှိဘူး.. တစ်ခုခုသွေးထွက်သံယိုဖြစ်ပြီ ဆိုမှ အရေးပေါ် စက်ရုံမှုးရှာ ဆေးခန်းသွားဖို့ ကားရှာ ပြီးတော့မှဆေးခန်းသွား...အရမ်း ဆင်းရဲဒုက္ခရောက်တာ.. လုပ်ငန်းတည်နေရာနဲ့ ဆေးပေးခန်းကောင်းကေင်း နဲ့ကလဲ အရမ်းဝေးတယ်လေ..........လုပ်ငန်းခွင်မှာ ထိခိုက်ပြီဆို အနဲဆုံး သွေးသံရဲရဲပဲ.. သေမယ့်သူဆိုသေလောက်တဲ့အနေထားမျိုး ....တစ်ချို့ဆို လုပ်ငန်းခွင်မှာ ထိခိုက်နစ်နာပြီး အလုပ်ဆေးခွင့်ယူရင် တစ်နေ့ လုပ်အားခ ၁၆၀ နဲ့ပဲလစာတွက်ပေးတာ.. ဒီ တစ်နေ့ ၁၆၀ နဲ့ နေမကောင်းလို့ အနားယူနေတဲ့ ၀န်ထမ်းတစ်ယောက် ဘယ်လို အနားယူ စားသောက်နိုင်မလဲ...၀န်ထမ်းတွေက တစ်နေကုန် နေပူမိုးရွာမရှောင် သံရည်ကျို (မီးအပူတွေနဲ့) လုပ်နေရတာ .. အစားသောက် စီစဉ်ပေးတာ အဆင်မပြေလို့ ၀န်ထမ်းဘက် တောင်းဆိုရင် စက်ရုံမှုးက စားဖိုမှုးတွေကို အစားသောက်ကောင်းကောင်းချက်ပေးဖို့ မပြောဘဲ တောင်းဆိုတဲ့ ၀န်ထမ်းတွေကို မစားနိုင်ရင်အလုပ်ထွက်လို့ပြောတယ်... အရမ်းကို မြင်ကွင်းတွေ သတင်းတွေက စိုးဝါးလွန်းပါတယ်... ငရဲပြည်လိုပဲ... ၀န်ထမ်းတွေ ဘ၀ သနားဖို့ကောင်းတယ်.........
Yangon Crown မှ ၀န်ထမ်းတွေ မတရားဖိနိုပ်ခံရတဲ့ဘ၀မှ လွတ်မြောက်ပါစေ..

Post a Comment