ထွက်ပေါက်မရှိသည့် နိုင်ငံရေးလမ်းစဉ်ဖြစ်အောင် NLD မလုပ်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ် ကျမ်းကျိန်လွှာ စကားရပ်ပြင်ဆင်ပေးရေးသည် ထိပ်တိုက်ရင်ဆိုင်ရေးနှင့် ထွက်ပေါက်မရှိသည့် နိုင်ငံရေးဖြစ်စဉ်သို့ ရောက်ရှိအောင် လုပ်ဆောင်သည်ဆိုသော ပြောဆိုမှုများကို ပယ်ချလိုက်ပြီး ပူးပေါင်းဆောင်ရွက်မှုဖြင့် မကြာမီ ပြေလည်သွားမည်ဟု ပြောဆိုလိုက်သည်။
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် အီတလီနိုင်ငံခြားရေးဝန်ကြီး Mr. Giulio Terzi di Sant'Agata နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ - အောက်သက်ဝိုင်း / ဧရာဝတီ)
ယနေ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် အီတလီနိုင်ငံခြားရေးဝန်ကြီး Mr. Giulio Terzi di Sant’Agata နှင့် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ကျမတို့က ကျမ်းကျိန်လွှာပြဿနာကို ထွက်ပေါက်မရှိတဲ့ နိုင်ငံရေးလမ်းစဉ်အထိ၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတဲ့အထိ တွန်းပို့နေတာ မဟုတ်ဘူး။ ဒီကိစ္စက လုပ်ထုံးလုပ်နည်းဆိုင်ရာ အခက်အခဲတခုဖြစ်တယ်။ နိုင်ငံရေးပြဿနာ မဟုတ်ဘူး။ မကြာခင် ပြေလည်သွားပါလိမ့်မယ်။ ကျမအနေနဲ့ အားလုံးက သဘောတူရမယ်ဆိုတာမျိုး စိတ်တူကိုယ်တူ ဖြစ်ရမယ်လို့ မဆိုလိုဘူး။ ဒါက ဒီမိုကရေစီပဲ။ ကျမ ထောက်ခံသူတွေကို ပြောချင်တာက ဒါက သိပ်မကြာခင် ပြေလည်သွားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အစိုးရသည် NLD ရွေးကောက်ပွဲဝင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ရွေးကောက်ပွဲဥပဒေများတွင် ဖွဲ့စည်းပုံအခြေခံကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမည်ဆိုသော စကားရပ်အစား လေးစားလိုက်နာပါမည်ဟု ပြင်ဆင်ပေးထားပြီးဖြစ်ကြောင်း၊ ယင်းပြင်ဆင်ချက်နှင့် ကျမ်းကျိန်လွှာသည် လိုက်လျောညီထွေ ဖြစ်ရမည်ဖြစ်ကြောင်း၊ ယခုကိစ္စသည် သာမန် လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဿနာ (Technical problem) တခုမျှသာ ဖြစ်ကြောင်း ၄င်းက ဆိုသည်။
“ကျမအနေနဲ့ စစ်တပ်လွှမ်းမိုးထားတဲ့ လွှတ်တော်ကို ထိပ်တိုက်ရင်ဆိုင်မှု လုပ်ရမယ့်နေရာလို့ မမြင်ပါဘူး။ ထိပ်တိုက် ရင်ဆိုင်သွားမှာ မဟုတ်ဘူး။ ဒါကို  စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့်အရေး တရပ်လို့ပဲ ရှုမြင်ပါတယ်။ တဦးကို တဦး နားလည်အောင်ကြိုးစားကြခြင်းဖြင့် တိုင်းပြည်ရဲ့ကောင်းကျိုးအတွက် ဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
၎င်းအနေနှင့် သမ္မတ ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေးသမားအဖြစ် ယုံကြည်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်ပြင်ပတွင် နှစ်ပေါင်း ၂၀ ကျော် ပြည်သူများအတွက် အလုပ်လုပ်ခဲ့သကဲ့သို့ လွှတ်တော်တွင်းလွင်လည်း ပြည်သူများအတွက် အလုပ်လုပ်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။
“ကျမ်းကျိန်လွှာကိစ္စက ပြည်သူတွေကို ကတိပေးခဲ့တဲ့ အတိုင်း ကျမတို့ရဲ့ကတိတွေကို ကျမတို့က ပြန်ပြီးတော့ အကောင်အထည် ဖော်တာဖြစ်ပါတယ်။ ကျမတို့က အခုလုပ်နေတာတွေက ကျမတို့ ရွေးကောက်ပွဲမတိုင်မီက ကတိပေးခဲ့တာတွေနဲ့ အပြောင်းအလဲမရှိဘဲ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်မီမှာ တမျိုးပြော၊ ရွေးကောက်ပွဲပြီးတဲ့အခါ တမျိုးပြော အဲဒီလိုမျိုး နိုင်ငံရေးသမားတွေမှာ NLD မပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
NLD သည် တင်းမာသော လမ်းစဉ်ကို ကိုင်စွဲခဲ့သော ပါတီမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က “ကျမ ထင်တာကတော့ အရင်တုန်းက ကျမတင် မကပါဘူး၊ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမြင်တွေကို အများပြည်သူနဲ့ တကမ္ဘာလုံးက သိဖို့ခက်ပါတယ်။ ကျမတို့က အင်မတန်မှ အကန့်အသတ်တွေကြားထဲက လုပ်တဲ့အခါကျတော့ ကျမတို့ရဲ့ အထင်၊ ကျမတို့ရဲ့ အမြင်၊ ကျမတို့ရဲ့ အနေအထား၊ မူဝါဒတွေကို အများသိအောင် ပြောနိုင်ခွင့်တွေ မရှိခဲ့ပါဘူး။ အခုနောက်ပိုင်းကျတော့ မူဝါဒသဘောတရားတွေကို အများသိအောင် ပြောနိုင်ခွင့်တွေ ရလာလို့ ကျမတို့ အဖွဲ့ချုပ်က ပျော့ပြောင်းတယ်လို့ ထင်လာတာလို့ ကျမထင်ပါတယ်။ တကယ်တော့ ကျမတို့ အစကတည်းကလည်း ပျော့ပြောင်းခဲ့ပါတယ်။ ကျမတို့ အမြဲပြောတယ်။ ကျမတို့ မပျော့ပြောင်းတဲ့နေရာက ဒူးခေါင်းပဲရှိတယ်။ ဒူးတော့ မထောက်ဘူး” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အတ္ထုပ္ပတ္တိရုပ်ရှင် The Lady ဇာတ်ကားကို ကြည့်ရှုပြီးနောက် ဧပြီလ အစောပိုင်းတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်းမှ စကေားပြောဆိုစဉ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နာမည်ကြီး ပုဂ္ဂိုလ်တဦးအဖြစ်မှ နိုင်ငံရေးသမားဖြစ်လာပြီ ဆိုသည့်အချက်ကို ထောက်ပြခဲ့ကြောင်း၊ သူ့အနေဖြင့်လည်း ထိုလမ်းမျိုးလျှောက်ခဲ့ရ၍ မလွယ်ကူသည်ကို သိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်သို့ သွားရမည်ဖြစ်ရာ အပေးအယူများ လုပ်ရတော့မည်ဖြစ်ပြီး ထိုကိစ္စသည်ပင် ဒီမိုကရေစီ ဖော်ဆောင်မှုဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သေးသည်။
နိုင်ငံခြားရေးဝန်ကြီး Mr. Giulio Terzidi ကမူ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ရှေ့ဆက် အကောင်အထည်ဖော်ရန် တောင်းဆိုပြီး နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ တိုင်းရင်းသားများနှင့် တိုက်ပွဲများ ရပ်တန့်ရေး တောင်းဆိုပြီး မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု နောက်ကြောင်း ပြန်မလှည့်လျှင် စီးပွားရေးပိတ်ဆို့မှု ဆိုင်းငံ့ခြင်းလည်း နောက်ကြောင်းပြန်လှည့်မည် မဟုတ်ကြောင်း ပြောဆိုသည်။
အီတလီ နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံသို့ ပေးအပ်မည့် ဖွံ့ဖြိုးရေးအကူအညီများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
 အောင်သက်ဝိုင်း (ဧရာဝတီ)
ထွက်ပေါက်မရှိသည့် နိုင်ငံရေးလမ်းစဉ်ဖြစ်အောင် NLD မလုပ် ထွက်ပေါက်မရှိသည့် နိုင်ငံရေးလမ်းစဉ်ဖြစ်အောင် NLD မလုပ် Reviewed by သစ်ထူးလွင် on 17:13 Rating: 5

19 comments:

Anonymous said...

အမေ့ရဲ့စကားလုံးတွေကအရမ်းကိုတန်ဖိုးမြင့်မားလိုက်တာ
ရိုင်းတာလည်းမပါ..ဒေါသအတ္တလည်းမရှိ...
ဒါပေမဲ့ပြည်သူတွေရဲ့ရင်ဘက်ကြီးကိုတိုက်ရိုက်ထိမှန်စေတယ်။
အမေ့ခံယူချက်လေးနက်တဲ့စိတ်နှလုံးသားကပြည်သူနဲ့
ထပ်တူကျနေတယ်အမေ...
ကျမတို့မျော်လင့်တောင်းတနေတာအမေ့လိုခံယူချက်မှန်ကန်တဲ့
ခေါင်းဆောင်ကောင်းတဦး...အမေ၇ယ်...ဘု၇ားပေးတဲ့ဆုတခုကို
သမ္မတကြီးအနေနဲ့ကြည်ဖြူတဲ့စိတ်နှလုံးနဲ့လက်တွဲလုပ်ကိုင်သင့်ပါတယ်။
အမေ့လောက်ဖြူစင်ရိုးရှင်းသူတချိန်တည်းမှာ၂ဦးမပေါ်နိုင်တာ
နားလည်ပေမဲ့လည်းအမေ့တ၀က်ကလေးလောက်သာရှိကြမယ်ဆိုရင်
ပြည်သူတွေရဲ့နာကျင်မှုတွေတ၀က်လောက်သက်သာမယ်ထင်ပါတယ်။
အခုလိုတင်းခံနေတဲ့အနေထားကြီးကပြည်သူတွေအတွက်စိတ်ပင်ပန်းစေတယ်။
ဒီမိုကရေစီဆိုတာတကယ်လားအိမ်မက်လားလို့စိုးရီမ်နေ၇တယ်။
အမေ့တောင်းဆိုမှုကပြည်သူတွေအတွက်မို့မြန်မြန်အဆင်ပြေပါစေလို့ဆုတောင်းနေတယ်အမေ၇ယ်..

kyatkalay said...

အမေ ကတိတည်တာ အားလုံး အသိပါ။ ဒူးမထောက် နောက်ကြောင်းမလှည့်ဘူးဆိုတာ ယုံပါတယ်။ အမေ့နောက်မှာ တစ်နိုင်ငံလုံးရှိတယ်။

Anonymous said...

အန်တီစုပြောတာမှန်တယ်လုံးဝထောက်ခံတယ် လုံးဝဒူးမထောက်ဘူး။

National said...

အဲဒီစကားလုံးလေး တစ်လုံးကို ပြင်လိုက်ရင် တိုင်းပြည်မှာ ဘယ်သူကိုထိခိုက်သွားနိုင်သလဲ။ မပြင်ပေးနိုင်ဘူးပြောနေတဲ့သူတွေကရော အရင်ကတည်းက ဒီစကားလုံးရဲ့ အဓိပ္ပါယ် အတိမ်အနက်ကို
သိကောသိကြလို့လား။ တစ်ယောက်ယောက်က စပြောလာမှ သဘောထပေါက်ပြီး ဖွဲ့စည်းပုံစာအုပ်ထဲက စကားရပ်မိုလို့ ဘာညာဖြစ်တယ်ဖြစ်နေတာပါ။ ဖွဲ့စည်းပုံစာအုပ်ထဲမှာ စာစီတာမှားထားလို့
အမှားပြင်ဆင်ချက်စာရွက်လေးကို နောက်ကျောမှ ကပ်ပြီးထည့်ပေးထားသေးတယ်။ မထည့်ထားရင်တောင် မှားမှန်းသိမှာမဟုတ်လို့ စာအုပ်ချုပ်ပြီးမှ လိုက်ကပ်ထားရတာတွေ့ပါတယ်။
ဒီတော့ကာ တိုင်းပြည်အတွက် တိုးတက်မှုဖြစ်လာမဲ့ စကားလုံးလေးတစ်လုံးအတွက် ရိုးသား ကြိုးစားပြီး နိုင်လာတဲ့ အဖွဲ့အစည်းတစ်ရပ်ထဲက လူသားတွေအတွက်
သူပြောတဲ့ အဓိပ္ပါယ်လေးဟာ ဟုတ်သားပဲဆိုတာကို ပွင့်ပွင့်လင်းလင်း ပြောဆိုကြရင်း အများညီလို့''ဤ''ကို''ကျွဲ'' ဖတ်နေကြသူများ တိုင်းပြည်တိုးတက်မှုအတွက် အချိန်မကုန်အောင်
ဆောင်ကြဉ်းခြင်းဖြင့် တိုင်းပြည်က ဖြစ်စေချင်နေကြသော လွှတ်တော်အမတ်ကောင်းများဖြစ်ကြပါစေ၊ ယခင် ယခင်က ဂုဏ်ရှိသော လတ်တော်အမတ်များထက်ပို၍ စွမ်းဆောင်ရည်ထက်မြက်သော
ပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ဆုတောင်းရင်း ဆုတောင်းပြည့်စချင်ကြောင်း ရေးသားအပ်ပါသည်။

nandar said...

အမေပြောတာမှန်တယ်လို့ယူတပါတယ်။ အခုမှလွတ်တော်ကအသက်ဝင်လာတာပါ။ အမတ်တွေအနေနဲ့စဉ်းစားတွေးတော ဝေဖန်ပြီး ထောက်ခံသင့်မထောက်ခံသင့်ဒါမှတွေးတောလာနိုင်မှာပါ။ အခုမှ လွတ်တော်ကရုပ်သေးလွတ်တော်ဘ၀ကစတင် အသက်ဝင်လာတယ်လို့ဆိုရမှာပါ။ ဒါဟာ အမေစုကပထမဆုံးပြည်သူအတွက်လုပ်ပေးလိုက်တာလို့မြင်ပါတယ်။ အမတ်တွေကလည်း ပြည်သူအတွက်ကြိုးစားပြီ အမေစုလွတ်တော်ထဲဝင်နိုင်အောင် ၀ိုင်းဝန်းထောက်ခံပေးကြပါလိုပပြည်သူတစ်ယောက်အနေနဲ့တောင်းဆိုပါတယ်။ တပ်မတော်သားကိုယ်စလှယ်များကလည်းထောက်ခံပေးကြပါ။ ဘာလို့လဲ ဆိုတော့ နောင်အနာဂတ် လူငယ်တွေကိုယ်တိုင်းတကါးမှာ ကျွန်မခံစေချင်တော့ လို့ပါ။ ကျွန်အနေနဲ့မဟုတ်ဘဲ ဒါမြန်မာလူမျိုး လို့ ကြွားကြွား ၀ံ့ဝံ့သွားစေချင်တယ် ကျွန်မတို့လို ကျွန်စရင်းဝင်တွေအဖြစ်နဲ့ မသွားစေချင်လို့ ကူညီပေး ကြပါလို့ လွတ်တော်တက် အမတ် မင်းအားလုံးကိုတောင်းဆိုလိုက် ပါတယ် အမေစုလွတ်တော် တက်နိုင် အောင် ပေါ့

a said...

အန်တီစုရဲ့ရဲရင့်ပြတ်သားမှုတွေကိုအမြဲဂုဏ်ယူလေးစားမိပါတယ်၊မကြာခင်လွှတ်တော်ထဲကဝေေ၀၀ါးဝါးအကြောင်းအရာတွေအစားနိုင်ငံအတွက်ပြည်သူအတွက်အကျိုးရှိမဲ့အကြောင်းအရာတွေကိုအခက်အခဲတွေကြားကအားလုံးကြားကြရတော့မှာပါ၊(တိုင်းပြည်နဲ့လူမျိုးအပေါ်ဘယ်သူတွေကတန်ဖိုးထားလဲဘယ်သူတွေကတန်ဖိုးမထားလဲဆိုတာကွက်ကွက်ကွင်းကွင်းမြင်ကြရတော့မှာပါ။)ကျေးဇူးတင်ပါတယ်အန်တီ။

Ko Nyo Khant ( Mdy university.) said...

ဒီသတင်းဟာလူတိုင်းသိရှိကြရမည့်သတင်းဖြစ်သည်။ကျွန်တော်လိုခြင်သည့်နိုင်ငံရေးကဒါမျိုးဖြစ်သည်။ပါလီမန်ဒီမိုကရေစီခေတ်လိုတဖွဲ့နှင့်တဖွဲ့တိုက်ခိုက်ပုတ်ခတ်၊အုပ်စုဖွဲ့အုပ်စုချင်းပြိုင်နေရမည့်အချိန်မဟုတ်တော့၊ဒေါ်စုကလည်းဗိုလ်ချုပ်သမီး ပီသပါပေတယ်။လူထုကိုစည်းရုံးနိုင်တယ်ဆန့်ကျင်ဖက်အဖွဲ့အစည်းကိုဘယ်လိုချဉ်းကပ်ရမလဲဘယ်လိုစည်းရုံးရမလဲဆိုတာသူများတွေထက်ပိုသိပါတယ်။

kaungkin said...

ပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး ပေါ်ပေါက်လာတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါစကားရပ်
ကိုပြင်ပြီးမှ ပြင်ရမယ့်ကိစ္စပါ၊ ဒါကို လွှတ်တော်က NLD ကိုလွှတ်တော်ထဲ
ဝင်ရောက်လာစေချင်တဲ့ စေတနာနဲ့ ပင်မကိုမပြင်ဘဲ လွယ်ကူတဲ့ကိုင်းဖျားကို
ပြင်ခဲ့တာလို့မြင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ဆိုတာက လွယ်လွယ်လေးမဟုတ်တော့ဘူး။ ဒါကို NLD လည်းအသိပါ။ ပြည်သူတွေအတွက် ဆိုပြီး ရွှေဂုံတိုင်ကြေညာစာတမ်းရှိခဲ့ပါလျက် ရွေးကောက်ပွဲဝင်မယ် ဆုံးဖြတ်ခဲ့ပြီး ခုကျမှတစ်နေတာကို အားလုံးကအားမလိုအားမရ ဖြစ်နေကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို
အပြင်ကနေလှမ်းပြင်နေတာတော့ သဘာဝမကျဘူး။ ပြည်သူတွေရဲ့မျက်နှာအပြင် လွှတ်တော်ထဲက ကိုယ်စားလှယ်တွေရဲ့မျက်နှာကိုလည်းငဲ့သင့်ပါတယ်။

the` maung said...

ထောက်ခံပါသည်၊ အမေစု ပြောစကားအားလုံးဟာ အမှန်တွေပါ

လင်းသစ် said...

အမေ...
အမေ ဆုံးဖြတ်ချက်အတိုင်းသာ ဆက်လျှောက်ပါ.. အမေ
သိပ်ကြိုက်တယ်..
“ကျမ်းကျိန်လွှာကိစ္စက ပြည်သူတွေကို ကတိပေးခဲ့တဲ့ အတိုင်း ကျမတို့ရဲ့ကတိတွေကို ကျမတို့က ပြန်ပြီးတော့ အကောင်အထည် ဖော်တာဖြစ်ပါတယ်။ ကျမတို့က အခုလုပ်နေတာတွေက ကျမတို့ ရွေးကောက်ပွဲမတိုင်မီက ကတိပေးခဲ့တာတွေနဲ့ အပြောင်းအလဲမရှိဘဲ အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်မီမှာ တမျိုးပြော၊ ရွေးကောက်ပွဲပြီးတဲ့အခါ တမျိုးပြော အဲဒီလိုမျိုး နိုင်ငံရေးသမားတွေမှာ NLD မပါဘူး”
အဲဒါပဲဗျာ...အဲဒါပဲ.. သိပ်ကြိုက်တယ်
"ကျမတို့ အစကတည်းကလည်း ပျော့ပြောင်းခဲ့ပါတယ်။ ကျမတို့ အမြဲပြောတယ်။ ကျမတို့ မပျော့ပြောင်းတဲ့နေရာက ဒူးခေါင်းပဲရှိတယ်။ ဒူးတော့ မထောက်ဘူး”

lwannaymie said...

အမေစုရေ...ဒီစကားကိုအကြိုက်ဆုံးဘဲ။
၁။(ရွေးကောက်ပွဲမတိုင်မီမှာ တစ်မျိုးပြော၊ ရွေးကောက်ပွဲပြီးတဲ့အခါ တစ်မျိုးပြော၊ အဲဒီလိုမျိုး နိုင်ငံရေးသမားတွေမှာ NLDမပါဘူး)။
၂။(ကျမတို့မပျော့ပြောင်းတဲ့နေရာက ဒူးခေါင်းပဲရှိတယ်။ ဒူးတော့မထောက်ဘူး။)

minsoeaung said...

အမေစြိုကိုဆိုပါတယ်။တောင့်ထား။
ပြည်သူအားလုံးက်ေမှရှိတယ်
ပြည်သူ့အချစ်တော်အမေစုကန်းမာပါစေ။

pheasant said...

အမေစုပြောတဲ့ ဒူးမထောက်ဘူး ဆိုတဲ့ စကား အရမ်းကြိုက်တယ် ၊ မှန်တယ် ပြည်သူတွေ ဒီစစ်အာဏာရှင်တွေရှေ့မှာ ဘယ်တော့မှ ဒူးမထောက်ရဘူး၊ ဘယ်လိုဆိုဆို nld ကို ၀န်းရံပြီးသား၊

Youth said...

သန်း၆၀သောပြည်သူတွေကိုတကယ်ချစ်ပြီး မြန်မာပြည်ကြီးတကယ်ဖွံ့ ဖြိုးတိုးတက်တာကိုမြင်ချင်တယ်ဆိုရင်ဒီစကားရပ်ကိုပြင်ပေးဖို့ ဝန်လေးကြမယ်မထင်ပါ။ဒါဟာပြည်သူလူထုအတွက်ပါပဲ။

moe lwin said...

အပြင်ကနေလှမ်းပြင်နေတာမဟုတ်ဘူးကောင်းကင်ရဲ့။ လူလေးငယ်ပါသေးတယ်
တံခါးတော့ဖွင့်ထားတယ်။ အ၀င်မှာ လက်ထိပ်ခတ်ချင်တဲ့ သဘောပါ။
အမေစုမှန်တယ်။ လုံးဝထောက်ခံတယ်။

အမေစုကို“ လေးစားမြတ်နိုးတယ်ဆိုတဲ့” စကားလုံးထက်ကောင်းတာရှိရင်ပြောပေးကြပါ။

ladyjune said...

အမေစုရယ်.အမေစုရဲ့စကားလုံးတိုင်းဟာ.မှတ်သားစရာဖြစ်ပြီးရင်ထဲမှာ နှစ်နေအောင်စွဲနေပါတယ်။မှန်ပါတယ်အမေ.လုံးဝ ဒူးထောက်စရာ ကို မလိုပါဘူး
အမေစု ဘာလုပ်လုပ်ဘယ်လိုပဲဆုံးဖြတ်2 ပြည်သူတွေကတော့ အမေဘက်မှာ အပြည့်ရှိနေတယ်ဆိုတာ ယုံကြည်ထားလိုက်ပါအမေ.အမေစု ကျန်းမာပါစေ.
ဟိုးအရင်ထဲက NLD ဟာ ပြည်သူတွေ ရင်ထဲမှာ ရှိပြီသားပါ..ယုံကြည်ပါတယ်..ရဲရဲဝင့်ဝင့်ဆက်လျှောက်ပါ..

kawliya said...

အမေစုကို ကျွန်တော်တို့ပြည်သူပြည်သားအားလုံးက အမျိုးသားခေါင်းဆောင်
တစ်ယောက်အဖြစ် သတ်မှတ်ထားတာမို့ အမစုလုပ်သမျှကိုအားလုံးထောက်ခံပါ
တယ်၊

pyisoe said...

လွှတ်တော်ထဲ ဒေါ်စု တကယ်ရောက်လာတော့မှာကို ကြံ့ဖွံ့အမတ်များ မလိုလားခြင်း (ဝါ) ကြောက်ရွံ့ခြင်းမျိုးမရှိပါက ဘာမှမပြေလည်စရာမရှိပါ။ လူတွေလုပ်ထားတဲ့ကိစ္စ ပြင်ချင်ရင်လဲ လူတွေပါပဲ၊ ဖျက်ချင်ရင်လဲ လူတွေပါပဲ၊ ပြောင်းချင်ရင်လဲ လူတွေပါပဲ၊ လွတ်လပ်ရေးရပြီးရေးဆွဲထားတဲ့ အခြေခံဥပဒေကိုက ဘယ်နှစ်ခုရှိနေပြီလဲ။ ကျမ်းကျိမ်လွှာတစ်မျိုးတည်းဖြစ်ဖို့ တောင်းဆိုတာ ဒါ ဘာဆန်းတာလိုက်လို့၊ ဒါ့ကြောင့်လည်း `ဗမာတွေတလွဲ ဆံပင်ကောင်းတာကို` ဗိုလ်ချုပ်က မိန့်ခွန်းထဲထည့်ပြောသွားတာပဲ၊ မဟုတ်တဲ့နေရာဆို အတော်ဖင်ခေါင်းကျယ်ချင်ကြတယ်။ အရေးကြီးတာတွေလုပ်ဖို့ အချိန်တွေကြန့်ကြာကုန်တယ် ဆိုတာ ဘာ့ကြောင့် မတွေးမိကြတာလဲ။ တိုင်းပြည်နစ်နာတာ အောက်တန်းနောက်တန်းကျရတဲ့ အကြောင်းများစွာထဲ အဲဒီ တလွဲဆံပင်ကောင်းတဲ့စိတ်ဓာတ်ကလဲ အပါအဝင်ပဲမို့ ကိုယ့်စိတ်ကိုယ်ပြန်စစ်ဆေးကြရင်ကောင်းမယ်ထင်တယ်။

honey said...

အမေ....
စကားလုံးတွေကတည်ငြိမ်ခန့်ငြားမှုရှိလိုက်တာ
အ၇မ်းလေးစားတယ်အမေ့စကားလုံးတွေကို...

Powered by Blogger.