သမ္မတထံ NLD အကြံပြုစာ ပေးပို့

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်သစ်တွေ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ စကားလုံး အသုံးအနှုန်း ပြင်ဆင်ဖို့ ကိစ္စကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံတော်သမ္မတဆီ အကြံပြုစာ ဒီကနေ့ တင်ထားတယ်လို့ ပြောပါတယ်။ ကျမ်းကျိန်တဲ့အခါ ရွတ်ဆိုရတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတဲ့ စကားလုံးအစား ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစား လိုက်နာမယ် ဆိုတဲ့ စကားလုံး ပြင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြိုးစားနေတာဖြစ်ပါတယ်။ ဒီအကြောင်းကို မသင်းသီရိက တင်ပြထားပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စာလှယ်တွေဟာ  လွှတ်တော်မတက်ခင် ကျမ်းကျိန်တဲ့အခါ ဖွဲ့စည်းပုံအခြေခံကို ကာကွယ် စောင့်ရှောက်ပါမယ် ဆိုတဲ့ စကားလုံးအစား လေးစားလိုက်နာပါမယ် ဆိုတာကို ပြောင်းလဲရွတ်ဆိုနိုင်ဖို့ အတွက် ဥပဒေနဲ့အညီ ပြင်ဆင်နိုင်ဖို့ကို NLD ပါတီက သမ္မတဆီ တိုက်ရိုက် စာပို့ထားတယ်လို့ ပြောပါတယ်။ NLD ပါတီက တင်ပြထားတဲ့ အကြံပြုလွှာကို ဒီကနေ့ ဧပြီလ ၁၄ ရက် စနေနေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရှိတဲ့ နေပြည်တော်ကို သွားတင်ခဲ့တာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“သမ္မတကြီးဆီ တင်တာ။ သမ္မတကို အကြံပေးတာပေါ့လေ။ ကျနော်တို့ အနေနဲ့ ကျနော်တို့ အကြံပေးကြတာပါ။ ဒီနေ့မှ ရောက်တာပေါ့။ ကျနော်တို့ကတော့ ကျမ်းကျိန်လွှာမှာ ပြင်စေချင်တာပေါ့နော်။ ဥပဒေနဲ့အညီ ပြင်စေချင်တာပေါ့။ ကျနော်တို့ ကျမ်းကျိန်လွှာမှာပါတဲ့ စကားလုံးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အကြံပြုချက်လေးတွေ တင်ထားပါတယ်။ အကြံပြုချက်လေးတွေ တင်ထားတဲ့အပေါ်မှာ ပြေလည်ကောင်းမယ်လို့ မျှော်လင့်တယ်လေ။”
အခုက NLD ပါတီက်က အကြံပြုစာသာ ဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတဆီကို တင်ပြတာသာ ဖြစ်ပြီး ဆုံးဖြတ်ချက်တခုခု ရှိမှသာ လိုအပ်ရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးကို တင်ရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဧပြီလ ၂၃ ရက်နေ့မှာ ပြည်သူ့လွှတ်တော် အစည်းအဝေး ပြန်စဖို့ ရှိနေပြီး အဲဒီမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးချယ်ခံ ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် NLD က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေပါ တက်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ လွှတ်တော်မတက်ခင် ကျမ်းကျိန်တဲ့အခါ အခုလို ပြောင်းလဲရွတ်ဆိုနိုင်ဖို့ ပြင်ဆင်တာ အချိန်မှီမကျရင်တော့ အဲဒီရက်မှာ NLD က ကိုယ်စားလှယ်တွေ လွှတ်တော်တက်ဖြစ်မှာ မဟုတ်ဘူးလိုလည်း ပြောပါတယ်။
“ဟုတ်ပါတယ်။ မမီရင် နောက်ပိုင်းမှ တက်ဖြစ်မှာပါ။ သိပ်တော့ ကြာမယ်မထင်ဘူး။ ဒါပေမဲ့လို့        သင်္ကြန်တွင်းတော့ ဖြစ်နေတော့ အဲဒါတော့ မပြောတတ်ဘူး။ သင်္ကြန်တွင်းကလည်း ပိတ်ရက်တွေက များနေတော့။”
NLD ပါတီက ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက် ဗုဒ္ဓဟူးနေ့က သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ နှစ်ဦးတည်း သီးသန့်တွေ့ဆုံ ဆွေးနွေးပါတယ်။ နှစ်ဘက်တာဝန်ရှိသူတွေ ဆွေးနွေးကြတဲ့ အကြောင်းအရာတွေကို အပြည့်အစုံ ထုတ်ပြန်ခြင်းမရှိပေမဲ့ အခု ကျိမ်းကျန်ရာမှာ စကားလုံး အပြောင်းအလဲ ရွတ်ဆိုနိုင်ရေး ကိစ္စတွေလည်း ပါဝင်မယ်လို့ NLD ဘက်ကတော့ ပြောထားပါတယ်။
မြန်မာ့နိုင်ငံရေးထဲမှာ ဒီမိုကရေစီခေါင်းဆောင်တဦးအဖြစ် အားလုံးက အသိအမှတ်ပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး အနေနဲ့လည်း ပါဝင်တော့မှာဖြစ်သလို သူအနိုင်ရခဲ့တဲ့ ကော့မှူးမြို့နယ်ကိုလည်း ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ သွားပြီး အလှူအတန်း ပြုလုပ်ဖို့တွေလည်း စီစဉ်ထားတယ်လို့ NLD ပါတီက ပြောပါတယ်။


သမ္မတထံ NLD အကြံပြုစာ ပေးပို့ သမ္မတထံ NLD အကြံပြုစာ ပေးပို့ Reviewed by သစ်ထူးလွင် on 20:10 Rating: 5

13 comments:

Anonymous said...

ကောင်းပါတယ်... ဒီလိုပွင့်ပွင့်လင်းလင်း တင်ပြတော့ ကောင်းတာပေါ့ဗျာ.. ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကလည်း လိုအပ်ရင်ပြင်ဆင်သင့်တာ ပြင်ကြရမှာပဲလေ.. သမ္မတကလည်း ဒါကို သဘောတူညီမယ်လို့ ယုံကြည်ပါတယ်.. ဘာဖြစ်လို့လည်းဆိုတာ တစ်ဖက်က NLD ဆိုတာက ပြည်သူ့တွေ အားကိုးယုံကြည်တဲ့ ပါတီဖြစ်နေတာရယ်.. သမ္မတကိုယ်တိုင်ကလည်း အပြောင်းအလဲကို လိုးလားတဲ့သူရယ် ဖြစ်နေတာ ကြောင့်ပါ... NLD ကို လွှတ်တော်ထဲ မြန်မြန် ရောက်စေချင်ပါတယ်.. ပြည်သူတွေကလည်း NLD ရဲ့လုပ်ဆောင်ချက်တွေ ဘယ်အတိုင်းအတာထိ ပြည်သူ့အတွက်အကျိုးရှိမလဲ ဆိုတာ သိချင်နေကြတယ်.. စောင့်ကြည့်နေကြတယ်လေ.. အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးအတွက် NLD ကို အားကိုးပါတယ်.. တိုင်းရင်းသားတွေလည်း NLD ကိုယုံကြည်မယ်လို့ မျှော်လင့်ပါတယ်..

Anonymous said...

ထောက်ခံတယ်။ကာကွယ်စောင့်ရှောက်တယ်
ဆိုတာဘယ်လိုအခြေအနေပဲရောက်ေ၇ာက်
နဂိုပုံစံမပျက်အောင်ကာကွယ်မယ်။
ကာကွယ်တယ်ဆိုတဲ့ဥပမာကိုပြောရရင်
အချုပ်အခြာအာဏာတည်မြဲရေးကို
အသက်နဲ့လဲပြီးကာကွယ်မယ်ဆိုပြီး
အာဏာမြဲရေးအတွက်ယုံကြည်ချက်တခုကြောင့်
ဆန္ဒထုတ်ဖေါ်သူများကိုသတ်ပစ်တယ်။
အကျဉ်းထောင်မှာနှစ်ရှည်ချခဲ့တယ်။
ဒါကိုကာကွယ်တာလို့အကြောင်းပြချက်ပေးခဲ့တယ်။
အခုလည့်းဥပဒေကိုကာကွယ်မယ်ဆိုရင်
ပြည်သူအတွက်နစ်နာစေတဲ့ဥပဒေမျိုးကို
ပြုပြင်ရမှာမပြုပြင်ပဲကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့
ဆောင်ပုဒ်ကိုလက်ကိုင်ကျင့်သုံးလာခဲ့မယ်ဆိုရင်
ဘာမှတက်နိုင်မှာမဟုတ်ဘူး။
မယုံတာထက်ရှေ့ကဖြစ်စဉ်တွေအရလန့်နေရလို့ပါ။
မြန်မာစာအသုံးနှုန်းအရ...
ဥပဒေကိုလေးစားလိုက်နာကျင့်ကြံရမယ်လို့ပဲ
ရှိတယ်။
ကာကွယ်စောင့်ရှောက်ရမယ်လို့သုံးလို့မှမရတာ။
အမေစုမှန်ကန်ပါတယ်။ဒါကိုကျမတို့ပြည်သူကထောက်ခံ
ချက်ပေးပါတယ်။

sean said...

ကျမ်းကျိန်လွှာ ဆိုတာ သမတ ကိုယ်တိုင် ဆိုရတဲ့ ကိစ္စဖြစ်တယ်..သမတ ဟာ တချက်လွှတ် အာဏာ မရှိတဲ့ အတွက် တယောက်ထဲ နဲ ဆုံးဖြတ်လို့ မရတဲ့ ကိစ္စ လို့ နားလည်တယ်..
၂မျိုး ၂စား ဆိုရမလိုဖြစ်နေပြီ.. တကယ်လို့ တောင်းဆိုတဲ့ အတိုင်း မဖြစ်လာဘူးဆိုရင်ကော ??
ရွေးကောက်ပွဲ မတိုင် ခင် မဲဆန္ဒ ရှင်တွေ ရှင်းရှင်း သိလိုက်ခွင့်ရ ရင် ကောင်းမှာ..
ဒီမိုကရေစီ လိုလား တဲ့ တခြား စစ်မှန်တဲ့ အဖွဲ့ အစည်းတွေရှိသေးတာဘဲ...

sailay said...

ဒေါ်လာဈေးကို ၆ကျပ် ဆိုတဲ့ အဓိပ္ပါယ်မဲတဲ့ ၊ဉပဒေကို မပြင်ဆင်ပဲ နှစ်ပေါင်း ဆယ်ချီ မပြုပြင်ပဲ အဓိပ္ပါယ်မဲ့ ကာကွယ်လာခဲ့တာ ပြည်သူအတွက် ဘာအကျိုးပြုခဲ့လဲ။ အဓိပ္ပါယ်မရှိ ကာကွယ်နေမယ့် အစား ၊ ပြု ပြင်ပြီး လေးစားလိုက်နာ စေ တာက ပိုပြီး အကျိုး ရှိ ပါလိမ့်မယ်။ ဉပမာ ပြောတာာာပါ။

shwe kawlin said...

မဖြစ်သင့်ဘူးလို့ထင်ပါတယ်.ဒီ့ထက်အရေးကြီးတာတွေ အများကြီးရှိနေတဲ့အချိန်မှာ..လူထုရဲ့အကျိုးကို ရှေ့တန်းတင်သင့်ပါတယ်။

Guest said...

@shwe kawlin, အခုပြောင်းလဲဖို့ အကြံပြုနေတာဟာ လည်း လူထုရဲ့အကျိုးကို ကြည့်ပီးလုပ်နေတာဖြစ်တယ်ဆိုတာ သိသာထင်ရှားပါတယ်။ အများကြီးရှိနေတာ မှန်ပေမယ့် ဒါတွေကစပြီးပြင်မှ နောက်မှာ ဆက်လုပ်ရမဲ့လုပ်ငန်းစဉ်တွေ အဆင်ပြေမှာပါ။ ဒါလေးတော့ ပြောလို့မရလို့ထားလိုက်ပါဆိုတဲ့ အတွေးဟာ နောက်ဆက်တွဲမှာ အင်မတန်မှ ခက်ခဲသွားနိုင်ပါတယ်။
သဘောရိုးနဲ့ပြောပြခြင်းသာဖြစ်ပါတယ်။ နားလည်နိုင်လိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်။

lwannaymie said...

အမှန်အတိုင်းပြောရင်...တခြားနိုင်ငံမှာဒါကပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့...မြန်မာနိုင်ငံမှာကဒါဟာအရေးကြီးပါတယ်...ဘာကြောင့်လဲဆိုတော့(နှစ်၂၀)လုံးလုံး...သူတို့ကိုသူတို့ကာကွယ်သွားတာကြီးပါဘဲ...ပြည်သူကိုဘယ်သူ...ကစဉ်းစားပေးခဲ့လို့လဲ...ဒါကြောင့်အခုထဲကရိုးရိုးရှင်းရှင်းကြိုပြောပြီး...လုပ်တာကောင်းပါတယ်...(ဒီချုပ်နဲ့အမေစု...ပြည်သူတွေအတွက်ပေးဆပ်ခဲ့..တာပါဘဲ)။ လက်ရှိအစိုးရမှာ...သမ္မတကြီးနဲ့အရာရှိကြီးတချို့တာကောင်းပြီး..အများစုကပြည်သူတွေကိုဒုက္ခပေးမဲ့သူတွေပါ)။ အမေစုဟာမလိုအပ်ဘဲ...ပုံကြီးမချဲ့ဘူးဆိုတာ...အပြည့်ဝ...ယုံတယ်။ (ငါ့...ထက်တော်တယ်)။

a said...

လူထုအကျိုးကိုကြည့်ပြီးဒီစကားလုံးနှစ်ခုကိုပြင်ဖို့တောင်းဆိုတာပါ။အရေးကြီးပါတယ်ဒီအတိုင်းမပြင်ပဲနဲ့သာသွားရင်ပြည်သူအတွက်ဘာမှလုပ်လို့မရတော့မဲ့အနေအထားပါ။သတိကြီးစွာနဲ့အလုပ်လုပ်နေတဲ့NLD ကိုကျေးဇူးတင်ပါတယ်။

မိုးတိမ် said...

ဒီကိစ္စကလွတ်တော်ကိုယ်စားလှယ်တွေရဲ့ကိစ္စပါ သူတို့မဲဆွယ်ခဲ့တဲ့ ကတိကို သူတို့ဖြေရှင်းပေးရမှာပဲဖြစ်တယ်
NLD လုပ်တိုင်းပြည်သူ့အကျိုးလို့ခေါင်းစဉ်မတပ်ကြပါနဲ့
အခြေခံဥပဒေဆိုတာလည်း ပြုပြင်သင့်ရင်ပြုပြင်ရမှာမှန်ပါတယ် ဒါပေမဲ့ခုလိုမျိုးပါတီတစ်ခုရဲ့သီးသန့်အခြေအနေအတွက်ဆိုရင်တော့ စဉ်းစားစရာပဲ ဘာလို့လည်းဆိုတော့ ဒါကအခြေခံဥပဒေဖြစ်နေလို့ပါ ဥပဒေရဲ့သဘောတရားမှာ ရှေ့ကလုပ်ထုံးလုပ်နည်းတွေ စီရင်ထုံးတွေကိုကြည့်ပြီးနောက်ကဥပဒေကလိုက်ရတဲ့သဘာဝရှိပါတယ် ဒါကြောင့် နောင်တစ်ချိန်မှာ NLD လိုအင်အားရှိတဲ့ပါတီတစ်ခုကသူ့စိတ်ကြိုက်ပြင်မယ်ဆိုရင် အခြေခံဥပဒေကဘာဖြစ်သွားမလဲ ဟိုပါတီလာတစ်မျိုးဒီပါတီလာတစ်မျိုးဖြစ်မသွားဘူးလား ....ကျနော်လည်း NLD ထောက်ခံမဲပေးခဲ့တဲ့သူပါပဲ ... ဒါပေမဲ့ခုကိစ္စကတော့ အပေါ်ကကွန်မန့်တွေကိုသိပ်သဘောမကျလို့ဝင်ပြောတာပါ

nandamoemoe said...

သတင်းမှတ်ချက် မရေးဘူးပါ။ ဖတ်ရုံပဲ ဖတ်ဖြစ်ပါသည်။ အခု မနေနိုင်လို့ ဝင်ရေးပါသည်။ ကျွန်တော်တို့ တစ်မိသားစုလုံး NLD ကို မဲပေးခဲ့ပါသည်။ ကျွန်တော်တို့ကို ချစ်သော၊ ကျွန်တော်တို့အတွက် ရပ်တည်သည်ဟု ယုံကြည်သော NLD ပါတီဝင်များ၊ ကိုယ်စားလှယ်လောင်းများကို ယခုကျင်းပနေသော လွှတ်တော်များတွင် ပါဝင်စေချင်သောကြောင့် မဲပေးခဲ့ကြပါသည်။ သို့သော် ၎င်းပုဂ္ဂိုလ်များက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟု မရွတ်ဆိုလိုသောကြောင့် လွှတ်တော်ကို ချက်ချင်းမတက်နိုင်ဟု ဆိုပါသည်။
ရင်ထဲ မကောင်းပါ။ NLD ဘာရည်ရွယ်ချက်ရှိသည်ကို ပြည်သူအားလုံး သိပြီးဖြစ်ပါသည်။ ခွင့်လည်း ခွင့်လွှတ်နိုင်ပါသည်။ ဤနေရာတွင် အရေးကြီးသည်မှာ long-termed / short-termed ကိစ္စတွေကို ခွဲခြားသိနိုင်ဖို့ လိုပါသည်။ ကျွန်တော့် မိတ်ဆွေများနှင့်ဆွေးနွေးချက်များအရ အမေစုကို ကြည်ညိုသောကြောင့် အောက်ပါစကားများကို ရင်ထဲမှာထား၍ ထုတ်မပြောဝံ့ဟု ဆိုပါသည်။
(၁) ချက်ချင်းဆောင်ရွက်ရမည့် လုပ်ငန်းများ (ပြည်သူအကျိုးပြုလုပ်ငန်းများ) နှင့် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများ (မူဝါဒ ရေးရာ) တို့ကို NLD လူကြီးများမှ ခွဲခြား သိမြင်သင့်သည်။ စကားလုံးတစ်ခုကို အနက် အဓိပ္ပါယ် ခွဲခြားနေခြင်းဖြင့် အချိန် မကုန်သင့်။
(၂) ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ခြင်းသည် ပြင်ဆင်ခွင့်မရှိခြင်း မဟုတ်။ ယခုလွှတ်တော်သည်လည်း ပိုကောင်းမည့်ကိစ္စများကို အစဉ်တစ်စိုက် ပြင်နေသည်။ ဥပမာ NLD လွှတ်တော် အတွင်း ဝင်နိုင်စေရန် အခြေခံဥပဒေကို ပြင်ဆင်ခြင်း။ ၎င်းကိစ္စသည် ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်မှု အတွင်း အကျုံးဝင်သည်ဟု ဆိုရမည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့ပြင်ဆင်ရေးဆွဲခဲ့ကြသော အမတ်များ အားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟု ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသူများ ဖြစ်သောကြောင့်ပင်တည်း။
(၃) နောက်တစ်ချက်အနေဖြင့် NLD သည် အမျိုးသားရေးကို ဦးဆောင်နေသည်၊ ရှေးရှု့သည်ဟု ဆိုပါလျှင် ဤသို့သော ကိစ္စ အသေးအဖွဲများတွင် တစ်၍ မနေသင့်ပါ။ အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်မည့် ကိစ္စများ ကို ရှောင်ရှားသင့်ပါသည်။
(၄) ဤကိစ္စကြောင့် ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် အမျိုးသားစည်းလုံးညီညွှတ်ရေးတို့ကို နှောင့်နှေးစေမည်ဆို လျှင် NLD ပါတီနှင့် အမေ ဒေါ်အောင်ဆန်းစုကြည်တို့၏ နိုင်ငံရေး အမြော်အမြင်ရှိမှုတို့ကို ပြန်လည် သုံးသပ်ရပါမည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ NLD မှ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့သည်။ ကျွန်တော်တို့ ပြည်သူအများက တစ်ခဲနက် မဲပေးခဲ့ကြသည်။ ရွေးကောက်ပွဲနိုင်သော်လည်း လွှတ်တော် မတက်နိုင်ဟုဆိုပါက ပြည်သူများ၏ ဆန္ဒနှင့် ကိုက်ညီနိုင်မည် မဟုတ်ပါ။ NLD မှန်သလား၊ မှားသလား၊ နိုင်ငံရေး လုပ်တတ်သလား၊ မလုပ်တတ်ဘူးလား (Bargain လုပ်တတ်လား မလုပ်တတ်ဘူးလား) နှစ်အနည်းငယ်အတွင်း သိရပါတော့မည်။

Anonymous said...

`ပညတ်သွားရာ ဓာတ်သက်ပါကြောင်း ဥာဏ်သက်လောင်း၍ ကုကောင်းစွာလှ ထွေရာဝိုးဝါး ယူမမှားနဲ့ အများပြည်သူအကြောင်းတည်း` စကားလုံးတစ်လုံးရဲ့ သဘော အနက် အဓိပ္ပါယ်က ဘာကိုဆိုလိုတယ် ဘယ်လောက်အရေးကြီးတယ်ဆိုတာ တကယ်စာတတ်တဲ့သူတွေက သိပ်သိတာပေါ့။ အခုမှစကာစရှိသေးတော့ ပြင်စရာ ပြောင်းစရာ ကောင်းသည်ထက်ကောင်းအောင် လုပ်စရာတွေကတစ်ပုံကြီး။ အရေးကြီးတာက စိတ်ဓာတ်။ သက္ကော ဥုဇု သုဟုဇု ဆိုတဲ့အတိုင်း ပြည်သူလူထုအကျိုးစီးပွားအတွက် အများကောင်းကျိုးအတွက် အလုပ်လုပ်ပါမယ်ဆိုတဲ့သူဟာ စွမ်းနိုင်ရပါမယ်၊ ဖြောင့်မတ်ရပါမယ်၊ အလွန့်အလွန်ကို ဖြောင့်မတ်ရပါမယ် စသည်ဖြင့် မေတ္တသုတ်မှာဖော်ပြထားတဲ့အတိုင်း လွှတ်တော်ထဲမှာလည်းကျင့်သုံးကြမယ်ဆိုရင် ဥပ္ပါတသန္တိစေတီတော်ထဲက အဆူဆူသောဘုရားအပေါင်းကလည်း ကောင်းချီးနုမော် သာဓုခေါ်နေကြမှာ မလွဲပါဘူးဗျာ။

Pho Htu said...

Shwe Kawlin ၏အယူအဆကိုထောက်ခံပါသည်
ဒီလှိုင်းစာစောင် အတွဲ(၁)အမှတ်(၆)ပါတဲ့ “ စိုးအုပ် ” ရဲ့ “ ဒီမိုကရေစီရဲ့ ရန်သူ ” ဆောင်းပါးကို ကိုးကားပါရစေ...
ဒီမိုကရေစီရဲ့ ရန်သူဟာ ဟိုး..အဝေးကြီးမှာမရှိဘူး
ကိုယ့်ရဲ့ ရင်ဘတ်ထဲမှာဘဲရှိတာ...တဲ့

Anonymous said...

သတိယလို့ပြောပြမယ်။
ပါးရိုက်လို့ဒဏ်ကြေးတစ်ထောင်ကျပ်ဆိုတာ
နှစ်များစွာကတည်းကဥပဒေတရပ်ကို
ခုချိန်ထိကာကွယ်စောင့်ရှောက်နေတာကိုပဲကြည့်
မဖြစ်သင့်တဲ့ဒဏ်ကြေးယနေ့ခေတ်မှာ...
ဒီတော့ကာကွယ်စောင့်ရှောက်ခြင်းဝေါဟာရကို
ရုပ်သိမ်းပေးပါ။နိုင်ငံတော်သမ္မတကြီးရှင့်...
ဒီအတိုင်းပဲထားလို့ကတရားရုံးမှာ
ပါးရိုက်တဲ့အမှုပေါင်းသိန်းနဲ့ချီပြီးတက်လာမှာသေချာနေတယ်။

Powered by Blogger.