ဧပြီ ၂၈ ရက်။ ၂၀၁၂ ခုနှစ် -မော်ကယားမြာ (YPI)
ယခုရက်ပိုင်းအတွင်း KNPP နှင့် ကရင်နီ (ကယား) ပြည်နယ် လူထုတွေ့ဆုံပွဲများ ပြုလုပ်လျှက်ရှိရာ ပြည်နယ်အတွင်းရှိ မြေမြုပ်မိုင်းများ ပြန်လည်ဖော်ထုတ်ရှင်းလင်း ပေးပါရန် KNPP အား ဒေသခံပြည်သူလုထုများက ပြောဆို လိုက်ကြသည်။
“မြေမြုပ်မိုင်းတွေ တော်တော်များများရှိပါတယ်။ အဲဒါတွေအားလုံးကို ပြန်ဖော်ထုတ်ပေးပါ။ နိုင်ငံတော်အစိုးရဖြစ်စေ၊ ကေအာန်ပီပီရဲ့ နေရာဂွင်ပဲဖြစ်စေ မြေမြုပ်မိုင်းနဲ့ပတ်သက်တဲ့ နေရာအားလုံးကို မြေမြုပ်မိုင်းတွေ ပြည်သူလူထုအတွက် ရှင်းလင်းပေးပါ” ဟု ထီးသဲကလိုး ကျေးရွာမှ လူထုကိုယ်စားဆွေးနွေးသူ ဆရာ ခူးငါးရယ်က ဧပြီ ၂၂ ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြောဆိုသည်။
ဆရာခူးငါးရယ်က “နေရတော်တော်များများမှာ ကျနော်တို့ ပြည်သူလူထုမှာ စိုးရိမ်နေကြရပါတယ်။ ခံနေကြရပါတယ်။ ကြောက်နေကြရပါတယ်။ စိတ်ထိခိုက်ရတယ်။ စိတ်ဒဏ်ရာရစေခဲ့ကြရတယ်။ ကျနော်တို့ကပဲ အနစ်နာဆုံးဖြစ်နေကြရပါတယ်” ဟုဆက်လက် ပြောဆိုသွားသည်။
မြေမြုပ်မိုင်းကြောင့် ဒေသခံလူထုများ အများဆုံးထိခိုက် နစ်နာခဲ့ကြရသည့်အပြင် ကျွဲ၊ နွား၊ တိရိစ္ဆာန်များက မိုင်းနင်းမိပါက လျော်ကြေးအဖြစ်ငွေကြေး ပေးဆောင်နေကြရသည်။
ပြီးခဲ့သည့်မတ်လပိုင်းတွင်လည်း မြေမြုပ်မိုင်းကြောင့် ဒီးမော့ဆိုမြို့နယ် ဒေါမြလေး၊ ၆ မိုင် အနီးရှိ ဂျေလားပါလို ကျေးရွာမှ ကလေးငယ် နှစ်ဦးသည် လျှပ်စစ်တာဝါတိုင်အောက်မှ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ကြရပြီး နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။
၎င်းကိစ္စရပ်နှင့်ပတ်သက်၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ခေါင်းဆောင်ကိုယ်စားလှယ်များက ပြည်နယ်အဆင့်တွင် ပဏာမ ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးသွားရန် မှတ်သားသွားမည်ဖြစ်ကြောင်း အတွင်းရေးမှူး(၂)ဦးအောင်ဆန်းမြင့်ကအခန်းအနားတွင် ပြောကြားသွားသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် နှစ်အရှည်ဆုံး ပြည်တွင်းစစ်ဖြစ်ပွားလျှက်ရှိသည့် နိုင်ငံတနိုင်ငံဖြစ်၍ အစိုးရ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ နှစ်ဘက်စလုံးက မြေမြှုပ်မိုင်းကို သုံးစွဲလျှက်ရှိသည့် နိုင်ငံတနိုင်ငံဖြစ်သည်။ မြေမြှုပ်မိုင်း မသုံးစွဲရေး နိုင်ငံတကာ စာချုပ်ကို လက်မှတ်ထိုးမထားသည့် နိုင်ငံလည်းဖြစ်သည်။
မြန်မာနိုင်ငံ အစိုးရက မြေမြှုပ်မိုင်းကို မိမိကိုယ်ကာကွယ်ရေး အတွက်သုံးစွဲသည်ဟု ပြောဆိုလေ့ရှိကာ အရပ်သားများ ထိခိုက်မှုမရှိအောင် ထည့်သွင်းစဉ်းစားသည်ဟု နိုင်ငံတကာ အဖွဲ့အစည်းများအား ပြောဆိုကြောင်း သတင်းဖေါ်ပြချက်များ အရသိရှိရသည်။ ။
Yangon Press International

မြေမြှုပ်မိုင်းရှင်းပေးရန် ဒေသခံများက KNPP အားပြောဆို
Reviewed by သစ်ထူးလွင်
on
10:23
Rating:
1 comment:
မှန်တာပေါ့.. မြေမြှုပ်မိုင်း ဆိုတာ မရှိသင့်တဲ့အရာဘဲ.. ရှင်းလင်း သင့်ပါတယ်.. ဒါမှ ပြည်သူတွေ အေးအေးချမ်းချမ်းနေလို့ ရနိုင်မှာပါ
Post a Comment