ဘယ်နေရာမှာထားမလဲ

 ဇော်နိုင် (မြစ်မခ)
ဧပြီ ၄၊ ရန်ကုန်မြို့။

တပ်မတော်ဟာ နိုင်ငံတစ်နိုင်ငံမှာ မရှိမဖြစ်လိုအပ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

စစ်တပ်လို့ပဲသုံးသုံး၊ တပ်မတော်လို့ပဲသုံးသုံး၊ ဘယ်လိုပဲသုံးနှုန်းပါစေ။ အဓိက ကတော့ နိုင်ငံကာကွယ်ရေးနဲ့ လုံခြုံရေးမှာ တန်ဖိုးအရှိဆုံးအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ထို့အတူနိုင်ငံဂုဏ်ကိုလည်းဆောင်ပါတယ်။

တစ်ခါတစ်ရံမှာတော့ တပ်ဟာ နိုင်ငံတစ်နိုင်ငံကြီးပွားတိုးတက်ဘို့ အတွက်အဟန့်အတားလဲ ဖြစ်နိုင်ပါတယ်။ဘယ်လိုအချိန်တွေမှာ တန်ဖိုးရှိသလဲ၊ ဘယ်လိုအချိန်တွေမှာ အဟန့်အတားဖြစ်စေနိုင်သလဲ။ပုဂ္ဂိုလ်ရေးအသုံးချမှု၊ မူလတာဝန်နဲ့ နိုင်ငံအတွက် လိုအပ်ချက်တွေအပေါ်မှာ အခြေခံပါလိမ့်မယ်။ ဒါကိုလည်း ကမ္ဘာအရေး မြန်မာ့အရေးတွေမှာ ထင်ရှားစွာမြင်တွေ့နိုင်ပါတယ်။

စစ်အင်အားကြီးမားတဲ့ နိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ ၀ံ့ကြွားနိုင်ခဲ့ကြတယ်။ ၀ံ့ကြွားလျှက်လဲရှိကြပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာပဲဖြစ်ဖြစ် ကွန်မြူနစ်နိုင်ငံတွေမှာပဲဖြစ်ဖြစ်၊ စစ်အင်အားဟာ နိုင်ငံဂုဏ်ကိုဆောင်ပါတယ်။ နိုင်ငံအတွက်လည်း လုံခြုံပါတယ်။

သာမန်အားဖြင့် ဆိုလျှင်တော့ တပ်ဟာ အရောင်အသွေးမရှိပါဘူး။ နိုင်ငံရေးမှာ ပါဝင်စွက်ဖက်လေ့မရှိကြပါဘူး။ ဒါပေမဲ့ နိုင်ငံလုံခြုံရေးနဲ့ အရေးပေါ်အခြေနေတွေမှာဆိုလျှင်တော့ တစ်နည်းမဟုတ်တစ်နည်းပါဝင် ပတ်သက်မှု ရှိတတ်ကြပါတယ်။ဒီအပေါ်မှာ ရှုမြင်ပုံခြင်း မတူကြတဲ့အတွက် အကောင်းအဆိုး အမျိုးမျိုးအသံတွေထွက်လာတတ်ပါတယ်။ အသံထွက်လာပြီးဆိုကတည်းက တပ်ရဲ့ဂုဏ်၊ ပြည်သူလူထုရဲ့လေးစားကြည်ညိုစိတ်၊ ချစ်ခင်စိတ်တွေ ကျဆင်းတတ်ပါတယ်။

တစ်ဘက်က ကြည့်လျှင်သူရဲကောင်း၊ တစ်ဘက်ကကြည့်လျှင်လူကြမ်းအဖြစ် ရှုမြင်ခံရမှာပါပဲ။  ဘက်ဆိုတဲ့ သဘောတရားပေါ်မှာ အခြေခံလို့ပါ။ တပ်အတွက် နစ်နာသလို နိုင်ငံအတွက်လည်း နစ်နာလှပါတယ်။

မြန်မာနိုင်ငံမှာ မြန်မာ့တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ အင်မတန်မှ အရေးကြီးပါတယ်။ ရှိသင့်ရိုထိုက်တဲ့နေရာမှာထားပေးဖို့လဲလိုပါလိမ့်မယ်။အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းမွေးဖွားပေးလိုက်တဲ့ မြန်မာ့တပ်မတော်ဟာ သမိုင်းပေးတာဝန်ကိုထိုက်တန်စွာ ထမ်းဆောင်ခဲ့တယ်ဆိုတာ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။

ဒီအဆိုအပေါ်မှာ အငြင်းပွားစရာရှိပါလိမ့်မည်။ ငြင်းလည်းငြင်းနေကြတာပါပဲ။ အတိတ်ကို ပြန်ကောက်ပြီးပြောနေကြမယ်ဆိုလျှင် ရန်ဖြစ်ရုံး ငြင်းရုံပဲရှိပါလိမ့်မည်။ငြင်းနေကြမယ်၊ ပုပ်ခတ်နေကြမယ်ဆိုတာထက်စာရင် အလုပ်ဖြစ်အောင် စဉ်းစားကြမယ်။ ဖန်တီးကြမယ်ဆိုရင် အင်မတန်မှ လှပတန်ဖိုးရှိပါလိမ့်မယ်။ လေနဲ့ပြောရတာ အင်မတန်လွယ်ပါတယ်။
ခက်တာက လေနောက်လိုက်အကောင်အထည်ဖေါ်ပေးရတာပဲ။ စိတ်ကူးယဉ်ရုံ အတွေးကောင်းရုံ၊ လက်တွေ့မဆန်တဲ့ သီအိုရီတွေခင်းပြနေရုံးနဲ့တော့ အလုပ်မဖြစ်ဘူးထင်ပါတယ်။


တပ်နဲ့ပတ်သက်ပြီး ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်းဖေါ်ပြထားပါတယ်။ ရှိသင့်တဲ့နေရာ ၊ ရှိရမယ်နေရာလည်း ပါပါတယ်။ ဒီအပေါ်မှာ လက်ခံနိုင်တဲ့ သူတွေရှိသလို လက်မခံတဲ့သူတွေလည်းရှိကြပါတယ်။အခုထက်ထိလဲ ငြင်းကြ၊ ဝေဖန်ကြ၊ပြောကြ၊ ဆိုကြပဲရှိပါသေးတယ်။ ကောင်းတဲ့ အလားအလားမဟုတ်ဘူးလို့ထင်ပါတယ်။လက်ရှိကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံမှာ တပ်ရဲ့အခန်းကဏ္ဍာကိုသမိုင်းကြောင်းအရ အခြေခံပြီး စဉ်းစားခဲ့သလို၊ Geopolitics အရလည်း အချိန်ယူလေ့လာစဉ်းစားပြီးမှ ဆွေးနွေးခဲ့တယ်။ ရေးသားခဲ့တယ်လို့သိထားပါတယ်။

ဒီအပေါ်မှာ မငြင်းလိုပါ။ မဝေဖန်လိုပါ။ ကောင်းသလား။ မကောင်းဘူးလား။ မှန်သလား၊ မမှန်ဘူးလားဆိုတာတော့ ကိုင်တွယ်ကျင့်သုံးကြသူများနဲ့ အချိန်က စကားပြောပါလိမ့်မယ်။

သေချာတာကတော့ ဖွဲ့စည်းပုံလည်းရှိနေပြီ။ နေရာလည်းသတ်မှတ်ထားပြီးသား ။ ဒါကိုဘယ်လိုပြင်ကြမှာလဲ ။ ဘယ်လိုဖြစ်ချင်လို့လဲ ။ ဘယ်လောက်ထိဖြစ်နိုင်မယ်လို့ မှန်းထားသလဲ။ကိုယ်အတွေးအခေါ်၊ ကိုယ်အယူအဆအရမှန်တယ်ထင်။ အဲဒီအပေါ်မှာ အခြေခံ။ ပြည်သူလူထုကိုစည်းရုံး။ ပြည်သူ့အားနဲ့ တပ်ကိုကိုယ်ရောက်စေချင်တဲ့နေရာကို အတင်းပို့မယ်ဆိုရင်အဆိုးသံသရာထဲမှာပဲ လည်နေပါလိမ့်မယ်။

တပ်သည် ပြည်ခိုင်ဖြိုးရဲ့ လက်ရုံးမဖြစ်သင့်သလို ၊ NLDရဲ့ ရန်သူလဲမဖြစ်သင့်ပါ။
ထို့အတူ NLDရဲ့ လက်ရုံးမဖြစ်သင့် သလို့ပြည်ခိုင်ဖြိုးရဲ့ ရန်သူလဲမဖြစ်သင့်ပါ။
ဒီထက်ပိုရရင်တော့ တစ်ဦး၊ တစ်ဖွဲ့၊ တစ်ပါတီရဲ့လက်ရုံးမဖြစ်သင့်ပါ။ ထို့အတူရန်သူလဲ မဖြစ်သင့်ပါ။
တပ်သည်ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်မယ်လို့အတိအလင်းကြေညာပြီးသား။ ကိုယ်တိုင်ကြေညာပြီးသားဖြစ်တဲ့အတွက် တပ်ကိုဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ မြုပ်သွားအောင်၊ မြုပ်နှံနိုင်အောင် ဖန်တီးပေးဖို့လိုလိမ့်မယ်။

ဖွဲ့စည်းပုံထဲမှာ နေတတ်အောင်၊ နေသွားနိုင်အောင် ၀ိုင်းဝန်းပံ့ပိုးပေးဖို့လိုပါလိမ်မယ် ။ ဖွဲ့စည်းပုံမပျက်သမျှ တပ်သည်နိုင်ငံရေးဧရိယာမှာဝင်ပါစရာမရှိပါ။

ဖွဲ့စည်းပုံသာပျက်သွားခဲ့ရင် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ အမျိုးသားရေးတာဝန်နဲ့ Geopolitics အပေါ်မှာ အခြေခံပြီး ဘက်တစ်ဖက်ကိုရောက်သွားပါလိမ့်မည်။ သို့မဟုတ် ကိုယ်တိုင်ပင်ဘက်တစ်ခုဖြစ်သွားနိုင်ပါလိမ့်မယ်။
ဘယ်နေရာမှာထားမလဲ ဘယ်နေရာမှာထားမလဲ Reviewed by သစ်ထူးလွင် on 14:56 Rating: 5

9 comments:

ကိုကို said...

ခုလက်ရှိကတော့တပ်ကိုပြည်ခိုင်ဖြိုးကအသုံးချနေတာအမှန်ပဲ..

သားသား said...

မှန်ပါသည် တပ်သည်ရှိသင့်တဲ့နေရာ ရှိသင့်တဲ့ အရပ်မှာရှိနေဖို့ လိုပါသည် အပြည့်အ၀လဲထောက်ခံပါသည် တခုတော့ရှိပါသည် ပြည်သူအပေါ် မမောက်မာဖို့ မရိုင်းစိုင်းဖို့ အာဏာမပြဖို့ ကြီးနိုင်ငယ်ညှင်းမလုပ်ဖို့ လဲလိုအပ်ပါလိမ့်မည်။ လက်နက်ရှိသည် ထို့အတွက်အာဏာရှိသည် သို့ကြောင့် ထင်တိုင်းလုပ်သည်ဆိုတာမျိုးတော့ အဖြစ်သင့်သလို မည်သူမျှလဲကြိုက်မည်မဟုတ်ပါ

အမှန်တရား said...

ဟုတ်ပါတယ်..လောလောဆယ်တော.ကျွန်တော်တို့ရဲ့တပ်မတ်ာကိုကြံ့ခိုင်ရေးပါတီကရုပ်သေးရုပ်လိုကစားချင်သလိုကာစားနေပါတယ်

Tawthargyi said...

ဗိုလ်ချူပ်အောင်ဆန်း တည်ထောင်ခဲ့ တဲ့ ပြည်သူ တွေကို ကာကွယ်တဲ့ ဗမာတပ်မတော် မဟုတ်တော့ဘူး၊ အန်မတန်မှ စက်ဆုတ်ရွ့ံရှာဖွေ ကောင်းတဲ့ ခွေးသတောင်းစား ဖက်စစ် စစ်ဝါဒီ ဖြစ်တဲ့ ဗိုလ်နေ၀င်း ၊ဗိုလ်သန်းရွေ တို့ တည်ထောင်ခဲ့ တဲ့ အပြစ်မဲ့ တဲ့ ရဟန်း၊သံဃာ ၊ပြည်သူတွေကို သတ်တဲ့ စစ်တပ်သာ ဖြစ်တယ်၊၊ အဲဒါကြောင့် ဗမာ့စစ်တပ် ကို ဖြို ခွင်းပစ်ရမယ်၊၊ ဗမာတပ်မတော် ရှိနေသရွေ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စု ဆိုဒါ ဘယ်တော့ မှ ဖြစ်လာမှာ မဟုတ်ဘူး၊

အညာသားကြီး said...

တပ်မတော်ဆိုတာ နိုင်ငံတော်ကို ကာကွယ်ဖို့ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ဖို့ပါ။ လူ ၁ ယောက်၊ လူ ၁ စု၊ ပါတီ၁ခု အတွက် လက်ကိုင်ဒုတ် အသုံးချခံ မဖြစ်သင့်ပါ။ ကာကွယ်ရေး ဦးစီးချုပ်သည် အာဏာပိုင်မဟုတ်ပါ။ ဘုရင်မင်းတရားမဟုတ်ပါ။ အထူးအခွင့်ထူးခံလူတန်းစားမဖြစ်သင့်ပါ။ တပ်မတော်သည်လည်း ဥပဒေအထက်မှာ ရှိမနေသင့်ပါ။ ပြည်သူ့ရင်သွေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့အတွက်တပ်မတော်သာဖြစ်သင့်ပါသည်။ တပ်မတော် နှင့် ပြည်သူကို သွေးခွဲထားခြင်းသည် အာဏာရှင် တို့၏ လုပ်၇ပ်သာဖြစ်ပါသည်။

မောင်မောင် said...

ဗမာ့တပ်မတော်ဖျက်ဆီးပစ်မယ်ဆိုရင် ပြည်ပရန်ကို ဘယ်သူတွေကာကွယ်မလည်း...ခင်ဗျားကြီးတော်က ကာကွယ်မလား..တပ်ကိုဖျက်စရာမလိုပါဘူး..နေရာတကျရှိစေဖို.ပဲလိုပါတယ်..

saw 00 said...

ကျွန်တော်တို့ အမြင် ပြောရရင်တော့ စစ်တပ်ဆို ဗိုလ်ချုပ်အောင်ဆန်းတို့ အစပျိုး ခဲ့တာမှန်ပေမဲ့ ဟိုအရင်မျိုးဆက်ဟောင်း စစ်တပ်ရဲ့ စိတ်ဓါတ် နဲ့ အခု မျိုးဆက်သစ် စစ်တပ် ရဲ့စိတ် ဓါတ် တွေဟာ မတူကြပါဘူး ၊မျိုးဆက်သစ်တွေ ကပြည်သူ ထဲက သွားတာဟုတ်ပေမဲ့ ပြည်သူကို ပြန်စော်ကားတာ ၊ပြည်သူကို မလေးစားတာတွေ အများကြီးတွေ့ရပါတယ် ၊ဒီလို တွေဖြစ်တာဟာ ဒီလိုစိတ်ဓါတ်တွေ တမင် ရိုက်သိင်းထားတာလား ၊ ဘယ်သူကလုပ်လိုက်လို့လဲ ၊ဒါမှမဟုတ်ရင်လဲ သွန်သင်ပဲ့ပြင်မှုမရှိလို့လား ၊ စစ်တပ်ဆိုတာ ရန်သူအပေါ် မှာဘဲ ကြမ်းတမ်း သင့်ပါတယ် ၊ပြည်သူ ကိုတော့မိသားစုလို သဘောထားရမှာပါ ။

saw 00 said...

ဘယ်နေရာ မှာထားမလဲဆိုတာ ထက် သူတို့ ရဲ့ စိတ်ဓါတ်တွေကို ဘယ်လိုပြင်ပေး ရမလဲ ဘယ်လိုပြင်ပေးရင်ကောင်းမလဲ ဆိုတာကို အရင်စဉ်းစားရမှာပါ ၊ စိတ်ဓါတ် တွေ ကောင်းသွားရင် စိတ်ဓါတ်တွေ မှန်သွားရင် သူ့ အလိုလို နေရာမှန် ပြန်သွားမှာပါ ပြန်ရောက်သွားမှာပါ၊ စိတ်ဓါတ်ပြန် မမှန်ရင်တော့ ဘယ်နား သွားထားထား နေမှာမဟုတ်ဘူး ၊ ရိုင်းရိုင်းပြောရရင်တော့ အရူး အမဲသား စားမိ သွား သလိုဖြစ်သွားပြီ ။

Richard said...

တပ်ကိုဖယ်ထားလို့မရဘူးဆိုတာကို ပြည်သူကလက်ခံရမယ်
တပ်ကလဲ ပြည်သူကိုမလေးမစားနဲ့ အနိုင်မကျင့်ရဘူး
ဦးဆောင်မှုကဏ္ဍမှာပါဖို့ လောလောဆယ်မှာ တောင်းဆိုထားတာသင့်ပါတယ်
ဒါပေမဲ့ အမြဲတမ်းတော့ မဖြစ်သင့်ဘူး ၅နှစ်(သို့)၁၀နှစ် စသဖြင့် အချိန်
အတိုင်းအတာတစ်ခု ဖွဲ့စည်းပုံဥပဒေထဲမှာ အတိအလင်းထည့်သွင်းထားသင့်တယ်
ပြီးတော့ လွှတ်တော်မှာဦးဆောင်မှုအတွက်၂၅%တပ်ကိုယ်စားလှယ်ပါပြီးသား
ဖြစ်တဲ့အတွက် တပ်က ထပ်ပြီးမဲမပေးသင့်တော့ဘူး
တပ်နဲ့တပ်မိသားစုဟာ ဘယ်ပါတီနဲ့မှမဆိုင်တဲ့ ဘယ်ပါတီကိုမှမဲမပေးတဲ့
သီးခြားအဖွဲ့အစည်းဖြစ်နေသင့်တယ် ပြည်သူ့တပ်ဖြစ်ရမယ်
မဲပေးရင် ပါတီတစ်ခုခုရဲ့ အသုံးချခံဖြစ်သွားမယ်
မဲမပေးတော့ ဘယ်ပါတီရဲ့တပ်မှမဖြစ်တော့ပဲ
တပ်က တပ်သပ်သပ်ဖြစ်သွားမယ် ဒါဆိုပြည်သူနဲ့လဲစိတ်ဝမ်းကွဲစရာမရှိတော့ဘူး ပြည်သူကလဲတပ်ကိုယ်စား၂၅%
ပါတာကို ကြည်ဖြူသင့်တယ် ကြည်ဖြူနိုင်လိမ့်မယ်လဲထင်တယ်
ဒါပေမဲ့ ဒီမိုကရေစီကျင့်စဉ်နဲ့ အသားကျလာပြီ နိုင်ငံရင့်ကျက်လာပြီဆိုရင်
အဲဒီ၂၅% ကိုလဲတဖြေးဖြေး နောက်ဆုတ်ပြီး နောက်ဆုံးမှာတပ်က
နိုင်ငံကာကွယ်ရေးပဲလုပ်ပြီး နိုင်ငံအုပ်ချုပ်ရေး ဥပဒေပြုရေးတို့မှာ ကင်းကင်း
နေသွားရင်တော့ ပြည်သူက အားကိုးတဲ့ ပြည်သူကချစ်တဲ့ တပ်မတော်
ပြန်ဖြစ်လာမယ်လို့ယုံတယ်
အခုအခြေအနေမှာ တပ်နဲ့ပြည်သူမကြည်မဖြူဖြစ်နေတာတွေ့ရတာ
အရမ်းစိတ်ဆင်းရဲဖို့ကောင်းတယ် တိုင်းပြည်အတွက်လဲနိုင်ငံတကာမှာရှက်စရာကောင်းတယ်
သိက်ခါရှိတဲ့တပ်မတော် ပြည်သူချစ်တဲ့တပ်မတော် ပြည်သူနဲ့တစ်သားထဲ
ကျတဲ့တပ်မတော်ဖြစ်စေချင်ပါတယ်
ဒါကို ဘယ်သူဖြစ်အောင်လုပ်ပေးနိုင်မလဲ ဒေါ်အောင်ဆန်းစုကြည်လား
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လား သမတဦးသိန်းစိန်လား

Powered by Blogger.