ပြည်သူ့ ဆေးရုံ ဆိုတဲ့  အမည်မှ “ပြည်” ဆိုတဲ့ စာလုံးတလုံး ဖြုတ်ခံရနီးနေပြီလား

မပြောမပြီး ပြောလည်းမပြီး ၊ ပြောပြန်တော့လည်း ပြောသူလွန်ရာကျပါတယ် ။ သိသာသိစေ မမြင်စေနဲ့ ဆိုတဲ့ အထဲမှာ ဒီလိုကိစ္စမျိုးတွေလည်းပါ ပါလိမ့်မယ် ။ အားလုံး သိနေပြီးသား အရာတွေပါပဲ ။ မြင်ဖူးတဲ့သူတွေလည်းရှိကြမှာပါ ။ ဒါပေမဲ့ မမြင်ဖူးသေးတဲ့ သူများ ရှိကောင်းရှိပါလိမ့်မယ် ။ မြင်လိုက်ရလို့ ရော ဘာတွေ အကျိုးရှိသွားမလည်း လို့ ဆိုချင်သူများ ရှိပါလိမ့်မယ် ။ ဘာမှတော့ အကျိုး မရှိသွားပါဘုး ။ အပြစ်ပြောချင်စရာတွေ သာဖြစ်လာနိုင်ပါတယ် ။ ဘာလို့ လည်းဆိုတော့ ဒီတခါ လွမ်းရတဲ့  ပုံရိပ်တွေက ဘာတခုမှ မျက်စိပသာဒ ရှိစရာတွေ မဟုတ်လို့ ပါပဲ ။အမေကျော် ဒွေးတော်လွမ်း တာ မဟုတ်ရပါဘူး ၊ တကယ်ပါ ။ ကိုယ့်ပြည် ကိုယ့်ရွာမှာ ဒီလို မြင်ကွင်းတွေ တွေ့ နေရတာ စိတ်မကောင်းစရာပါ ။ ၂၁ ရာစု နှစ်ကြီးထဲမှာ ကမ္ဘာနဲ့ ရင်ဘောင် တန်း မလိုက်နိုင်တာ တောင်မှ နောက်မှာ သိပ်ပြတ်ပြီး ကျန်မနေသင့်တော့ ဘူး လို့  စဉ်းစားမိလို့  ၊ဒီမြင်ကွင်းလေးတွေကို အားမလို အားမရ နဲ့  ဖြစ်မိ ရတာပါ ။ နှစ်ပေါင်းများစွာ ကြာနေခဲ့တဲ့ အတိတ်က ပုံရိပ်များနဲ့  ယှဉ်ကြည့်ပြီး တိုးတက်မှု နဲ့ ဆုတ်ယုတ်မှုတွေ ကို ရေချိန်ထိုးပြီး ကြည့်လိုက်မိလို့  လွမ်းရတဲ့  ပုံရိပ်များ ကို ခုလက်ရှိ ပုံလေးများ နဲ့ တွေးမြင်ကြည့်လိုက်ကြရအောင် ...(ပုံရိပ်ဟောင်းတွေကတော့ စုဆောင်းထားတာ မရှိလို့  ၊ ကိုယ်သိထားခဲ့ တဲ့  ပုံရိပ်ဟောင်းတွေကိုပဲ တွေးကြည့်ကြစေလိုပါတယ် ).

ဆွေမျိုး နဲ့  မိတ်ဆွေ တချို့  မကျန်းမာကြလို့  ဒီတခါ ရွာအပြန်မှာ နေ့ တိုင်းလိုလို ဆေးရုံတွေ ဆေးခန်းတွေ ပဲ ရောက်ခဲ့တာ များတယ် ။

ရန်ကုန် ပြည်သူ့ ဆေးရုံကြီး။
ကျောင်းသားဘဝက နေ့ စဉ်ဝင်ထွက် ပညာ ဆည်းပူးခဲ့ ရတဲ့  နေရာ တခုထဲမှာ အရောက်ဖြစ်ဆုံး နေရာပေါ့ ။ သူကတော့ နှစ်တစ်ရာကျော်ခဲ့ပေမဲ့  ကျားကုတ်ကျားခဲ အသက်ဆက်နေရဆဲပါ ။ ဆေးကုန် ဆေးမစုံ နေကြတဲ့ ဆေးရုံတွေထဲ တခုအပါအဝင်ပေမဲ့  အသပြာ ခန်းနေကြတဲ့  ကျောမွဲတွေ အတွက် ကောက်ရိုးတမျှင်ပေါ့ ..ဒီနေရာက အကွက်ကောင်း နေရာကောင်းဆိုတော့ သူလည်း မျက်ခုန်းတလှုပ်လှုပ်ပဲတဲ့လေ ။ ပြည်သူ့ ဆေးရုံ ဆိုတဲ့  အမည်မှ “ပြည်” ဆိုတဲ့ စာလုံးတလုံး ဖြုတ်ခံရနီးနေပြီလား မသိ ။


ဦးနှောက်နှင့်အာရုံကြောဆိုင်ရာဆေးရုံကြီး။
ဒီခေတ်ကြီးမှာ ဦးနှောက်ဖေါက်စားကြသူများ နဲ့  ဖေါက်စားခံရသူများ အတော်လေးပိုများ လာကြလို့  ရွှေရွာကြီးက ဒီနေရာလေးဟာလည်း အတော် အရေးပါတယ် ။အဲ့ဒီက အထူးကုကြီးက အလွန်တော်တယ် ဆိုကြတယ် ။


အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးဌာန ။ ရွှေပြည်သားများ အဖြစ်အများဆုံး ကူးစက် ရောဂါကြီးတခု ။ သေဆုံးမှုတွေလည်း ကြောက်ခမန်းလိလိပဲ ။ ခေတ်မှီဆေးဝါးတွေ ပေါ်ပေါက်နေပြီ ဖြစ်လို့  ကမ္ဘာ့ နိုင်ငံတော်တော်များများ မှာအောင်မြင်စွာကုသ ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ပြီ ဖြစ်ပေမဲ့ ...ရွှေနိုင်ငံတော်က တာဝန်ရှိသူများက အားထုတ် ကူညီသော်လည်း အားလုံးကို မစောင့်ရှောက်ပေးနိုင်သေး ။ တီဘီကုဆေးတွေက ဈေးကြီးလွန်းတာကြောင့် ထုတ်ပေးထားတဲ့  ဆေးများက မှောင်ခိုဈေးကွက်သို့  ရောက်ပြီး ဆီ ဆန် ဆား ဟင်းစားများအဖြစ် အသွင်ပြောင်းလိုက်ကြရတဲ့  ကျောမွဲများ ရောဂါပျောက်ချင်ကြပေမဲ့  လောလောဆယ် ဝမ်းစာက ပိုအရေးကြီးနေကြလို့ ဆေးမသောက်ဖြစ်ကြ ..ရောဂါ ပိုပွားကြ နဲ့  သံသရာ လည်နေဆဲ။

သွေးရောဂါ အထူးကုဌာန ၊ ဗဟို အထူးအရေပြားရောဂါ အထူးကု ဌာန ။
ဒီရောဂါများတွေလည်း များပါတယ် ။ လူနာတွေ များတယ် လို့ ဆိုချင်တာပါ ။ အဆောက်အဦးကိုကြည့်ပြီး အမြင်မသေးကြစေလိုပါ ။ အသက်ပေါင်းများစွာ ကယ်တင်ပေးနေတဲ့  နေရာတခု ပါပဲ ။ စေတနာ မှန်မှန်နဲ့  ကုသပေးနေကြတဲ့  ဆရာဝန်၊ ဆရာမ ၊ဆေးရုံဝန်ထမ်းတွေ ရှိနေကြဆဲပါ ။ အမြင်စုတ်ပေမဲ့  ရွှေထုပ်တဲ့  မြပုဝါ ထဲမှာ သူလဲ ရွှေတွေ ထုပ်ပေးနေလျှက်ပါ ။ တခြားရွှေထုတ်စားကြသူများကတော့ ဒီလိုနေရာမျိုး ကြာကြာ နေနိုင်မယ် မထင်ပါ ။

ဆရာမလေးတွေ အမှန်တကယ် အလုပ်လုပ်နေကြတယ် ။

ဆရာဝန်မမကြီးတွေလည်း ကိုယ့်တာဝန်ကိုယ်ထမ်းဆောင်နေကြတယ် ။


ဆရာဝန်မမက မှန်ကန်တဲ့  ကုသမှု order ပေး ၊ ဆရာမ ညီမလေးက တသွေမတိမ်း လုပ်ကြပေါ့။ တဦးကောင်း တယောက်ကောင်းရုံနဲ့ လုပ်ငန်းတခု မပြီးမြောက် မအောင်မြင်နိုင်ပါ ။ စနစ်တကျ ပူးပေါင်း လုပ်ဆောင် ကြရမှာပါ ။ ငါတော်တယ် ငါတတ်တယ် ဆိုပြီး လူနာကုလို့ မရ ။ သူ့ နေရာ နဲ့ သူ တော်ကြသူတွေကြီး ပါပဲ ။
(မှတ်မိပါသေးတယ် .. ကိုယ်ဟောက်ဆာဂျင်ဘဝက သွေးသွင်းဖို့  အပ်တုတ်တုတ်ကြီးနဲ့  ဦးဆုံးထိုးပေးရမဲ့ လူနာ ရှေ့ မှာ လက်တွေ တုန်လို့  အတွေ့ အကြုံအများကြီးရင့် တဲ့  ထမိန်ပြာနဲ့  ဘလူးစတပ်ဖ်ကြီး ဒေါ်သန်းမြင့် ဆီ မျက်နှာငယ်နဲ့  အကူအညီတောင်းရသေးတယ် ။ ဘဝတသက်မှာ ပထမဦးဆုံး IV ထိုးတဲ့ အတွေ့ အကြုံ ကို အဲ့ဒီ ဆရာမကြီး ဆီက သင်ယူခဲ့ရပါတယ် ။ ခွဲစိတ် အဆောင် ၁၇-၁၈ မှ ဆရာမကြီးကို ခုထိ ကျေးဇူးတင်နေဆဲပါ ။ ခုတော့ သူလည်း စစ်စတာကြီးဘဝ နဲ့  အငြိမ်းစားယူသွားပါပြီ ။ ကြာတောင်ကြာခဲ့ ပြီပဲလေ )

ဒါကတော့ဗဟိုသွေးလှူဘဏ်ကြီးပါ ။ ဆယ်တန်းအောင် တဲ့နှစ်ရယ် ၊ ဒုတိယနှစ်ဖြေအပြီးရယ် မှာ လုပ်အားသွားပေးခဲ့ဖူးပါတယ် ။အဲ့ ဒီ အချိန်တုံးက ပျော်စရာ တခု က သွေးလာလှူတဲ့ သူတွေကို သွေးပေါင်ချိန်ပေး၊ ကိုယ်အလေးချိန်ပေး ၊သွေးကူဖေါက်ပေး နဲ့  ပြီးတော့ နေ့ ခင်းနေ့ လည် မောရင်၊ သွေးလှူ တဲ့သူတွေ နဲရင် အပေါ်ထပ် အခန်းထဲမှာ သွေးလှူရှင်တွေကို ကျွေးတဲ့ နို့ နဲ့  ကြက်ဥ တခါတလေ ဘီစကစ်မုန့် တွေ သွားပြီး တောင်းစားခဲ့ ကြ တာတွေပါ ။ ကရင် ဆရာမကြီး နဲ့ ဆရာမလေးတွေကလည်း သဘောကောင်းကြတယ် ။

သင့်သွေးဖြင့် အသက်ကယ်ပါ ။
သွေးတစက် အသက်တချောင်း ။ တန်ဘိုးဖြတ်မရနိုင်တဲ့  သွေးတစက်ပါ ။ ဒီတော့ ဒီသွေးတွေကို တန်ဘိုးမဖြတ်ပါဘူး။နိုင်ငံတော်ကြီးမှ ပြည်သားများကို အခမဲ့  ပေးဝေကုသ အသက်ဆက်ပေးနေပါတယ် ။ ဒါပေမဲ့  သွေးပဲ ရှိပြီး သွေးအိတ်မရှိလို့  မရပါဘူး ။ ဒါကြောင့် ထူးဆန်းထွေလာ ရွှေပြည်ရွာမှာ သွေးအိတ်က သွေးထက် ပိုပြီး အဖိုးတန် နေပါပြီ ။ သွေးဘိုး ပေးရန် ( လုံးဝ ) မလိုပါ ။ သွေးအိတ်ဘိုး ပေးရန် သာလိုအပ်ပါတယ် ။ သွေးအိတ် ၂ အိတ် တသောင်းခွဲထဲ ပါတဲ့  ။ အဲ့ဒီထဲမှာ ဘီပိုး စီပိုး နဲ့ ဟိုပိုး တွေ ပါ၊ မပါ စစ်ပေးတဲ့  စရိတ်စက ပါပြီးသားပါ ။ သွေးအိတ်ဘိုး ထက်စာရင် အသက်တချောင်း က ပိုပြီး အဖိုး တန်ပါတယ် ။ ဒါကြောင့် သွေးအိတ်ဘိုးကို အသက်ရှိသူ လူနာတိုင်း က ကြည်ဖြူစွာပဲ ပေးကြပါတယ် ။း(


သွေးလှူ ဘဏ်မှ သွေးကို အဆင့်ဆင့် ထုတ်ယူ ၊ သွေးအမျိုးအစား မှန် မမှန် စစ်ဆေး ၊ ဆရာဝန် နဲ့  ဆရာမတို့ လက်မှတ်ထိုး ၊ စာရင်းသွင်း ပြီးရင် သွေးသွင်းဖို့  ဒီလို အရင် ပြင်ဆင်ကြတယ် ။ လက်အိပ် ကို လူနာ မှ ဝယ်ပေးရတယ် ။ ကျန်တာတွေ ပလပ်စတာ ၊ အရက်ပျံနဲ့  ဂွမ်းက အစပေါ့ ။း) ။ စရိတ်မျှပေး ကျန်းမာရေးလို့  ဆိုပေသကိုး ။

မှတ်သားဘွယ်ရာ ဆောင်ပုဒ်များ ..။
ဒါက ကျန်းမာရေးဌာနကြီးရဲ့ ရည်မှန်းချက် နဲ့ အကောင်အထည် ဖေါ်ဆောင်နည်းများ ။ အလွန် ကောင်းပါ၏ ။ ဖြစ်တာ မဖြစ်တာတော့ ကိုယ့်ထိုက်နဲ့  ကိုယ့်ကံပေါ့ လေ ။ ရည်မှန်းချက် ကြီးကြီး ကို အကောင်အထည် ဖေါ်နေတာ ဘယ်လောက် အချိန်တွေ ကြာနေပြီလဲ ။ဆိုင်းဘုတ်ကြီးတောင် အရောင်မှိန် ကွဲပြဲ နေပြီပဲ လေ ။အောင်မြင်ဖို့ တော့ မနေ့ ကထက်စာရင် တရက် ပိုနီးလာပြီ လို့  သဘောထား မိပါတယ် ။ တနေ့ နေ့ တော့ ဖြစ်လာရမည်မှာ မလွဲပါ ။

သူ့ သဘောထား နဲ့  တို့ တာဝန် ။
ဒီ သင်တန်းကျောင်း နေရာ လေးက အရင်တုံးက ဆရာမတွေ အဆောင် ။ ပြီးကာစကတော့ အတော်လေးသစ်လွင်ပါတယ် ။ ဖရက်ရှာ နပ့်စ် လေးတွေ နေကြတယ်။ သူနဲ့  ဘေးချင်းကပ်ရက် မှာ အဆောင်ဟောင်းတခု ။ နဲနဲ ပိုကြီး (ရင့်) တဲ့  နပ်စ့် တွေ နေကြတယ် ။ ဒီတော့ ဒီအဆောင်တွေကို နာမည် အလှလေးတွေ ပေးထားကြတာ ပုလဲကျွန်း နဲ့  ဟိုင်းကြီးကျွန်း .. တဲ့  ။ စည်းကမ်းကတော့ အတော်လေးကြီးခဲ့ ကြပါတယ် ။ အဆောင်မှူးအဖြစ်နဲ့  ဟိုင်းကြီးကျွန်းသူ တွေက အုပ်ချုပ်တယ်ပေါ့ ။ ညနေ ဧည့်သည်ချိန်ဆို စည်ကားပါတယ် ။ည အချိန်တော့ ဒီဝင်းဘေးမှ သိပ်ဖြတ်မလျှောက်ရဲကြဘူး။ ( ည ည ဆို ဆေးရုံ အလုပ်သမား အိနြ္ဒိယလူမျိုး တွေ က အရက်မူးမူးနဲ့  လူသေတင်ထားတဲ့ ထော်လီလေး တဂျိန်းဂျိန်းတွန်းပြီး သီချင်း တကြော်ကြော် ဆိုပြီး အလောင်းပို့ လေ့ရှိကြတယ် ) ။ နာမည်ကျော် မော်ကျူရီ ကြီး ရှိတယ်လေ ။သူရဲခြောက်တယ် တဲ့  ။ နာမည်ကြီး အသုဘရှိတဲ့  နေ့ တွေ ဆို ကားတွေ တန်းစီလို့  ။ လူတွေ ကြပ်လို့  ပေါ့ ။ အဲဒီ နေရာ ခုတော့ သင်တန်းကျောင်း ဖြစ်နေပြီ ။

စည်းကမ်းချက်များ ၊ မေတ္တာရပ်ခံချက် ။

စည်းကမ်းသည် လူ၏တန်ဘိုး ။ စည်းကမ်းလိုက်နာ ဘေးကင်းကွာ တဲ့  ။

ဒီတော့ လူနာများ ၊ ဧည့်သည်များ ၊ ဆေးကိုယ်စားလှယ်များ အားလုံး စည်းကမ်းရှိကြရပါမယ် ။

ဒါကတော့ ပြည်သူ့ ဆေးရုံ မဟုတ် တဲ့  သူ့ ဆေးရုံတွေ ထဲမှ တခုပါ ။ (ကွာခြားပုံများ ကတော့ ဈေးပိုကြီး၏ ဆိုတာ ပြောဖို့  လိုမယ် မထင်ပါ )
နား ..နား ပြီး ပြောပါမယ် ၊ ဒီနေ့ တော့ ဒီလောက်ပဲ ။( ပုံတွေ ထဲမှ စာလုံးများ သေချာစွာ မြင်လိုက ပုံကို ကလစ်လုပ်ကြည့်ပါလို့  ပြောနေစရာတောင် မလိုဘူး ထင်ပါတယ် ... အားလုံး သိပြီးသားတွေ ပဲလေ ..း)) 


 kiki-idiotlove
ပြည်သူ့ ဆေးရုံ ဆိုတဲ့  အမည်မှ “ပြည်” ဆိုတဲ့ စာလုံးတလုံး ဖြုတ်ခံရနီးနေပြီလား ပြည်သူ့ ဆေးရုံ ဆိုတဲ့  အမည်မှ “ပြည်” ဆိုတဲ့ စာလုံးတလုံး ဖြုတ်ခံရနီးနေပြီလား Reviewed by သစ်ထူးလွင် on 18:00 Rating: 5

6 comments:

ko pwa said...

ကျန်တဲ့ ဆေးရုံတွေ တော့ မသိပါ ကျွန်တော့် မိသားစုက မြောက်ဥက္ကလာဆေးရုံ မှာ အဖေ၊ အမေ တို့ကို အကြိမ်အတော်များများ တင်ခဲ့ဘူးပါတယ်. ကျွန်တော့်မိဘ တွေရဲ့ အသက်ကို အကြိမ်ပေါင်းများစွာကယ်တင်ပေးခဲ့ဘူးပါတယ်. တကယ့် ဆရာဝန်ကောင်း သူနာပြုကောင်းတွေပါ. တခြားဆေးရုံတွေလဲ ဒီလိုပဲ ဖြစ်မယ်ထင်ပါတယ်. ကြုံဘူးသလောက်တော့ တကယ်မတတ်နိုင်ရင် သေချာ ပွင့်ပွင့်လင်းလင်း ပြောရပါတယ် ဆေးရုံက အဲလို လူနာတွေကို သေချာ ကုသပေးတာကို အကြိမ်ပေါင်းများစွာ မြင်ခဲ့ဘူးပါတယ်. သွေးသွင်းဖို့လို၇င် အစားထိုးသွေးတောင်းပါတယ် HIV, B & C စစ်ဆေးခပေးရပါတယ် သွေးအိတ်ဖိုးတော့ မပေးရတော့ပါဘူး ဒါကလဲ တကယ်လိုအပ်လို့ပါ. ကျွန်တော်ကိုယ်တိုင် တီဘီဆေးကို လနဲ့ချီပြီး Sun ဆေးခန်းတွေမှာ အလကားရယူသောက်ခဲ့ရဘူးပါတယ်

Anonymous said...

လုပြည့်၊လုရွာ၊လုကမ္ဘာမှာ ဝလူလာဖြစ်ရတာကိုက လူလုံးမလှရှာပါလား ဟရို့။ ပညာရှင်ဆန်သော ဒီလိုလူမျိုးတွေ ရေးတဲ့ ဆောင်းပါးများကို ကြိုဆိုပါတယ်ဗျာ။ ဆက်ရေကြပါ။

Thurein said...

Good!

မောင်ငြိမ်းချမ်း said...

ကျန်းမာရေးဆောင်ပုဒ်

ကျန်းမာအောင်နေကြပါ။

မကျန်းမာခဲ့ရင်လဲကုရအောင်ပိုက်ဆံများများရှာထားပါ။

Anonymous said...

ဖတ်ရတာ နားမလည် ပါဘူး.. ဘာကိုဆိုလိုနေတာလဲ မသိပါဘူးရှင်.. ကောင်းတာကိုပြောချင်တာလား.. ဆိုးတာကို ပြ ချင်တာလား.. ချီးကျူးတာလား... ကဲရဲ့တာလား... သိပ်မရှင်းပါ..
ဒီလိုနေရာမျိုးမှာရေးမယ်ဆိုရင် ဒီထက်ပိုပြီး.. ရှင်းရှင်းလင်းလင်း ရေးစေချင်ပါတယ်..အပေါ်မှာ ချီးကျူးထားကြ တဲ့ လူများကိုတော့ လေးစားပါတယ်.. ကျမ နားမလည်နိုင်တဲ့ အရေးအသားတွေကို နားလည်သဘောပေါက်ပြီး Comments ပေးနိုင်ကြလို့ ပါ.. ကျမ မမှီလို့ ဟုပဲ ယူဆပါတယ်ရှင်

konamazu said...

မြန်မာနိုင်ငံမှာရောဂါဖြစ်ရင် ပိုက်ဆံကို မိမိရပ်နှစ်ပြန်ကျော်အောင်ရှာပါ...အဘယ်ကြောင့်ဆိုသော် ထိုပိုက်ဆံသည်မိမိနာရေးစရိတ် မိမိရှာထားခြင်းဖြစ်သည်ဟု ယူဆပါ။ကျွန်တော့် အဖေ မကွယ်လွန်ခင် ပြင်ပရှိ အထူးကု ဆေးရုံတွင် တလကြာ ကုသရပါသည်။ညနေ ဆောင်းသည်နှင့် အကြွေးရှင်များသဖွယ် ပိုက်ဆံလာရောက်တောင်းယူကြပါသည်။ထိုပိုက်ဆံ မပေးနိုင်ပါက ကျန်ရှိသောဆေးများ ဆက်မသွင်းပေးပါ။ဒါကတော့ သူ့ဆေးရုံ ရဲ့အမှတ်ရစရာလေးပါဗျာ..

Powered by Blogger.