ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း မဲထည့်ရန် စောင့်ဆိုင်း နေသော အလုပ်သမားများ။
ဓာတ်ပုံ - ဘူးသီး
"မဲမပေးရသေးတော့ ပြီးခဲ့တဲ့ ပထမ အခေါက် မဲပေးတုန်းကနဲ့ ဘာတွေကွာ သွားမလဲ မသိရသေးဘူး။ ဘယ်လိုပဲဖြစ် ဖြစ်ပါ၊ ညောင်ပင်ကြီးရွာသားတစ်ယောက် အနေနဲ့ ကျွန်တော်တို့ မြန်မာ နိုင်ငံကြီးကို စနစ်တကျနဲ့ ပိုတိုးတက်အောင်ကြိုးစား ပေးမယ့်သူကိုပဲ မဲပေးဖို့ ရွေးချယ်ထား ပါတယ်"လို့ မဲစာရင်းထဲမှာ ကိုယ့်နာမည် ပါ မပါတောင် မစစ်ရသေးပေမယ့် ကိုစိုးမင်းအောင်က တက်တက်ကြွကြွ ပြောပါတယ်။
အဲဒီနေ့။
ဧပြီလ ၁ ရက်နေ့က ကိုစိုး မင်းအောင် အပါအ၀င် နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ၊ ဥတ္တရသီရိနဲ့ ဒက္ခိဏသီရိမြို့နယ် လေးမြို့နယ်မှာ နေထိုင်ကြတဲ့ အသက် ၁၈ နှစ် ပြည့်ပြီးသူ ၁၆၅,၀၅၈ ယောက် ပါဝင် မဲထည့်ခွင့်ရတဲ့ ပါတီစုံဒီမိုကရေစီ ကြားဖြတ်ရွေးကောက်ပွဲကြီးကို မဲရုံပေါင်း ၁၈၄ ရုံခွဲပြီး ကျင်းပနေတာပါ။
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်း ကလောက် ပါဝင်ပြိုင်ဆိုင်ကြတဲ့ နိုင်ငံရေး ပါတီတွေ မများပေမယ့် ပြင်းထန်တဲ့ မဲဆွယ်စည်းရုံး ဟောပြောမှုတွေ အပြိုင် အဆိုင်ပြုလုပ်ထားတဲ့အတွက် ကျေးရွာ ဒေသခံတွေကလည်း သူတို့လိုလား တောင့်တတဲ့ မျှော်လင့်ချက်တွေ ပြည့်ဝဖို့ တက်တက်ကြွကြွနဲ့ မဲလာထည့်ကြတာ သူတို့ရဲ့ မျှော်လင့်ချက် ပြည့်ဝတော့ မယောင်ပါပဲ။
"၂၀၁၀ က မဲပေးဖူးပါသေးတယ်။ ဒါပေမယ့် အခုတစ်ခေါက် မဲပေးတာက ကိုယ်ခြစ်ချင်တာကိုခြစ်ပြီး လွတ်လွတ် လပ်လပ်ပိုရှိတယ်။ ဒီရွေးကောက်ပွဲပြီး သွားရင် စီးပွားရေးတွေအဆင်ပြေလာ မယ်လို့ မျှော်လင့်ထားတာပဲ။ တခြားဟာ တော့ သိပ်မပြောတတ်ပါဘူး။ ၂၀၁၀ မတိုင်ခင် မြေယာတော်တော်များများ အသိမ်းခံလိုက်ရတယ်။ ဒါတွေကို ပြန်လို ချင်တာပေါ့"လို့ ညောင်ပင်ကြီးကျေးရွာ ရဲ့ မဲရုံတစ်ရုံက မဲထည့်ပြီး ပြန်လာတဲ့ တောင်သူအဒေါ်ကြီးတစ်ဦးက သူ့ရဲ့ တောင့်တမှုကို မ၀ံ့မရဲလေးဖွင့်ဟ ပါတယ်။
မြန်မာနိုင်ငံရဲ့ မြို့တော်၊ အလယ်ပိုင်း ဒေသဖြစ်တဲ့ နေပြည်တော်ကောင်စီ နယ်မြေက တဖြည်းဖြည်းမြင့်တက်လာ တဲ့ ဧပြီလ ပထမဆုံးရက်ရဲ့ နေပူရှိန်နဲ့ အတူ မဲဆန္ဒနယ်မြေအသီးသီးရဲ့ မဲရုံတွေ မှာလည်း ဆန္ဒမဲလာထည့်သူတွေက စည်ကားနေတယ်။
တစ်ယောက်နဲ့ တစ်ယောက် စကားတွေပြောပြီး ဆူညံ နေတာမျိုးမဟုတ်ပေမယ့် ရင်ခုန်သံတွေ ပိုမြန်နေကြတယ်ဆိုတာကတော့ မဲလာ ထည့်သူအချင်းချင်း မျက်ဝန်းတွေက တစ်ဆင့် ၀န်ခံနေကြတာ မငြင်းနိုင်စရာ ပါပဲ။
"မဲပေးပြီးသွားပြီ။ သမီးမဲပေးနေလို့ သူ့ကလေးကို ထိန်းပေးပြီးစောင့်နေတာ။ အရင်တစ်ခေါက်ကလည်း ACE ကနေပဲ မဲပေးဖူးတယ်။ အဲဒီတုန်းက တော့ ဘေးကလူတွေ ၀ိုင်းပြီးတိုက်တွန်း တဲ့သူကို မဲပေးခဲ့တာ။ စစ်မှန်တဲ့ ကောင်းကျိုးတရားတွေရလာမယ်လို့ ယုံကြည် ပါတယ်။ ဖြစ်ပျက်လာသမျှကို ပြည်သူတစ်ယောက်အနေနဲ့ ခံစားရမှာ ပဲ။ ဘာရလဒ်ပဲဖြစ်ဖြစ်ပေါ့"လို့ ဧရာဝတီ တိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်ကနေ နေပြည်တော် ACE ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ အလုပ်လာလုပ်ရင်း ဇမ္ဗူသီရိမြို့နယ်မှာ မဲထည့်ခွင့်ရတဲ့ ဒေါ်ခင်ခင်ရီက ပြောပါတယ်။
နေပူကျဲကျဲ ကွင်းပြင်ထဲမှာ သူ့လိုပဲ ACE ဆောက်လုပ်ရေးလုပ်သားပေါင်း အယောက် ၂,၀၀၀ ကျော်က ကိုယ်မဲပေး ရမယ့် အလှည့်ကို လေးယောက် တစ်တန်း တန်းစီပြီး ထိုင်စောင့်နေကြ တယ်။
နေပူနေပေမယ့် သူတို့မျက်နှာ တွေမှာ အလောတကြီး စိုးရိမ်ပူပင်မှု တစ်စုံတစ်ရာ မတွေ့ရပါဘူး။
"မဲလာပေးရတဲ့အတွက် ဒီနေ့အလုပ် မသွားရဘူး။ မဲပေးတဲ့သူကို ဆိုက် (အလုပ်)ထဲက အုပ်ချုပ်ရေးမှူးက စာရွက်ဖြတ်ပိုင်းလေး ပေးတယ်။ အဲဒါနဲ့ ဟိုမှာ ထမင်းသွားထုတ်ရတာ။ ရေသန့် ဘူးနဲ့ ပိုက်ဆံတစ်ထောင်ထုတ်ပြီးသွားပြီ။ ဒံပေါက်လား ဘာလားတော့ မသိဘူး။ ထမင်းလို့တော့ ထင်ပါတယ်။ အလုပ်ပျက်တဲ့အတွက် လစာထဲကလည်း ဖြတ်မှာမဟုတ်ဘူး"လို့ ဒေါ်ခင်ခင်ရီက အလုပ် သမားတွေအပြန်ကို စောင့်နေတဲ့ အုတ်၊ သဲ၊ ကျောက်သယ်တဲ့ ကားကြီး (ကြိုပို့ယာဉ်)တွေကို လှမ်းကြည့်ရင်း ခပ်အေးအေး ပြောတယ်။
အခြေခံအလုပ်သမားတွေအတွက် ကျပ်ငွေတစ်ထောင်က ငါးရာတန် ထမင်း နှစ်နပ်နဲ့ ဗိုက်ဖြည့်နိုင်တယ်ဆိုတော့ အလုပ်မဆင်း ရလည်း ဘာပူပင်စရာမှ မရှိဘူးလေ။
ဒါပေမယ့် ၀န်ထမ်းအိမ်ရာတွေ ပြည့်နေတဲ့ ဘောဂသိဒ္ဓိရပ်ကွက်မှာတော့ မဲလာထည့်သူတွေက ပိုတောက်ပ သပ်ရပ် နေကြသလို သူတို့အတွက် ကြိုပို့ယာဉ် တွေကလည်း ပိုသားနားနေကြတယ်။
နောက်ပြီး သူတို့ပိုတိကျအားပါတဲ့ စကားသံတွေနဲ့ ဖွင့်ပြောကြတယ်။
"တကယ် ပြည်သူတွေလိုအပ်နေတာတွေကို ဖြည့်ဆည်းပေးနိုင်မယ့် ခေါင်းဆောင်ကောင်းမျိုးကို ကြိုက်တာ။ အဲဒါကျွန်မတစ်ယောက် တည်း မဟုတ်ဘူး။ ပြည်သူတွေအကုန်လုံးရဲ့ ဆန္ဒပဲလေ။ ကိုယ်တိုင်လည်း ဘယ်ကို မဲပေးရ မလဲဆိုတာ ရွေးပြီးသွားပြီ။ ၂၀၁၀ တုန်းကတော့ မဲဆွယ်တာတွေက အခုလို မများခဲ့ဘူးလေ။ ကျေးရွာတွေဘက်မှာတော့ ပါတီတွေက လိုက်မဲဆွယ်တာမျိုးရှိတယ်။ ဒီမှာကတော့ ၀န်ထမ်းမြို့တော် ဆိုတော့ ကိုယ့်အလုပ်ထဲကိုယ်ရောက် နေတာနဲ့ မဲဆွယ်တာတွေ သိပ်မတွေ့ ရဘူး။ အဲဒီလို ပါတီတွေက မဲတွေ အမျိုးမျိုးဆွယ်နေကြတယ်လို့လည်း ကြားတယ်။ ဒါပေမယ့် ကိုယ်ဘယ်ကို မဲပေးရမလဲဆိုတာ ဆုံးဖြတ်ချက်က ချထားပြီးသားလေ"လို့ ၀န်ထမ်းတစ်ဦးဖြစ်တဲ့ မဇင်ဝေထွန်းက မဲလာပေးရင်း ပြောပါတယ်။
ရွှေကြာပင် ရပ်ကွက်က မဲရုံတွေက အ.ထ.က ကျောင်းတွေမှာ ကျင်းပတာ များပြီး ပိုမိုသပ်ရပ်ခံ့ညားစွာနဲ့ တည်ရှိ နေပေမယ့် နိုင်ငံတော်သမ္မတကြီးနဲ့ ၀န်ကြီးတော်တော်များများ မဲလာထည့် မှာ မို့လို့ တမင်ပြင်ဆင်ထားတာမဟုတ်ပဲ မဲရုံအားလုံးနဲ့ တန်းတူ စည်းကမ်းတကျ ဆောက်လုပ်ထားတာလို့ ပြည်ထောင်စု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၀င်တစ်ဦးက ပြောတယ်။
ဥတ္တရသီရိမြို့နယ်ထဲက မင်းကုန်းရွာ ထဲမှာ မဲရုံတချို့ကတော့ စာရင်းရှိ အကုန် မဲပေးပြီးသွားလို့ မွန်းလွဲ ၂ နာရီ လောက်မှာ ပိတ်လိုက်တယ်။
မဲစာရင်းမှာ မပါလို့ မဲပေးခွင့်မရတဲ့သူတချို့က လည်း မကျေနပ်လို့ သက်ဆိုင်ရာကို တိုင်ကြားမယ်လို့ ပြောနေကြတယ်။
ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် ရွာဘက်မှာတော့ မွန်းလွဲ သုံးနာရီကျော် အထိ မဲလာပေးသူတွေ တဖွဲဖွဲရှိနေ တုန်းပဲ။
ညနေ ၄ နာရီ။ မဲရုံပိတ်ပြီ။
မဲစာရင်း ရေတွက်တာကို လာကြည့်ကြတဲ့ ရွာသား တွေ၊ မဲဆန္ဒရှင်တွေက မဲရုံတွေဆီကို စိတ်စောတဲ့ ခြေလှမ်းကျဲတွေနဲ့ လှမ်းလာ နေကြတယ်။
သက်ဆိုင်ရာ မဲရုံတာဝန်ရှိ သူတွေက ဆန္ဒမဲတွေကို တစ်ရွက်ချင်း ရေတွက်နေကြတယ်။
မဲရေနေတဲ့ အသံ ထက် ပိုမြန်တဲ့ ရင်ခုန်သံကြောင့် တစ်ကိုယ်လုံးတုန်နေတဲ့ သူတွေထဲမှာ ပုဗ္ဗသီရိမြို့နယ်၊ ဇ၀နဒီပရပ်ကွက်က ကိုမျိုးမင်းဦးလည်း တစ်ယောက် အပါအ၀င်ပဲ။
ည ၁၀ နာရီ။
နေပြည်တော် ကောင်စီ နယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်မှာရှိတဲ့ မြို့နယ် ကော်မရှင်ရုံးမှာ လူတွေကြိတ်ကြိတ်တိုးနေတယ်။
နေပြည်တော် သီရိလေးမြို့ နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ၈၀ ရာခိုင်နှုန်းနိုင်နေတယ်လို့ အချင်း ချင်းပြောနေကြတယ်။
မနက် ၁ နာရီ။
သီရိလေးမြို့နယ် စလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လေးဦးက ရာခိုင်နှုန်းပြည့် အနိုင်ရရှိသွားပြီဆိုတဲ့ အသံတွေကို ကြားရတယ်။
ဝင်းကိုကိုလတ်၊ ငြိမ်းအိအိထွေး၊ စုလှိုင်ထွန်းနှင့် ယုယုမော်
မြန်မာ့တိုင်းမ်
ဧပြီရဲ့ပထမဆုံးရက်မှာ ရင်ခုန်သံ၊ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်ခဲ့တဲ့ နေပြည်တော် သီရိ လေးမြို့နယ်
Reviewed by သစ်ထူးလွင်
on
07:23
Rating:
No comments:
Post a Comment