မဲရုံများပြန်ဖွင့်ပေးရေး ဖားကန့်ရွေးကောက်ပွဲကော်မရှင်ငြင်း

NDF ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာ (ဓါတ်ပုံ-Google Images)
မတ်၊ ၂၂၊ ၂၀၁၂ (YPI) ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာတွင်လုံခြုံရေးအကြောင်းပြချက်ဖြင့်  မဲပေးခွင့်ပိတ်ထားသော ဒေသများမှ မဲရုံများအား ပြန်လည်ဖွင့်လှစ်ပေးရေး အတွက်တောင်းဆိုခြင်းအား ဖားကန့်မြို့နယ် ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှ ယနေ့ ငြင်းဆိုခဲ့ကြောင်း ယင်းသို့ တောင်းဆိုခဲ့သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာက ပြောသည်။

“ ပြည်ထောင်စုကော်မရှင်ဥက္ကဌကို ပြောတုန်းကလည်း သူက ပြောပါ့မယ်လို့ပြောတယ်။ အခုမြို့နယ်ကော်မရှင် ဥက္ကဌ ကိုပြောတော့  သူက လုပ်ပိုင်ခွင့် မရှိဘူးပြောတယ်။ ဘယ်ကိုသွားပြောရမလဲမသိဘူးဖြစ်နေပြီ”ဟု၎င်းကပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှိ ရွားပေါင်း (၁၀) ရွာကျော်အား လုံခြုံရေးအကြောင်းပြချက်ဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရာတွင် ချန်လှပ်ထားခဲ့ပြီး ယင်းရွာများရှိ ၂၀၁၀ ရွေးကောက်ပွဲကျင်းပစဉ်က အသုံးပြုခဲ့သော မဲရုံ ၃၀ အားပိတ်ထားခဲ့သည်။

ထိုမဲရုံ ၃၀ အနက် ၁၆ ရုံမှာ ဒေသခံများ မဲပေးသည့်မဲရုံများဖြစ်ပြီး ၁၄ ရုံမှာ ကုမ္ပဏီများမှ မဲပေးသည့်မဲရုံများဖြစ်သည်။
ထိုသို့ ချန်လှပ်ထားခြင်းခံရသည့် ဒေသတွင် လူဦးရေ (၁၀၀၀၀) ၀န်းကျင်နေထိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများက ခန့်မှန်းသည်။

ဒေါ်ဘောက်ဂျာက “ ဒါဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာ သက်သေပြတာပဲ ” ဟုပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဒါရှီိလဆိုင်းကလည်း မဲပေးခွင့်ပိတ်ထားသော ဒေသများမှာ အန္တရယ်ရှိသောအခြေအနေတွင် မရှိဘဲမဲပေးခွင့်ပြုပေးနိုင်သည့် အနေအထားတွင်ရှိကြောင်း ပြောသည်။

၎င်းက “ကျွန်တော်တို့က ကျောသားရင်သားမခွဲခြားတဲ့သူတွေ ဆိုတော့ ဘယ်နေရာမဆို သွားလို့လုံခြုံတယ်။  အခုဟာက အဲဒီနယ်မြေတွေက မသွားရဲတဲ့ ပါတီတစ်ခုရဲ့ ပယောဂကြောင့်ဖြစ်နေရတာပါ။ ” ဟုပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဖားကန့်မြို့နယ် အတွင်းရေးမှူး ဦပီတာကလည်း ထိုဒေသများသည် အေးချမ်းမှုအမှန်တကယ်မရှိသော ဒေသများဖြစ်သော်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည့်ဒေသမျိုးမဟုတ်ကြောင်းပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ဖားကန့်မြို့နယ်တွင် မဲပေးခွင့်ရှိသူဦးရေ ၉၅၁၃၇ ဦးရှိပြီး လက်ရှိခွင့်ပြုထားသော မဲရုံပေါင်း ၇၁ ရုံရှိသည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပစဉ်က မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၁ သိန်း ၁ သောင်းနီးပါး (၁၀၉၈၁၃) ရှိသည့်အတွက် လူဦးရေ ၁သောင်း၃ထောင်ကျော် မဲပေးပိုင်ခွင့် လျော့နည်းနေကြောင်း အင်န်ဒီအက်ဖ် ပါတီ အောင်နိုင်ရေးအဖွဲ့ဝင်များက လည်း ထောက်ပြထားပြီးဖြစ်သည်။

ယင်းမြို့နယ်တွင် ၀င်ရောက်အရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မှာ ဒေါ်ဘောက်ဂျာ ( အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ)၊ ဦးဒါရှီလဆိုင်း(အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်) နှင့် ဦးစိုင်းသိန်းထွန်း (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) တို့ဖြစ်ကြသည်။       ။

 မဲရုံများပြန်ဖွင့်ပေးရေး ဖားကန့်ရွေးကောက်ပွဲကော်မရှင်ငြင်း  မဲရုံများပြန်ဖွင့်ပေးရေး ဖားကန့်ရွေးကောက်ပွဲကော်မရှင်ငြင်း Reviewed by သစ်ထူးလွင် on 06:39 Rating: 5

1 comment:

Anonymous said...

If there is your are scaring, Do Not Involved For Stepping Into DEMOCRACY...

Powered by Blogger.