အစိုးရက တပ်မတော်အပေါ် ထိရောက်စွာမကြီးကြပ်နိုင်ဟု SSA-S သံသယ၀င်လာ

မတ်လ ၁၃၊ ၂၀၁၂ ၊ (YPI)

ရှမ်းပြည်တောင်ပိုင်းဒေသအတွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းသည် အစိုးရက တပ်မတော်အပေါ် ထိရောက်စွာ မကြီးကြပ်နိုင်မှုကြောင့်ဖြစ်သည်ဟု သံသယရှိလာကြောင်း ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA-S ) က ပြောသည်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSA-S) နှင့် အစိုးရကြား ၂၀၁၁ ခု ဒီဇင်ဘာလတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးချိန်မှ ယခုအထိ (၃)လတာ ကာလအတွင်း တိုက်ပွဲငယ်ပေါင်း ၁၃ ကြိမ် ဖြစ်ပွားခဲ့သည်။

SSA-S ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က “သမ္မတက တပ်မတော်အပေါ် တိုက်ရိုက် အမိန့်မပေးနိုင်တာလား။ ဒါမှမဟုတ် သမ္မတနဲ့ အစိုးရရဲ့ ပေါ်လစီအတိုင်း တပ်မတော်က လိုက်နာဆောင်ရွက်ခြင်း မရှိတာလားဆိုပြီး မေးခွန်းတွေ ဖြစ်လာပါတယ်။ အစိုးရက တပ်မတော်ကို ဘာဖြစ်လို့ မကြီးကြပ်နိုင်ရတာလဲ မထိန်းချုပ်နိုင်ရတာလည်းဆိုတဲ့ သံသယပါ” ဟု ပြောသည်။

ယခုလ ၁၁ ရက်နေ့က ကျိုင်းတုံခရိုင် မိုင်းယောင်းမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်များက SSA အင်အားနည်းရာ ဒေသများဖြစ်သော ကျောက်မဲ၊ သီပေါ၊ မိုင်းဖြတ်၊ မိုင်းယောင်း စသည့် ဒေသများတွင် တပ်အင်အားသုံးကာ ဖိအားပေးပြောင်းရွှေ့လာမှုများကြောင့် တိုက်ပွဲများဖြစ်ပွားရခြင်း ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။

ယင်းဒေသများတွင် SSA အင်အား ၆၀ ၀န်းကျင်ခန့်သာရှိသော်လည်း အစိုးရဘက်မှ စစ်ကြောင်း သုံးကြောင်း ( လူအင်အား ၃၀၀ ခန့်) ဖြင့် လာရောက် ထိုးစစ်ဆင်မှုများ ရှိနေကြောင်း ဗိုလ်မှူးစိုင်းလောဝ်ဆိုင်ကပြောသည်။

ယင်းတိုက်ခိုက်မှုများအပေါ် SSA-Sက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များထံ တင်ပြခဲ့ပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့သည်။ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များဘက်မှ အလားတူကိစ္စများ ထပ်မံမဖြစ်စေရန် ကြီးကြပ်ဆောင်ရွက်သွားမည်ဟု ကတိပေးခဲ့ကြောင်း ဆိုသည်။
“သူတို့ကလည်း ဒီကိစ္စတွေ ထပ်မဖြစ်အောင် ကြီးကြပ်ဆောင်ရွက်ပေးမယ်လို့ပြောပါတယ်။ ဒါပေမယ့် ပြောထားပြီးနောက်ပိုင်းမှာလည်း ဆက်ဖြစ်နေတာပါပဲ” ဟု သူက ပြောသည်။

သမ္မတ ဦးသိန်းစိန်က တပ်မတော်အား မိမိကိုယ်ကို ခုခံကာကွယ်ရုံမှလွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်မှုများ မလုပ်ရန် ညွှန်ကြားထားသကဲ့သို့  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်ကလည်း လက်အောက်ခံတပ်ရင်းများကို ဆက်လက်ညွှန်ကြားထားပြီးဖြစ်ကြောင်း ယခုလ (၁)ရက်နေ့ ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်သော မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က “အစိုးရကသာ တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်လိုရင်တော့ တတ်နိုင်တဲ့ ဖက်ကနေ ကြိုးစားသွားရမှာဖြစ်တယ်။ သူရဲ့စေတနာကို ဖော်ပြရမှာဖြစ်တယ်” ဟု ပြောသည်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSA-S) သည် ၁၉၉၅ ခုနှစ်တွင် ဦးခွန်ဆာ၏ မော်ထိုင်း (MTA) တပ်ဖွဲ့မှ သီးခြားခွဲထွက်ခဲ့သည့် ရွက်ဆစ်ဦးဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်ပြီး ယခုအခါ ယင်း၏ ဌာနချုပ်မှာ ရှမ်းပြည်နယ် လွယ်တိုင်လျန်း၌ ရှိသည်။

အစိုးရနှင့်၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ယခုနှစ် ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ပြည်ထောင်စုအဆင့် ဆွေးနွေးခဲ့ကာ အချက်၁၁ ချက်ပါ သဘောတူညီချက်ကို ထပ်မံလက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။        ။
ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S)
အစိုးရက တပ်မတော်အပေါ် ထိရောက်စွာမကြီးကြပ်နိုင်ဟု SSA-S သံသယ၀င်လာ အစိုးရက တပ်မတော်အပေါ် ထိရောက်စွာမကြီးကြပ်နိုင်ဟု SSA-S သံသယ၀င်လာ Reviewed by သစ်ထူးလွင် on 06:38 Rating: 5

4 comments:

ဇော်ရှင်း said...

လုံးဝ ယုံကြည်လို့ မရသေးပါ။အထက်လူကြီးပိုင်းကတစ်မျိုး၊အောက်လက်ငယ်သားတွေကတစ်မျိုး။ နောက်ဆုံးတော့ တစ်ကြိတ်တည်းတစ်ဥာဏ်တည်းပါပဲ။တကယ်တမ်းငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် စစ်တိုက်နေတဲ့ နေရာတွေမှာ ဘာထိုးစစ်မှဆင်စရာ အကြောင်း၊စစ်အင်အားတိုးချဲ့စရာအကြောင်း မရှိဘူး

jaithein said...

လွန်ခဲ့တဲ့အနှစ် ၆၀ ကျော်ကတည်းကစပြီးလိမ်လည်ခံခဲ့ရတဲ့ကျနော်တို့ ရှမ်းလူမျိုးတွေဟာနေင်တတွေရသင့်ပြီလို့ ထင်ပါတယ်.....အစကတည်းကလိမ်လည်ခံရမှာသိရက်နဲ့ တမင်အလိမ်ခံရအောင်အပစ်ခတ်ရပ်တာကျနော်တို့ အမှားလို့ မြင်ပါတယ်..စကားပုံရှိတယ်လေ ( တစ်ခါသေဖူးရင် ပျဉ်ဖိုးနားလည်) ဆိုတာလေ...မြောက်ပိုင်း SSA က ငြိမ်းချမ်းရေး နဲ့ အပစ်ခတ်ရပ်တာ သူတို့ ဘယ်လို ခံစားခဲ့ ရတယ်ဆိုတာ နားလည်သင့်တယ်လို့ ကနော်မြင်ပါတယ်..

သက်မောင် said...

ဘယ်အလုပ်ပဲလုပ်လုပ် သူ့ဖက်ကိုယ့်ဖက် စိတ်ရှင်းမှ အောင်မြင်ပါမယ်....
တစ်ဦးအပေါ်တစ်ဦး သံသယအမြင်တွေနဲ့မြင်
တစ်ဦးနဲ့တစ်ဦး မြှုပ်ကွက်လေးတွေနဲ့
ရှေ့ဆက်သွားရင် အောင်မြင်မှုရမှာ မဟုတ်ပါ...
တကယ်အကျိုးလိုလားပါလျှင်
ပွင့်လင်းမျှတသော သဘောထားတို့ဖြင့်သာ ဟန်ဆောင်လိမ်ညာမှုကင်းသော ငြိမ်းချမ်းရေးဆိုသော အဆောက်အဦကို တည်ဆောက်နိုင်မည်သာ ဖြစ်ပါသည်...

Sai-Heart-Kay said...

I think our ethic group shouldn't trust Burma Government! just think and what gonna to do???

Powered by Blogger.