ဖွဲ့စည်းပုံ အခြေခံဥပဒေအချို့ ပြင်ဆင်လာ၍ MNDF ပြန်လည် မှတ်ပုံတင်

မတ် ၁၃၊ ၂၀၁၂ (YPI)
 ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေအချို့ ပြင်လာသောကြောင့် ၁၉၉၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ် ပြိုင်ခဲ့သော မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF  ပြန်လည်မှတ်ပုံတင်မည်ဖြစ်ကြောင်း ပါတီ ဒုဥက္ကဋ္ဌ
နိုင်တင်အောင်က ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံ ကို  ပြင်ဖို့လည်းတောင်းဆိုတယ် အထိုက်အလျောက်လည်း ပြင်လာတယ်ရှိတယ် အသုံးအနှုန်းတွေပြင်တာတွေရှိတယ် နိုင်ငံရေးပါတီဖွဲ့စည်းရေး နည်းဥပဒေမှာ ထောင်ကျတဲ့လူတွေ အရွေးခံလို့မရဘူး ဆိုတာ အဲဒါတွေပြင်ထားတာကို တွေ့ရတယ် ဒါကြောင့်မှတ်ပုံပြန်တင်တာပါ”ဟု ယခုလ
၁၁ရက်နေ့က မော်လမြိုင်မြို့ မွန်ဓမ္မာရုံတွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်၎င်းက ပြောသည်။

ပါတီအနေဖြင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ပြန်လည်မှတ်ပုံတင်မည်ဖြစ်ပြီး  ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အနေဖြင့် ယခင် အစိုးရလက်ထက်ကရေးဆွဲထားသော ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို လက်မခံသောကြောင့် ပြန်လည်မှတ်ပုံမတင်ခဲ့သကဲ့သို့ ရွေးကောက်ပွဲလည်း မ၀င်ခဲ့ပေ။
ထို့ပြင် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေး၊ တနိုင်ငံလုံးအတိုင်းအတာနှင့် အပစ်ရပ်စဲရေးနှင့် သုံးပွင့်ဆိုင်ဆွေးနွေးရေးကို တောင်းဆိုခဲ့သည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ ဆုံဆွေးနွေးခဲ့ပြီးနောက် အပြောင်းအလဲ အချို့ကိုစတင် မြင်နေရပြီးဖြစ်ပြီး လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်မှု ရှိမရှိနှင့် အပြောင်းအလဲကို လည်းညင်ညင်သာသာ ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိမရှိကိုလည်း ဆက်လက် စောင့်ကြည့်သွားမည်ဟု ဆိုသည်။

“နိုင်ငံရေးအဖွဲ့အစည်းဆိုတာ တရားဝင်ဖြစ်ဖို့လိုတယ် ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးနဲ့တော့ ကျွန်တော်တို့ မှတ်ပုံတင်မှာမဟုတ်ဘူး၊ဒီမိုကရေစီကျင့်စဉ်နဲ့ မညီတဲ့ဥပဒေတွေကို ပြင်ဖို့လိုတယ်၊ ရွေးကောက်ပွဲဝင်ပြီးရင်လည်း ပြင်ဖို့လည်း ကြိုးစားသွားမယ်”ဟု နိုင်တင်အောင်ကဆက်ပြောသည်။

ထို့အပြင်မွန်အမျိုးသားဒီမိုကရေစီအဖွဲအနေဖြင့်လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲဝင်မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် တစ်ပါတီထည်းအဖြစ် ပူးပေါင်းသွားရန် အစီအစဉ် ရှိပြီး ပူးပေါင်းဖို့ရာ  မွန်ပြည်သူများနှင့် သံယာတော်များက ဆန္ဒရှိနေသည့်အတွက် ပူးပေါင်းရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

“မွန်ကတဖွဲ့တည်းဖြစ်ဖို့ လိုတယ် နှစ်ဖွဲ့သုံးဖွဲ့ဖြစ်ဖို့မလိုဘူး ရည်ရွယ်ချက် ကမွန်အမျိုးသားလွတ်မြောက်ရေး အတွက်ပဲ”ဟု ၎င်းကဆိုသည်။

သို့သော် မကြာခင်ကာလက မှ အစိုးရနှင့်အပစ်ရပ်စဲရန်အတွက် ပြည်ထောင်စုအဆင့် ဆွေးနွေး လက်မှတ်ထိုးခဲ့သည့် မွန်ပြည်သစ်ပါတီနှင့် ပူးပေါင်းသွားရန်မရှိဟုဆိုသည်။

  
မွန်ဓမ္မာရုံတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရသည့် မွန်ခေါင်းဆောင် တချို့

“မွန်ပြည်သစ်နဲ့နိုင်ငံရေးအရ သွားနေတဲ့ ရည်ရွယ်ချက်က မတူဘူးဆိုတော့ ပေါင်းဖို့ မရှိပါဘူး၊ဒါပေမဲ့ အမျိုးသားရေးအတွက်ဆို ပူးပေါင်းဖို့ရှိပါတယ်” ဟု အဆိုပါပါတီမှ တာဝန်ရှိသူတဦးဖြစ်သူ
ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

မွန်အမျိုးသားဒိမိုကရေစီအဖွဲ့ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉ဝ
ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ငါးနေရာ အနိုင်ရခဲ့သည်။

ထိုရွေးကောက်ပွဲရလဒ်ကို ယခင်အစိုးရက အသိအမှတ်ပြုရန် ငြင်းပယ်ခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်တွင် ပါတီခေါင်းဆောင် များ ဖမ်းဆီးခံရကာ မွန်ပြည်နယ်နေ့ ဖြစ်သည့် ၁၉၉၂ မတ်လ ၁၉ ရက်နေ့တွင် ပါတီ ဖျက်သိမ်းခံခဲ့ရသည်။
၎င်းနောက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံသည့်အတွက် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြန်လည် မှတ်ပုံတင်ခြင်း မပြုဘဲ ရွေးကောက်ပွဲကို ကန့်ကွက်ခဲ့သည်။      ။
ဖွဲ့စည်းပုံ အခြေခံဥပဒေအချို့ ပြင်ဆင်လာ၍ MNDF ပြန်လည် မှတ်ပုံတင် ဖွဲ့စည်းပုံ အခြေခံဥပဒေအချို့ ပြင်ဆင်လာ၍ MNDF ပြန်လည် မှတ်ပုံတင် Reviewed by သစ်ထူးလွင် on 06:39 Rating: 5

No comments:

Powered by Blogger.