အရှင် ဂမ္ဘီရ ကို KIO နှင့်ပတ်သတ်မှု ရှိမရှိ ခေါ်စစ်

၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုတွင် ဦးဆောင်သံယာတော်တပါးအဖြစ် ပါဝင်လှုပ်ရှားခဲ့သောအရှင် ဂမ္ဘီရကို အဏာပိုင်များက ဒုတိယအကြိမ် ခေါ်ယူစစ်ဆေးရာတွင် KIO နှင့် ပတ်သတ်မှု ရှိမရှိ ခေါ်ယူစစ်ဆေးခဲ့ကြောင်း အရှင် ဂမ္ဘီရ၏  အစ်ကို ကိုအောင်ကျော်ကျော်က ပြောသည်။

ရွှေည၀ါ ဆရာတော်အား တိုင်းသံဃနာယက အဖွဲ့မှ ဆင့်ခေါ်စဉ် တပြည့်ဒါယိကာများ သံဃာများကလိုက်ပါသွားစဉ် ကတွေ့ရသည့် အရှင်ဂမ္ဘီရ

“အဓိက ခေါ်စစ်တာက မတ်လ၆ရက်နေ့ ညကပြန်လာခဲ့တဲ့ ကချင်ပြည်နယ် ခရီးစဉ်ကို ဘာကြောင့်သွား ခဲ့တာလဲ ၊KIO(Kachin Independent Organization) နဲ့ ပတ်သတ်မှု ရှိမရှိ ခေါ်စစ်ခဲ့တာပါ” ဟု ၎င်း ကပြောသည်။

အရှင် ဂမ္ဘီရကို ဒုတိယအကြိမ် အဖြစ် ယခုလ၆ ရက်နေ့ည ၉နာရီ ၄၅ မိနစ်တွင်ရန်ကုန်တိုင်း မြောက်ဒဂုံမြို့သစ်ရှိ အစ်မ မခင်သူဋ္ဌေး၏ နေအိမ်တွင်သီးတင်းသုံးနေစဉ် ရဲသတင်းတပ်ဖွဲ့မှ လာရောက် ခေါ်ဆောင်သွားပြီး ၇ရက်နေ့ည ၉နာရီခွဲမှ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။

ခေါ်ဆောင်သွားသောအဖွဲ့မှာ ရန်ကုန်တိုင်းကျောက်တံတားမြို့နယ် ထဲရှိ ပန်းဆိုးတန်း ရန်ကုန်တိုင်း အထူးသတင်းတပ်ဖွဲ့ (SB) ဟု သူ့အနေဖြင့် ယူဆကြောင်း ၎င်းကပြောသည်။

ခေါ်ယူစစ်ဆေးစဉ် နှိပ်စက်မှုများမရှိသော်လည်း မအိပ်မနေစစ်ဆေးခဲ့သည့်အတွက် အိပ်စက်ခြင်းမပြုနိုင်ခဲ့ ကြောင်းအရှင် ဂမ္ဘီရ၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များကိုလည်း မေးမြန်းခဲ့သည်ဟုဆိုသည်။

“ဦးဇင်းကတော့ ကချင်ကိုသွားတာ စစ်ဘေးဒုက္ခသည်တွေကို သွားကြည့်တာ KIO နဲ့ပတ်သက်မှု မရှိဘူး၊ ပြီးတော့ ရှေ့ဆက်စစ်ဘေးဒုက္ခသည်တွေကို ကူညီသွားမယ်လို့ ပြန်ဖြေခဲ့တယ်”ဟု ကိုအောင်ကျော်ကျော်ကပြောသည်။

ခေါ်ယူစစ်ဆေးသည့်အခါ အရှင် ဂမ္ဘီရနှင့်အတူတူ ညီဖြစ်သူ ကိုလွင်မောင်မောင်နှင့် လယ်သမားအရေးဆောင် ရွက်နေသူ ကိုထွန်းထွန်းဦးတို့ပါဝင်ကာ ၎င်းတို့နှစ်ဦးကို အရင်လွှတ်ပေးခဲ့ သည်ဟုဆိုသည်။

အရှင်ဂမ္ဘီရသည် ၂၀၀၇ ခုနှစ်ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် အတွက် ထောင်ဒဏ် ၆၃ နှစ်ချမှတ်ခံရကာ ၄ နှစ်ကျော် အကျဉ်းကျခံခဲ့ရပြီး ယခုနှစ် ဇန်န၀ါရီ ၁၃ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြောင်းမြ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။

အကျဉ်းထောင်က ပြန်လွတ်မြောက်လာပြီးနောက် ယခင်စစ်အစိုးရက ချိတ်ပိတ်ထားသည့် ရန်ကုန်မြို့ရှိ မဂ္ဂင် ကျောင်းတိုက်ကို သော့ဖျက်ဝင်ရောက် သီတင်းသုံးနေထိုင်ခဲ့သည်ကို အပြစ်ရှိသည်ဟုဆိုကာ  နိုင်ငံ တော် သံဃ မဟာနာယက အဖွဲ့(မဟန) က ဆင့်ခေါ်သည်ကို သွားရောက်ခြင်း မရှိခဲ့ပေ။

ထိုအတွက် ကြောင့် အာဏာပိုင်များက ဖေဖော်ဝါရီလဆန်း၌ ပထမအကြိမ် ခေါ်ယူ၍ မဟန ဆရာတော်ကြီးများထံ ပို့ဆောင်ခဲ့သည်။
ဖေဖော်ဝါရီ ၁၉ ရက်က နိုင်ငံပိုင် သတင်းစာများတွင် အရှင်ဂမ္ဘီရအား ဓမ္မစက်ဖြင့်ဆိုဆုံးမ၍ မရတော့သောကြောင့် အာဏာ စက်ဖြင့် အရေးယူတော့မည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ထို့သို့ ဖြစ်ပွားပြီးနောက်ပိုင်း အရှင်ဂမ္ဘီရ သည် ကချင်ပြည်နယ် ခရီးစဉ်ကို သွားရောက်ခဲ့ခြင်း ဖြစ်သည်။        ။
 by Yangon Press International
အရှင် ဂမ္ဘီရ ကို KIO နှင့်ပတ်သတ်မှု ရှိမရှိ ခေါ်စစ် အရှင် ဂမ္ဘီရ ကို KIO နှင့်ပတ်သတ်မှု ရှိမရှိ ခေါ်စစ် Reviewed by သစ်ထူးလွင် on 06:08 Rating: 5

1 comment:

Anonymous said...

လက်ရှိအစိုးရကတော့ကွာ.
တကဲ့ကိုစောက်ပေါတွေပဲ.

Powered by Blogger.