နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာတော့ ဒီတပတ်အတွင်းမှာ မဲရုံ ၁၈ ရုံ ထပ်မံ တိုးချဲ့လိုက်ပါတယ်။
ဆန္ဒမဲပေးသူတွေ တိုးလာပြီး မဲရေတွက်မှု မြန်ဆန်အောင်ဆိုပြီး မဲရုံတွေ ထပ်တိုးလိုက်တာလို့ ရွေးကောက်ပွဲ ကော်မရှင်က မတ် ၂၉ ရက်က ပြောဆိုကြောင်း ပုဗ္ဗသီရိမြို့နယ်မှာ အန်အယ်လ်ဒီအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်တဲ့ ဦးဖြိုးဇေယျာသော်က ပြောပါတယ်။
“ကျနော်တို့ဆီမှာ စုစုပေါင်း မဲရုံ ၁၈ ရုံထပ်တိုးတယ်။ နောက်တိုးတဲ့ လူဦးရေ စာရင်းအရရယ်၊ မဲရေတွက်တဲ့နေရာမှာ မြန်ဆန်ချောမွေ့စေဖို့ အတွက်ဖြစ်တယ်လို့ ပြောပါတယ်။ ကျနော့်အနေနဲ့ကတော့ မတ် ၂၉ ရက်နေ့ကမှ ရက်ချိန်းပေးလိုက်တယ် ဆိုတော့ မဲရုံကိုယ်စားလှယ်နဲ့ အကူကိုယ်စားလှယ်ရဖို့က အရေးတကြီး ပြန်လုပ်ရတယ်။ အမှန်တကယ် မဲဆန္ဒစာရင်းထဲမှာ ပါသင့်ပါထိုက်တဲ့ သူတွေ မပါခဲ့တာတွေလည်း ရှိခဲ့တယ်။ ဒီဟာတွေအတွက် ကျနော်တို့ဘက်က ပြန်ပြီး တောင်းဆိုထားတဲ့ လူဦးရေစာရင်းတွေလည်း ရှိပါတယ်။ နှစ်ဖက်ညှိနှိုင်းပြီးတော့ လူဦးရေစာရင်းတွေ ထပ်တိုးလာတာလည်း ပါတယ်။”
ပုဗ္ဗသီရိ မြို့နယ်အတွင်းမှာတော့ မဲဆွယ်စည်းရုံးရေးကားတွေ အပြိုင်အဆိုင် မဲဆွယ်စည်းရုံးပေမယ့် ပြဿနာမရှိဘဲ အားလုံးပြေလည်တယ်လို့ ဦးဖြိုးဇေယျာသော်က ပြောပါတယ်။
ပုဗ္ဗသီရိမြို့နယ်မှာရှိတဲ့ တိုင်းတပ်မကိုတော့ အန်အယ်လ်ဒီအနေနဲ့ မဲဆွယ်စည်းရုံးဖို့ တောင်းဆိုထားပေမယ့် ခုချိန်ထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းမပြန်သေးလို့ မဲဆွယ်စည်းရုံးနိုင်တော့မှာ မဟုတ်ကြောင်း ပြောပါတယ်။
သူ့အနေနဲ့ ရွေးကောက်ပွဲရက်မတိုင်ခင် ရွာတွေအထိ လိုက်လံစည်းရုံးမှု လုပ်နေပြီး တက်ကြွလှုပ်ရှားသူတွေ ရှိပေမယ့် တချို့ရွာသားတွေကတော့ ကြောက်ရွံ့မှု အောက်မှာပဲ ရှိသေးကြောင်းကို ဦးဖြိုးဇေယျာသော်က ဒီဗွီဘီကို ပြောပါတယ်။
ဒီဗွီဘီ

နေပြည်တော် ပုဗ္ဗသီရိ မြို့နယ်အတွင်း မဲရုံ ၁၈ ရုံတိုး
Reviewed by သစ်ထူးလွင်
on
16:32
Rating:
1 comment:
ပုဗ္ဗထဲက ၀န်ထမ်းတွေကတော့ NLD ကိုပဲ မဲပေးကြ ပါလိမ့်မယ်....
ရွာက သူတွေကတော့ ပြူကြောင်ကြောင် ကြည့်နေကြတယ်....
တပ်တွေထဲက သူတွေကတော့ သီတင်း အစအနကို မသိရသေးဘူး...
Post a Comment