မြန်မာနိုင်ငံမှာနှစ် ၅၀ အတွင်း တတိယမြောက် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူတွေ၊ နိုင်ငံတကာ မီဒီယာတွေက ရွေးကောက်ပွဲမတိုင်ခင် ရက်ပိုင်း အလိုကတည်းက စိတ်ဝင်တစား စောင့်ကြည့်လေ့လာ သတင်းယူ ရေးသား ဖော်ပြနေကြပါတယ်။
ဧပြီ (၁)ရက်မြန်မာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဥရောပသမဂ္ဂ၊ အမေရိကန်၊ ကနေဒါ ဩစတြေးလျ၊ ဂျပန် အိနိယနဲ့ အာဆီယံ အဖွဲ့ကြီးတို့က နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာသူပေါင်း ၁၅၀ ကျော်က မဲပေးမှုကို စောင့်ကြည့်ကြမှာပါ။ နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂ ရုံးချုပ်က ကိုယ်စားလှယ် ကိုယ်တိုင် ရွေးကောက်ပွဲ အတွက် လာရောက်မယ်လို့ ကုလသမဂ္ဂက မတ် ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂသတင်းနဲ့ ပြန်ကြားရေး ဌာနကတော့ မြန်မာ့ကြားဖြတ် ရွေးကောက်ပွဲဟာ မြန်မာ့သမိုင်း အတွက် အတိမ်းအစောင်း မခံဘဲ အသည်းအသန် အရေးပါတဲ့ အချိန်ကာလလို့ လွတ်လပ်တဲ့ ပညာရှင်တယောက်ရဲ့ စကားကို ကိုးကားဖော်ပြပါတယ်။
ထိုင်းလွှတ်တော်ရုံးကတော့ ကိုယ်စားလှယ် ၃ ယောက်ကို လွှတ်ခဲ့ပြီး ထိုင်း မီဒီယာ ၃ ခု ကတော့ ကော့မှူး၊ မရမ်းကုန်းနဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်တို့က မဲရုံတွေကို စောင့်ကြည့် မှတ်တမ်းတင် ကြမှာပါ။
ဩစတြေးလျနိုင်ငံက လေ့လာသူ ၅ ဦးကတော့ ဧရာဝတီတိုင်းကို သွားမှာ ဖြစ်ပြီး နောက်တဦးကတော့ မကွေးတိုင်းကို သွားမယ်လို့ ဩစတြေးလျသံရုံးက ပြောပါတယ်။ လူ့အခွင့်အရေးအတွက် နိုင်ငံတကာအဖွဲ့ချုပ် (FIDH)၊ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာရှဖို့ရမ်(Forum-Asia)၊ မြန်မာ့အရေး အာဆီယံကွန်ယက်(Asean-Burma)နဲ့ မြန်မာ့ဒီမိုကရေစီ အတွက်ဖိုရမ် (FDB) တို့ ကတော့ ပုံမမှန်မှုတွေနဲ့ စိစစ်ရေးတွေကြောင့် ကြားဖြတ် ရွေးကောက်ပွဲ ဖြစ်စဉ်ဟာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီလို့ ပြောပြီး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တိုက်တွန်းတဲ့ ကြေညာချက် တစောင် ထုတ်ပြန် လိုက်ပါတယ်။
မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် သောမတ်စ် အိုဟေး ကင်တားနားက ဒီကြားဖြတ်ရွေး ကောက်ပွဲဟာ အစိုးရအတွက် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အကောင်အထည်ဖော်ရာမှာ တိုးတက်မှု ရှိ မရှိ အဓိက စမ်းသပ်ချက်ဖြစ်တယ်လို့ မတ် ၃၀ ရက်နေ့က ပြောပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာ ချို့ယွင်းချက် အပြစ် အနာအဆာတွေ ရှိခဲ့လို့ နိုင်ငံတကာ စံချိန်ကို မပြည့်မီခဲ့ဘူးလို့လည်း ပြောပါတယ်။ ဒါကြောင့် ဒီမိုကရေစီ ပြောင်းလဲမှု အတွင်း စိန်ခေါ်ချက်တွေကို ဖြေရှင်းရမယ့် အခွင့်အရေးကို လက်လွတ်ခဲ့တယ်။ ပိုပွင့်လင်းလာတဲ့ ခေတ်သစ်မှာ ဒါမျိုးအဖြစ်အပျက် ထပ်ပြီး မဖြစ်သင့်ဘူးလို့လည်း ပြောပါတယ်။
ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်မှုရဲ့ အရေးပါပုံကို အမေရိကန် အစိုးရဗျူဟာနဲ့ ဘက်ပေါင်းစုံရေးရာဌာန ဒု – လက်ထောက် အတွင်းရေးမှူး နီရဗ်ပတေးက အာဆီယံ အတွင်းဝန်များရုံးအတွင်း ဟောပြောပို့ချချက်အပြီး မတ် ၃၀ ရက်နေ့က ပြောပါတယ်။ ဒီအကြောင်းကိုတော့ ဆင်ဟွာ သတင်းဌာနက ဖော်ပြတာပါ။ အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင်ပစ်ဆူဝမ်က မြန်မာအစိုးရရဲ့ ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာဖို့ ဖိတ်ကြားချက်အပေါ် အာဆီယံ အထွေထွေ အတွင်းရေးမှူးရုံးက မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကို ပံ့ပိုးရတာ ကျေနပ်ဝမ်းမြောက်ကြောင်း တုံ့ပြန်ပြောဆိုပါတယ်။ အမျိုးသားရင်ကြား စေ့ရေးကို အားပေးဖို့ မေ်ွာ်လင့်ထားတဲ့ သိသာထင်ရှားတဲ့ နိုင်ငံရေး ဖြစ်စဉ်ပဲလို့လည်း ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေးအောက်မှာ နှစ် ၅၀ နီးပါး နေခဲ့ရတဲ့ ပြည်သူတွေရဲ့ အကြောက်တရားနဲ့ တိတ်ဆိတ်မှုကို ဖယ်ရှားဖို့ အစိုးရရဲ့ ကတိပြုချက်ကို စစ်ဆေးတဲ့ စမ်းသပ်ချက်ပဲလို့ အကဲခတ်တွေရဲ့စကားကို ကိုးကားပြီး မတ် ၃၁ ရက်နေ့မှာ ထုတ်လွှင့်တဲ့ စီအန်အန် သတင်းဌာနက ကြေညာပါတယ်။ စီအန်အန်သတင်းဌာနဟာ မြန်မာရွေးကောက်ပွဲကို ပြည်တွင်းကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမှုတွေလည်းပြုလုပ်နေပါတယ်။
အေအက်ဖ်ပီ သတင်းဌာနကတော့ အမေရိကန်က မြန်မာ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် လေ့လာသူ ၂ ဦး စေလွှတ်ကြောင်း သတင်း ထုတ်ပြန်ပါတယ်။ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ စေလွှတ်တာလို့လည်း ဖော်ပြပါတယ်။
အမေရိကန်လေ့လာသူ ၂ ဦးဟာ မတ် ၂၈ ရက်ကနေ ဧပြီ ၃ ရက်အထိ မြန်မာနိုင်ငံထဲမှာ နေထိုင်ပြီး မဲပေးမှု အခြေအနေကို လေ့လာမယ်လို့ အမေရိကန် အစိုးရ ပြောခွင့်ရသူ ဗစ်တိုရီးယား နူလန်းက ပြောပါတယ်။ လေ့လာသူ ၂ ဦးအပြင် အမေရိကန် စာနယ်ဇင်းသမားတွေနဲ့ နိုင်ငံတကာ စာနယ်ဇင်းသမားတွေ အပေါ်လဲ မေ်ွာ်လင့်ချက် ထားကြောင်း အေအက်ဖ်ပီကို ပြောပါတယ်။
မတ် ၃၀ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာကတော့ ရွေးကောက်ပွဲ မတိုင်ခင် မဲဆွယ်ပွဲဆိုင်ရာ မြင်ကွင်းတွေကို ခြယ်မှုန်း ဖော်ပြထားပါတယ်။ နာဂစ်မုန်တိုင်းအပြီး ပြန်လည်ထူ ထောင်ရေး အားထုတ်စဉ်က ဒေသခံ လုပ်အားပေး အုပ်စုတွေနဲ့ ချိတ်ဆက်ပြီး ရွေးကောက်ပွဲ စောင့်ကြည့်ခဲ့တယ်။ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ဒေသခံ ရွေးကောက်ပွဲ စောင့်ကြည့်သူ အယောက် ၂၀၀၀ ကျော်က သတင်းအချက်အလက်တွေကို ဗဟိုကို ပေးပို့လိမ့်မယ်လို့ လွတ်လပ်သော ရွေးကောက်ပွဲအတွက် အာရှကွန်ယက်က ဒေသခံ အရာရှိနဲ့ ၈၈ မျိုးဆက်အုပ်စု အဖွဲ့ဝင်ဦးတင်မောင်ထွေးကို ကိုးကားပြီး ဖော်ပြထားပါတယ်။ မြန်မာ့ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ ခေါင်းစဉ်အောက်မှာ ဒေသခံ စောင့်ကြည့်သူတွေဟာ မဲဆန္ဒနယ် ၄၅ နယ်ထဲက ၄၀ မှာ စောင့်ကြည့်ဖို့ ခွင့်ပြုချက် ရထားကြောင်းလည်း ဖော်ပြပါတယ်။
မတ် ၃၀ ရက်နေ့ထုတ် ဝေါလ် စထရိတ် ဂျာနယ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်း စာရှင်းလင်းပွဲအတွင်း ပြောဆိုချက်ကို ဖော်ပြပါတယ်။ ရွေးကောက်ပွဲအပြီး အနောက်နိုင်ငံ တွေက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်မှုတွေ ရုတ်သိမ်းသင့် မသင့်နဲ့ ဆက်စပ် သတင်း ထုတ်ပြန်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ အတွင်း ပုံမမှန်မှုတွေကြောင့် ရွေးကောက်ပွဲအတွင်း တရားမ်ွတမှုရှိ မရှိ စိုးရိမ်မှုတွေ အသည်းအသန် မြင့်တက်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မတ် ၃၀ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောဆိုလိုက်တာပါ။ တကယ်လို့ ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမ်ွတခဲ့ရင် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဧပြီလက စပြီး စောနိုင်သမ်ွ စောစော ရုပ်သိမ်းပေးချင်တယ်လို့ ပြောခဲ့ပြီးပါပြီ။ အမေရိကန်ကရော ဥရောပကပါ သူတို့ဆုံးဖြတ်တဲ့အခါ ဒေါ်အောင်ဆန်းစု့ကြည်ရဲ့ အကြံပြုချက်ကို အလေးအနက် ထားမယ်လို့ ပြောခဲ့ဖူးပါတယ်။
ရိုက်တာ သတင်းဌာနကတော့ မတ် ၃၁ ရက်နေ့မှာ မဲဆွယ်ပွဲ အခင်းအကျင်းတွေနဲ့ မဲရုံတွေမှာ ပြင်ဆင်နေပုံတွေကို ထုတ်လွှင့် ပြသနေပါတယ်။
ဒီဗွီဘီ

မြန်မာ့ရွေးကောက်ပွဲ ကမ္ဘာ့မီဒီယာတွေမှာဖုံးလွှမ်း
Reviewed by သစ်ထူးလွင်
on
19:57
Rating:
2 comments:
အရှက်တော့ ကွဲပါပြီ။ (ကိုယ့် မြန်မာအတွက်)
ကြားဖူးပေါင်ဗျာ အဖွဲ့ချုပ်ဘေးက အမှန်ခြစ်မယ့်နေရာမှာ
ခြစ်မရအောင် ဖရောင်းသုတ်တယ်လို့၊ ..လို့၊ ... လို့၊
ညစ်နည်းမျိုးစုံ အတုယူစရာ။ (နိုင်ငံတကာအတွက်)
အို ယုတ်မာချက် ကတော့ ကန်းကုန်တယ် တောက်!!
Post a Comment