ကချင်ပြည်နယ် စစ်ဘေးသင့် ဒုက္ခသည်များအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာများပေးအပ်

ကချင်ပြည်နယ်တွင်းရှိ ဝိုင်းမော်မြို့နယ် ဆဒုံ့ကျေးရွာအနီးရှိ စစ်ဘေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် လိုအပ်သည့် အသုံးအဆောင်တို့ကို ကုလသမဂ္ဂ ထောက်ပံ့ရေး ယာဉ်တန်းမှ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဓိကက စားနပ်ရိက္ခာရယ်၊ တခြားအရေးကြီးတဲ့ပစ္စည်းတွေ ဥပမာဆိုရင် စောင်တို့၊ ခြင်ထောင်တို့ စားနပ်ရိက္ခာ ဆိုရင်လည်း ဆန်၊ ဆီ၊ ဆား ပေါ့ဗျာ တချို့လူတွေအတွက်ကတော့ ဆေးဝါးတွေပေါ့ဗျာဟု ရန်ကုန်မြို့ ကုလသမဂ္ဂ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ပြောသည်။
ကုလသမဂ္ဂ ထောက်ပံ့ရေးယာဉ်တန်းသည် ယနေ့ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် စစ်ပွဲများ ဖြစ်ပွားနေသော ကချင်ပြည်နယ်အတွင်းမှ ဝိုင်းမော်မြို့နယ် ဆဒုံ့ ကျေးရွာအနီးရှိ စစ်ဘေးဒုက္ခသည် များထဲမှ လူတစ်ထောင်အတွက် တစ်လစာ ဆန်၊ ဆီ၊ ဆား စသည့် စားသောက်စရာများ၊ အမိုးအကာများ အဖြစ်အသုံးနိုင်ရန်အတွက် တာလပတ်များနှင့် ဆေးဝါးအချို့တို့ကို ပေးအပ်ခဲ့သည်ဟု ၎င်းက ထပ်မံပြောသည်။
စစ်ဘေးဒုက္ခသည်များအတွက် စားနပ်ရိက္ခများနှင့် ဆေးဝါးများ အဓိက လိုအပ်နေကြောင်းနှင့် မိုးတွင်းကာလ နီးကပ်လာပြီ ဖြစ်သောကြောင့် အမိုးအကာများ ထပ်မံလိုအပ်နေကြောင်းနှင့် နိုင်ငံတော် အစိုးအနေဖြင့်လည်း ကူညီထောက်ပံ့မှုများ ပြုလုပ်သင့်နေပြီဖြစ်ကြောင်း KIO ဒုက္ခသည်စခန်းမှ  ကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဒုက္ခသည်တွေက အများကြီးပဲ သူတို့အတွက် စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ အရမ်းကို လိုအပ်နေ တယ်။ စေတနာရှင်တွေ၊ ကူညီထောက်ပံ့ပေးမယ့် အဖွဲ့အစည်းတွေလည်း အရမ်းလိုအပ်နေတယ်။ အထူးသဖြင့် ကလေးငယ်တွေအတွက် ဆေးဝါးတွေ လိုအပ်နေပါတယ်ဟု ဒုက္ခသည်စခန်းမှ  ကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဝိုင်းမော်မြို့နယ် ဆဒုံးဒေသဘက်မှ ဒုက္ခသည်များအတွက် ထောက်ပံ့မှုများပေးပြီးနောက် ကုသသမဂ္ဂ ထောက်ပံ့ရေးယာဉ်တန်းသည် တရုတ်-မြန်မာ နယ်စပ်ဒေသများဖြစ်သော လွယ်ဂျယ်ဒေသနှင့် မိုင်ဂျာ ရန် ဒေသများဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
ရန်နိုင်(မြစ်မခ)
ကချင်ပြည်နယ် စစ်ဘေးသင့် ဒုက္ခသည်များအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာများပေးအပ် ကချင်ပြည်နယ် စစ်ဘေးသင့် ဒုက္ခသည်များအတွက် ကုလသမဂ္ဂ  စားနပ်ရိက္ခာများပေးအပ် Reviewed by သစ်ထူးလွင် on 05:31 Rating: 5

1 comment:

Chit San Maung said...

ကချင်တိုင်းရင်းသားများ ကျန်းမာချမ်းသာပါစေ..။
ပြည်တွင်းစစ်မီး ချုပ်ငြိမ်းပါစေ...။
ကာချုပ်ကြီးလည်း သမ္မတကြီးရဲ့စကားကို နားထောင်ပါစေ... (သို့) ကာချုပ်အနေဖြင့် ပြည်သူလူထုရဲ့ဆန္ဒအတိုင်း လိုက်နာဆောင်ရွက်ရတဲ့ အခြေခံဥပဒေပေါ်ပေါက်ပါစေ..။

Powered by Blogger.