ကြေးနီစီမံကိန်းမြင်ကွင်းတစ်နေရာ (ဓါတ်ပုံ-Myanmar News Now) |
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဒုန်းတောကျေးရွာအုပ်စု၊ ဂုံတောကျေးရွာနှင့် ရွာသာကျေးရွာမှ ဒေသခံရွာသားများသည် ၄င်းတို့ပိုင်ဆိုင်သော ယာခင်းများကို ကြေးနီထုတ်လုပ်ရေး လုပ်ငန်းများဆောင်ရွက်နေသည့် တရုတ်နိုင်ငံသားများပိုင် မြန်မာယမ်စီကုမ္မဏီက ပစ်စာမြေဖို့ခြင်းလုပ်ငန်းများ လုပ်ဆောင်နေခြင်းကြောင့် ကျေးရွာပိုင်စိုက်ခင်းများ ပျက်စီးရခြင်းနှင့် ပတ်သက်၍ ဒေသခံရွာသူ၊ ရွာသား ၂၀၀ ခန့်စုပေါင်းကာ မတ်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဆန္ဒပြခဲ့ကြသည်။
“သူတို့က စွန့်ပစ်မြေတွေကို ရွာဘက်ကိုလာစွန့်ပစ်တာ။ အခုကျေးရွာတောင်သူတွေရဲ့ စိုက်ခင်းတွေပျက်စီးကုန်ပြီ” ဟု ရွာသာရွာကျေးရွာမှ ကျေးရွာလူကြီး ဦးခင်မောင်ဝင်းကပြောကြားသည်။
ကြေးနီထုတ်လုပ်ရေးကုမ္ပဏီက ပြောင်း၊ ကြက်သွန်၊ ပဲ စသည့်စိုက်ခင်းများအပေါ်၌ စွန့်ပစ်မြေများကို လာရောက်စွန့်ပစ်သဖြင့် ရွာသာကျေးရွာသူ ကျေးရွာသားများက ကျန်ရှိသော ကျေးရွာများမှ ရွာခံများကို လောင်စပီကာဖြင့် ခေါ်ကာ လူစုခဲ့ခြင်းဖြစ်ကြောင်း၊ ရွာသုံးရွာမှ ကျေးရွာသူ ကျေးရွာသားများသည် စုဝေးကာ ယာခင်းများအပေါ်မြေစွန့်ပစ်နေခြင်းများကို တားမြစ်ကာ ကုမ္ပဏီမှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ၄င်းကဆက်လက်ပြောကြားသည်။
တရုတ်နိုင်ငံသားများပိုင် ယမ်စီကုမ္ပဏီသည် ကြေးနီထုတ်လုပ်ရေးလုပ်ငန်းမှ စွန့်ပစ်မြေများကို ယာခင်များအပေါ်လာ ရောက်စွန့်ပစ်နေခြင်းကြောင့် ကျေးရွာသူ ကျေးရွာသားများက ယင်းကဲ့သို့မစွန့်ပစ်ရန် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ လုပ်ငန်းတာဝန်ခံ ဦးသိန်းထွန်းအား မေတ္တာရပ်ခံခဲ့ကြောင်း၊ အလားတူ နိုင်ငံတော်သမ္မတထံသို့လည်း စာပို့ပေးခဲ့ကြောင်း၊ ယင်းနောက်ပိုင်းတွင် သတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူ လေးဦးလာရောက်စစ်ဆေးခဲ့ ကြောင်း၊ ယင်းကဲ့သို့ညှိနိုင်း ဆောင်ရွက်နေစဉ်ကာလမှာပင် စွန့်ပစ်မြေများကို တန် ၁၀၀ မြေသယ်ယာဉ်ကြီးများဖြင့် စိုက်ခင်းများအပေါ်တွင် လာရောက်စွန့်ပစ် နေခြင်းဖြစ်ကြောင်း ရွာသာရွာဒေသခံများကပြောကြားသည်။
“ကျွန်တော်တို့သွားမေးတော့ တာဝန်ခံ သိန်းထွန်းဆိုတဲ့လူက ပစ်ခိုင်းတာလို့ပြောတယ်။ တာဝန်ခံနဲ့တွေ့တော့ သူက ဒီမြေတွေဟာ စိုက်ပျိုးလို့မရတော့ဘူး၊ စွန့်ပစ်မြေလို့ပြောတယ်။ အဲ့ဒီတော့ ကျွန်တော်တို့က အခု စွန့်ပစ်ထားတဲ့မြေတွေကိုလှန်ပြီး ပဲခင်းတွေကိုပြရမလားလို့ပြောလိုက်တယ်” ဟု ရွာသာကျေးရွာမှ တောင်ယာလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောကြားသည်။
ယင်းဒေသတွင် ကြေးနီထုတ်လုပ်ခြင်းစီမံကိန်းတစ်ရပ်ကို ၁၉၈၂ ခုနှစ်မှစတင်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကြေးနီတောင်နှင့် စံပယ်တောင်များကို စက်ယန္တယားကြီးများဖြင့်ဖြိုချကာ ကြေးနီးထုတ်လုပ်လျက်ရှိကြောင်း၊ ယခုအခါတွင် ဒေသခံကျေးရွာသူ ကျေးရွာသားများပိုင်ဆိုင်သော ယာခင်းမြေဧက ၃၀၀၀ ကျော်ခန့်ပျက်စီးသွားပြီဖြစ်ကြောင်း၊ ယင်းကြောင့် ယခင်ကမြေယာပိုင်ဆိုင်သူတောင်သူအချို့သည် ယခုအခါ မြေယာလက်မဲ့ဖြစ်သို့ရောက်ရှိကာ ကူလီလုပ်ငန်းများလုပ်ကိုင်လျက်ရှိကြောင်း ဒေသခံများက ပြောကြားသည်။
ကြေးနီထုတ်လုပ်ခြင်းလုပ်ငန်းသည် တောင်ကြီးများအား ဖြိုချဖောက်ထွင်းကာ လုပ်ကိုင်ရသော စီမံကိန်းလုပ်ငန်းကြီးများဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင်ကို များစွာထိခိုက်မူရှိသောကြောင့် ကမ္ဘာပေါ်ရှိ နိုင်ငံအများစုက လက်မခံကြကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါ ကြေးနီထုတ်လုပ်ခြင်းလုပ်ငန်းများကြောင့် ယင်းဒေသရှိ ကျေးရွာများတွင် သောက်သုံးရေများပျက်စီးခြင်း၊ တောင်ယာများပျက်စီးခြင်း၊ အလားတူ လုပ်ငန်းခွင်မှ စွန့်ပစ်သော ပစ္စည်းများကြောင့် ဒေသခံများတွင် ကင်ဆာဖြစ်ကာ သေဆုံးရသူများပင်ရှိလာကြောင်း၊ ထိုပြင် ကျေးရွာရှိ အမျိုးသမီးငယ်များကိုပင် လုပ်ငန်းခွင်ရှိ တရုတ်လူမျိုးများက အငှားမယားအဖြစ်ပြုလုပ်ခြင်းများပင် အများအပြားရှိလာကြောင်း ဒေသခံများက ပြောကြားသည်။
“ ရေရှည် စီမံကိန်းလုပ်ငန်းကြီးတွေဟာ ဒေသခံလူထုအတွက် ဘေးထွက်ဆိုးကျိုး ပမာဏဘယ်လောက်ရှိသလဲဆိုတာ အပြန်ပြန်အလှန်လှန်စီစစ်ဖို့လိုတယ်။ ကြေးနီလုပ်ငန်းတွေမှာ ဆာလဖြူရာစ်အက်စ်စစ် ဆိုတာအသုံးပြုကြရတယ်။ သဘာဝပတ်ဝန်းကျင်ကို အထိခိုက်ဆုံးနဲ့ လေထုအညစ်ညမ်းဆုံးဖြစ်စေနိုင်တဲ့အတွက် ဒေသခံတွေရဲ့ နေထိုင်ရပ်တည်မှုနဲ့ ဆက်စပ်မှုရှိမရှိဆိုတာ ပြန်လည်စီစစ်ဖို့လိုတယ်” ဟု ကြေးနီထုတ်လုပ်ခြင်းလုပ်ငန်းများကို လေ့လာနေသူ မုံရွာမြို့နေ ဘူမိဗေဒကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။
သက်စမ်းရေ ၊ မြတ်ဇေ by The Express Times
ဆားလင်းကြီးမြို့နယ် ကျေးရွာသုံးရွာတွင် မြေယာနှင့် ပတ်သက်ပြီး ဆန္ဒပြမှုဖြစ်
Reviewed by သစ်ထူးလွင်
on
18:48
Rating:
2 comments:
မိုက်ခဲလေး
ဟေ့ကောင်သိန်းထွန်း မင်းပထွေးကိုအဖေခေါ်နေတာလား ဖြစ်နိုင်ပါတယ် သူပထွေးတွေနဲ့ပေါင်းပြီ ပြည်သူတွေကိုသက်နေတာလေ မင်းမိသားစုကတော့ကောင်းစားနေမှာပေါ့ ကျန်တဲ့မိသားစုတွေတော့ ငက်တော့မယ် မင်းလုပ်နေတာ နိုင်ငံကိုချစ်တာလား နိုင်ငံကိုနှစ်နေတာလား
ပြန်လည်းစဉ်းစားဦးနော် မင်းတစ်နေ့ဒုက္ခရောက်လိမ့်မယ်
(မှတ်ချက် - သတိပေးနေတာနော်)
ဘာမှ မပြောချင်ဘူး
Post a Comment