ဒေါ်အောင်ဆန်းစုကြည်၏ မိတ္ထီလာမြို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်များ
“ကျွန်မတို့ မန္တလေးတိုင်း ခရီးစဉ်တလျှောက်မှာ ဆိုရင် ပြည်သူလူထုအား အင်တိုက်အားတိုက်ကို ဒီမိုကရေစီ လိုလားနေတယ်ဆိုတာ တွေ့ရပါတယ်။ ကျွန်မတို့ကလည်း ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်စွက်ပေးဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တာ မနေ့တစ်နေ့က မဟုတ်ပါဘူး။ အနှစ်နှစ်ဆယ်ကျော် ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲ တစ်ခုရှိခဲ့ပေမယ့် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ အဲဒီကတည်းက လွှတ်တော်တွင်း နိုင်ငံရေးကို မလုပ်နိုင်ခဲ့ပေမယ့် လွှတ်တော်ပြင်ပနိုင်ငံရေး လုပ်ခဲ့ပါတယ်။ ကျွန်မတို့ အဲဒီလိုလုပ်နိုင် ရပ်တည်နိုင်ခဲ့တာလည်း သစ္စာရှိတဲ့ အဖွဲချုပ်ဝင်တွေနဲ့ ပြည်သူရဲ့ ထောက်ခံမှုကြောင့် ဆိုတာ အများသိပြီး ဖြစ်မယ်ထင်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ အများကြီး ဖွံ့ဖြိုးဖို့ လိုပါသေးတယ်။ အခုဖွံ့ဖြိုးနိုင်မယ့် နည်းလမ်းတွေ၊ အခွင့်အလမ်းတွေ ရနိုင်ပါတယ်။ ဖွံ့ဖြိုးနိုင်မယ့် အခွင့်အလမ်းတွေက ဘာလဲဆိုတော့ တစ်ကမ္ဘာလုံးက တောင်းဆိုနေတဲ့ အများပါဝင်တဲ့ နိုင်ငံရေးစံနစ်၊ စစ်မှန်တဲ့ဒီမိုကရေစီ စံနစ်ကို ရောက်ရှိမယ်ဆိုရင် ကူညီချင်တဲ့နိုင်ငံတွေ အဖွဲ့အစည်းတွေ အများကြီးပါ။ ဒါကြောင့်မို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံရေး အလုပ်စဉ်မှာပါဝင်ပြီးတော့ ဆောင်ရွက်မယ်ဆိုတာ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။”
“ကျွန်မတို့အဖွဲ့ချုပ်က တစိုက်မတ်မတ် အကြမ်းမဖက်လမ်းစဉ်ကို သုံးခဲ့ပါတယ်။ အကြမ်းမဖက်တဲ့ လမ်းစဉ်လိုက်ရတာဟာ အကြမ်းဖက်တဲ့ လမ်းစဉ်လိုက်ရတာထက် အများကြီးပိုပြီး သတ္တိရှိဖို့လိုတယ်ဆိုတာ ဂန္ဓီကြီးကပြောသွားပါတယ်။ အကြမ်းမဖက် လမ်းစဉ်လိုက်တယ်ဆိုတော့ ကျွန်မတို့က ကာယအင်အား ပြိုင်နေတာမဟုတ်ဘူး။ ဥာဏစိတ်ဓာတ် အင်အားတွေ ပြိုင်နေတယ်ဆိုတာ အများက နားလည်ဖို့လိုပါတယ်။ ဒါကြောင့် ကျွန်မတို့အဖွဲ့ချုပ်က စိတ်ဓာတ်နဲ့ပညာကို အင်မတန်မှ အလေးထားပါတယ်။ အဲလို အလေးထားတယ် ဆိုတာကလည်း ရှေးကတည်းက ကျွန်မတို့ရဲ့ယုံကြည်ချက်အရ အောင်မြင်ခြင်း တရားလေးပါးနဲ့ ကိုက်ညီပါတယ် အောင်မြင်ခြင်း တရားဆိုတာ ရိုးရိုးလေးပါပဲ။ ဆန္ဒ၊ ၀ီရိယ၊ စိတ်ဓာတ်၊ ပညာပါ။ ဒါက ရှင်းရှင်းလင်းလင်း နားလည်နိုင်တဲ့ကိစ္စပါပဲ။”
“ကိစ္စတစ်ခုကို ပြီးမြောက်အောင် လုပ်ဖို့ဆိုတာ ပထမဦးဆုံး လုပ်ချင်တဲ့ဆန္ဒ ရှိရမယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၁၉၈၈ ခုနှစ်ကတည်းက အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ဒီနိုင်ငံကို ဒီမိုကရေစီဖြစ်အောင် လုပ်ဖို့ဆိုတဲ့ ဆန္ဒကို ပြင်းပြင်းပြပြ ရှိခဲ့တယ်။ ဆန္ဒနဲ့ကြည့်လဲ မပြီးသေးဘူး ၀ီရိယရှိဖို့လဲလိုတယ်။ ၀ီရိယဆိုတာကတော့ ကိုယ်လုပ်မယ့် အလုပ်ကို လုပ်ဖို့အားထုတ်တာ၊ ထပ်ပြီးလုပ်ဖို့ အားထုတ်တာ၊ အခက်အခဲတွေနဲ့ တွေ့ကြုံလို့ ရှိရင်လဲ ကျော်လွှားနိုင်ဖို့ အားထုတ်တာ ရှုံးနိမ့်မှုနဲ့တွေ့ကြုံရင်လည်းပဲ ပြန်နာလန်ထူဖို့ကြိုးစားတာ ဒါတွေဟာ စစ်မှန်တဲ့ ၀ီရိယပါပဲ။”
“ကျွန်မတို့ အလုပ်တွေကို တကယ့်ကို ခက်ခက်ခဲခဲနဲ့ လုပ်မယ် ဆိုပြီးတော့ ဆုံးဖြတ်ပြီးတော့ လုပ်ခဲ့ရတယ် အခက်အခဲတွေနဲ့ ရင်ဆိုင်ရပေမယ့်လဲ ဒီအခက်အခဲတွေကို ကျော်လွှားဖို့ အားတွေထုတ်ပြီး လုပ်ခဲ့တယ် ကျွန်မတို့ကိုရှုံးနိမ့်အောင် နည်းအမျိုးမျိုးနဲ့ လုပ်ခဲ့ပေမယ့်လဲ ကျွန်မတို့ ဒီဟာတွေကိုလည်း ကြံ့ကြံ့ခံပြီးတော့ ပြန်ပြီးတော့ နာလန်ထနိုင်ခဲ့ကြတယ် အဲဒီတော့ ဒီလိုအောင်မြင်ခြင်း တရားလေးပါးကို လက်ဆုပ်ကိုင်ထားပြီးတော့ ကျွန်မတို့လုပ်တဲ့နေရာမှာ ၀ီရိယပြီးတော့ စိတ်ဓာတ်ပါပဲ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူတွေရဲ့စိတ်ဓာတ်ကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ပို့ပေးချင်တယ်။ စိတ်ဓာတ်မှန်ကန်တယ် ဆိုတာဟာ ကိစ္စတစ်ခုကို လုပ်တဲ့နေရာမှာ မှန်မှန်ကန်ကန် သုံးသပ်ပြီးတော့ ဆင်ဆင်ခြင်ခြင် လုပ်တာကိုပြောတာပဲလို့ ကျွန်မမြင်တယ်။”
“ဥပမာဆိုရင် ကိုယ့်မှာအင်အားရှိရင် ဒီအင်အားတွေကို မှန်မှန်ကန်ကန် သုံးရမယ်။ နောက်ပြီးတော့ ပညာ၊ ပညာကတော့ အထူးပြောဖို့ မလိုပါဘူး။ ပညာဆိုတာကလဲ အခြေအနေတစ်ခုကို မှန်မှန်ကန်ကန် သုံးသပ်ပြီးတော့ ဆင်ဆင်ခြင်ခြင်နဲ့ လုပ်နိုင်တာကို ပညာပဲလို့ ကျွန်မထင်တယ်။ အတန်းပညာနဲ့ မပြီးပါဘူး အခုကျွန်မတို့ဆိုရင် အတန်းထဲမှာ ပညာတွေက သိပ်မသင်ပေးတော့ အပြင်ကပဲ သင်ရသလိုဖြစ်နေပြီ။”
“ အောင်မြင်ခြင်းတရားကို လက်ကိုင်ပြီးတော့ လျှောက်လာခဲ့တာကြောင့်မိုလို့ အခုဆိုလို့ရှိရင် ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ပြန်ပြီးတော့ ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အရေးတစ်ခု ရလာပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲဆိုတာ အထွေထွေ ရွေးကောက်ပွဲနဲ့စာရင်တော့ သေးသေးလေးပေါ့ အခုဆိုလို့ရှိရင် ၄၈မြို့နယ်မှာပဲ ယှဉ်ပြိုင်စရာရှိတယ်။ အဲ့ဒီလို ထူးထူးခြားခြားမြို့နယ်ထဲမှာ မိတ္ထီလာက တစ်နယ်အဖြစ်နဲ့ ပါဝင်နေပါတယ်။ မိတ္ထီလာ မြို့သူမြို့သားတွေဟာ ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ပေးတဲ့နေရာမှာ အဓိကကျတဲ့ ပြည်သူတွေ ဖြစ်နေတယ် ဆိုတာမမေ့ပါနဲ့။”
“ကျွန်မတို့အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေရွေးတဲ့ နေရာမှာ အခြေခံအားဖြင့်တော့ ဒီမိုကရေစီ မူတွေပေါ်မှာ သစ္စာရှိတဲ့ပုဂ္ဂိုလ်တွေ အဖွဲ့ချုပ်ရဲ့ မူဝါဒ သဘောတရားတွေပေါ်မှာ သစ္စာရှိရှိ စည်းကမ်းရှိရှိ ထိန်းသိမ်းပြီးတော့ လိုက်ခဲ့တဲ့ပုဂ္ဂိုလ်တွေကို အဓိကထားပြီး ရွေးချယ်ခဲ့ပါတယ်။ ပြည်သူတွေရဲ့ ဘ၀တွေကိုလည်း ဦးမော့စေဖို့အတွက် လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်းရှိတဲ့ လူတွေကိုလဲ ရွေးချယ်ခဲ့ပါတယ်။ မိတ္ထီလာမှာ အရွေးချယ်ခံမယ့် ပုဂ္ဂိုလ်ကတော့ ဦးဝင်းထိန်ပဲဖြစ်ပါတယ်။ အများသိတဲ့အတိုင်း ဦးဝင်းထိန်က ကာကွယ်ရေး တပ်မတော်ကနေပြီးတော့ ဘက်(စ်)ဂရတ် ကိုရရှိခဲ့ဖူးတဲ့ အင်မတန်တော်တဲ့ ဗိုလ်ကြီးဟောင်း တစ်ယောက်ပါ။”
“ ဒီနိုင်ငံကိုပြန်ပြီးတော့ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ သေသေချာချာ ရောက်ဖို့ဆိုရင် ပြည်သူလူထုတွေနဲ့ တပ်မတော်ကြားမှာ အဆင်ပြေဖို့ လိုတယ်ဆိုတာ အများနားလည်ပြီးသား ဖြစ်မှာပါ။ ဒီမိုကရေစီစနစ် အောင်နိုင်ဖို့ဆိုတာဟာ ဒီမိုကရေစီ စနစ် တည်ဆောက်တဲ့ အနောက်မှာ တပ်မတော်က မားမားမတ်မတ်နဲ့ ပါဝင်ဖို့လိုပါတယ်။ ဒါကြောင့် ကျွန်မတို့က တပ်မတော်နဲ့ ပတ်သက်လို့ အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့လည်း နီးနီးကပ်ကပ် လုပ်ဖို့လိုမယ်လို့လဲ ကျွန်မတို့ထင်ပါတယ်။”
“ ဦးဝင်းထိန်ဟာ တပ်မတော် အရာရှိဟောင်းတစ်ဦး ဖြစ်ခဲ့တယ်ဆိုတာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက်လည်း တစ်တပ်တစ်အားပဲလို့ ကျွန်မပြောချင်ပါတယ်။ ပညာရေးဆိုတာကလည်း ကျွန်မတို့နိုင်ငံအတွက် အင်မတန်မှ အဓိကကျပါတယ်။”
“ အခုလမ်းမှာလာလို့ ရှိရင်လဲ ကျွန်မအံ့အားတောင် သင့်တယ်။ ကလေးတွေလမ်းမှာ များလိုက်များလိုက်တာ ဆိုတာ။ ဘယ်နှယ့် ဒီလောက်များနေမှန်းကို မသိဘူး။ အဲ့ဒီကလေးတွေရဲ့ ဘ၀တွေ ထူထောင်နိုင်ဖို့ ဆိုတာ ပညာရေးစနစ် မကောင်းလို့ မဖြစ်ဘူး။ ကျွန်မတို့ကလေးတွေဟာ မွေးလာပြီးတော့မှ ကိုယ့်ဘ၀ကိုကိုယ် ဂုဏ်သိက္ခာရှိရှိ ဖြစ်အောင်လို့ ထူထောင်နိုင်တဲ့ အရည်အချင်းတွေကို မသင်ပေးနိုင်ရင် ဒီကလေးတွေ ဘယ်လိုဖြစ်သွားမလဲ။ ဒါဟာစဉ်းစားရင် ရင်လေးစရာပဲ။”
“ဒါကြောင့်ကျွန်မတို့ဟာ ပညာရေးကို အင်မတန်မှ အလေးထားတာဖြစ်ပါတယ်။ ပြီးတော့ ဒီကလေးတွေကို ကြည့်လိုက်လိုရှိရင် တစ်ချို့ဆိုရင် ပိန်ပိန်လှီလှီ သေးသေးလေးတွေ ကျွန်မယုံတောင် မယုံနိုင်ဘူး။ သူတို့အသက်နဲ့ သူတို့ကိုယ်ခန္ဓာနဲ့ဆိုရင် အရမ်းကွာနေတယ် အဲဒါဘာလဲဆိုတော့ အာဟာရမပြည့်ဝလို့ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ ဘာကြောင့်လဲဆိုတော့ မိဘများမှာချို့တဲ့လို့ပဲ။ ကျွန်မတို့နိုင်ငံမှာ ဆင်းရဲမွဲတေမှု ပျောက်သွားအောင် လုပ်ရမယ်ဆိုတာ အမျိုးသား ဒီမိုကရေစီအဖွဲချုပ်ရဲ့ တစိုက်မက်မက်မူပဲ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှု ပျောက်သွားအောင် လုပ်ဖို့ဆိုတာ သင့်တော်တဲ့ အလုပ်တွေ ဖန်တီးပေးရမယ်။”
“ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေဟာ ကိုယ်ဂုဏ်သိက္ခာကို အလေးထားတဲ့ သူတွေဖြစ်တယ်ဆိုတာ ကျွန်မ သတိထားမိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ဖြန့်ပြီးတော့ မတောင်းချင်ဘူး။ ကိုယ်ဟာ့ကို လုပ်ပြီးတော့ ယူချင်တဲ့ စိတ်ဓာတ်တွေ အပြည့်ရှိတယ်ဆိုတာ ကျွန်မ မြင်ခဲ့ရတယ်။ ဒီလို လုပ်နိုင်ကိုင်နိုင်အောင်လို့ အလုပ်တွေ ဖန်တီးပေးဖို့ ဆိုတာဟာ တစ်နေ့တည်းနဲ့တော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ကျွန်မတို့ စနစ်ကျကျ စီစဉ်သွားရင်တော့ ဖြစ်နိုင်တယ်။ ကျွန်မတို့ နိုင်ငံကို ကမ္ဘာကနေ လေးစားဖို့ လိုတယ်။ ကမ္ဘာကလေးစားမှ ကျွန်မတို့ နိုင်ငံကို ကူညီမှာပါ။”
“ အခုဆိုလို့ရှိရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြူပ်နှံချင်တယ်။ ဖွံဖြိုးဖို့အတွက် အကူအညီပေးချင်တဲ့ အဖွဲ့အစည်းတွေ နိုင်ငံတွေဟာ ဒီနိုင်ငံဟာ တစ်ကယ်ကို စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ထူထောင်မယ်ဆိုတာ ယုံကြည်နေလို့ အကူအညီပေးချင်တာ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသည်။
ဆက်လက်ပြီး “ဘာမဆို ဘယ်လောက်ပဲကြီးတဲ့ ကိန်းဂဏန်းကြီးမဆို နံပတ်တစ်က စတာပဲ။ နံပတ်တစ်က စသောအားဖြင့် မိတ္တီလာမြို့နယ်သူ မြို့နယ်သား အားလုံး ကိုယ်ပေးခွင့်ရှိတဲ့ မဲလေးတစ်ပြားကို ဦးဝင်းထိန်အတွက် ထည့်ပေးဖို့ ကျွန်မကနေပြီးတော့ မေတ္တာရပ်ခံချင်ပါတယ်။”
“ ကျွန်မတို့က ပွင့်ပွင့်လင်းလင်း မဲလိုချင်လို့ မဲလာတောင်းတာ။ ဟိုလိုလိုဒီလိုလို ပြည်သူလူထူကို လှည့်ပြီးတော့ မစည်းရုံးဘူး။ တစ်ခုတော့ သတိပေးချင်ပါတယ်။ ရွေးကောက်ပွဲ မတိုင်မီ ဟိုဟာလေးလုပ်ပေး၊ ဒီဟာလေးလုပ်ပေးဆိုတဲ့ သူတွေကိုတော့ သိပ်မယုံနဲ့နော်။ လူတိုင်းလူတိုင်းဟာ ကိုယ်နိုင်ဖို့တော့ ကြိုးစားတာပဲ။ အဲလိုကြိုးစားရာမှာ မှန်မှန်ကန်ကန်နဲ့ ဖြောင့်ဖြောင့်မတ်မတ် ကြိုးစားတယ်ဆိုရင် ကျွန်မတို့ ဘယ်လိုမှ အပြစ်မဆိုပါဘူး။ ဒါဟာ လူတိုင်းရဲ့လုပ်ပိုင့်ခွင့်ပါ။ ပြည်သူကသာ သုံးသပ်ပါ။ ပြည်သူတစ်ဦးရဲ့ ထောက်ခံမှုကို ရဖို့အတွက် ကြိုးစားတဲ့နေရာမှာ ဘယ်လောက် ဖြောင့်ဖြောင့်မတ်မတ် ကြိုးစားတယ်ဆိုတာကို ကြည့်ပြီးတော့ ပြည်သူကသာ ဆုံးဖြတ်ပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။” ဟု၎င်းက ပြောကြားသည်။
ဆက်လက်ပြီး “ တစ်ချို့ပြည်သူတွေ အနေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးရမှာ နည်းနည်းတော့ ကြောက်နေကြတယ်လို့ ထင်တယ်။ ကျွန်မပြောချင်တာက ကြောက်လို့များ မဲမှားပြီးပေးရင် ထပ်ပြီး ကြောက်နေရမယ်လို့ ကျွန်မထင်တယ်။ ကိုယ့်ကို ခြိမ်းခြောက်တဲ့လူကို ထပ်ပြီးတော့ ထောက်ခံရင် ဆက်ပြီးတော့ ခြိမ်းခြောက်ခံရမှာပေါ့။” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်မှ မိတ္ထီလာကန်နှင့် ပတ်သက်၍ “ ကျွန်မ ခုနက မိတ္ထီလာကန်ကို ဖြတ်ခဲ့တော့ ရေတွေ တအားနည်းသွားတယ်။ ဟုတ်တယ်မလား။ ဒါဘာနဲ့ ဆိုင်လဲဆိုတော့ ထိန်းသိမ်းရေးမရှိလို့ဘဲ။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိုယ့်နိုင်ငံရဲ့ အရင်းအမြစ်တွေကို သေသေချာချာ ထိန်းသိမ်းရေး နိုင်ငံရဲ့ အင်အားတွေ၊ သဘာဝအလှတွေ၊ နိုင်ငံရဲ့ ပြည်သူတွေရဲ့ ဘ၀တွေကို ထိန်းသိမ်းရေးဟာ မလုံလောက်ဘူးဆိုတာကို ကျွန်မတို့ တနိုင်ငံလုံးက ပြနေတာဖြစ်ပါတယ်။ ငယ်ငယ်တုန်းက မိတ္ထီလာကန်ကို ရောက်ခဲ့ဘူးပါတယ်။ မိတ္ထီလာကန်ကို ၁၉၄၇ လွတ်လပ်ရေးမရခင် လွတ်လပ်ရေးရဖို့ ကြိုးပမ်းတဲ့အနေနဲ့ ရွေးကောက်ပွဲ ၀င်ခဲ့ဖူးပါတယ်။ မိတ္ထီလာကန်ရဲ့ နဘေးမှာ အစ်ကိုနှစ်ယောက်နဲ့ ဓာတ်ပုံရိုက်ခဲ့ဘူးပါတယ်။ မိတ္ထီလာကန်ကြီး ကျယ်ကျယ်ကြီးလိုပဲ။”
“အဲဒီတုန်းကလည်း ဒီအချိန်လောက်ပဲ ဖြစ်မယ်ထင်ပါတယ်။ ရွေးကောက်ပွဲက ၁၉၄၇ ဧပြီလောက်မှာပဲ ကျတယ်။ ဖေဖော်ဝါရီနောက်ပိုင်း မတ်လောက်မှာပဲ စည်းရုံးရေး ခရီးဆင်းလာတယ်။ အဲဒီတုန်းက ကန်က တအားရေပြည့်တယ်။ ဒီတော့ဒါဟာ ရာသီဥတုကြောင့် မဟုတ်ဘူးပေါ့နော်။ နွေရာသီကြောင့် ရေနည်းသွားတာ မဟုတ်ဘူး။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဘက်မှာ အားနည်းလို့ မိတ္ထီလာကန်ကြီး ကျုံသွားရတယ်လို့ မြင်ပါတယ်။ ကန်ကြီးကျုံ့သွားရသလို ပြည်သူလူထူရဲ့ ဘ၀တွေလည်း မကျုံ့သွားစေချင်ဘူး။ ပြန်ပြီးတော့ ဒီဘ၀တွေကို နာလန်ထစေချင်တယ်။ ပြန်ပြီးတော့ ကြီးထွားလာစေချင်တယ်။” စသဖြင့် ပြောကြားခဲ့သည်။
ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း “ရွေးကောက်ပွဲအတွက် ကျွန်မ ကတိပေးနိုင်တာ တစ်ခုပဲရှိတယ်။ ကျွန်မတို့ အစွမ်းကုန်ကြိုးစားမယ်။ ဒါပေမယ့် ကြိုးစားပိုင်ခွင့်ကိုတော့ ပြည်သူက ပေးရမယ်။ မျက်စိမှိတ်ပြီးတော့ မယုံနဲ့။ စမ်းကြည့်တဲ့အနေနဲ့ ကျွန်မတို့ကိုမဲပေးပါ။ ကျွန်မတို့ကို မဲပေးပါလို့ အတင်းအကြပ်မပြောလိုဘူး။ မဲပေးပြီးမှ ယုံသင့်မယုံသင့် ဆုံးဖြတ်ပါ။ ခြိမ်းခြောက်နေတဲ့ လူတွေရှိရင်လည်း ကိုယ်စားလှယ် ဦးဝင်းထိန်နှင့်တကွ အဖွဲ့ချုပ်က လူတွေကိုအသိပေးပါ။ ဘယ်သူတွေက သူတို့ပါတီကို မဲမပေးရင် ဟိုလိုလုပ်မယ်၊ ဒီလိုလုပ်မယ်။ ပြောနေတယ်၊ စသဖြင့် ခြိမ်းခြောက်ခံရတာကို အဖွဲ့ချုပ်ကို အသိပေးပါ။ အကြံပြုချင်တာရှိရင် အကြံပြုပါ။ အဖွဲ့ချုပ်ရဲ့ အချို့လုပ်ရပ်တွေကို မကျေနပ်ရင်လည်း မကျေနပ်ကြောင်း အသိပေးပါ။ ကျွန်မတို့ ပြုပြင်ယူပါ့မယ်။ ကျွန်မတို့ ခြောက်ပစ်ကင်း သဲလဲစင်လို့ မဆိုလိုပါဘူး။ ကျွန်မတို့မှာလည်း အားနည်းချက်တွေ ရှိပါတယ်။”
“ လူဆိုတာ ကောင်းတယ်ဆိုးတယ် မရှိဘူး။ တော်တယ်ညံ့တယ်လည်း မရှိဘူး။ သင်လို့ရတဲ့လူနဲ့ သင်လို့မရတဲ့လူ နှစ်မျိုးဘဲရှိတယ်။ ကျွန်မတို့ အဖွဲ့ချုပ်က သင်လို့ရတဲ့အဖွဲ့ပါလို့ ကျွန်မပြောပါရစေ။ ကျွန်မတို့ကို သင်ကြပါ။ သင်တာတွေကိုခံယူပြီးတော့ ပြည်သူတွေရဲ့ အကျိုးအတွက် တက်နိုင်သလောက် ဆထက်တပိုး တိုးပြီးလုပ်သွားဖို့ အဆင်သင့် ရှိပါတယ်လို့ ကျွန်မက ပြောပါရစေ” စသဖြင့် ပြောကြားခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က “သတိဆိုတာ လွန်ကဲတယ်လို့ မရှိဘူး။ သတိနဲ့ ဆက်ပြီးတော့ သွားကြမယ်။ ကျွန်မတို့ ကလေးတွေ ၊ လူငယ်တွေ၊ လူလတ်တွေ အားလုံး ညီညီညွတ်ညွတ်နဲ့ စည်းကမ်းရှိရှိနဲ့ တစ်လှမ်းချင်း၊ တစ်လှမ်းချင်း လျှောက်သွားမယ်ဆိုရင် ပြည်သူတွေဟာ လွတ်လပ်ရေးကော ၊ လုံခြုံရေးကောကို အာမခံတဲ့ စနစ်တစ်ခု အောက်မှာ အေးအေးချမ်းချမ်း နေနိုင်မယ်လို့ ကျွန်မမျှော်လင့်ထားပါတယ်။”ဟု ပြောကြားသွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မိတ္ထီလာမြို့မှ နေ့ခင်း(၁)နာရီတွင် နေပြည်တော်သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။
EMG
ဒေါ်အောင်ဆန်းစုကြည်၏ မိတ္ထီလာမြို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်များ
Reviewed by သစ်ထူးလွင်
on
05:48
Rating:
3 comments:
wait and see စောင့်ကြည်ကြရမှာပေါ့ဗျာ
ဒေါ်မြင့်မြင့်အေး အကြောင်းကော ထည့်ပြောသွားသေးလား
Nyi Lay!!!
What do you mean??
Who are you???
Post a Comment