စစ်တွေဆိပ်ကမ်း တည်ဆောက်မည့် ဧရိယာအနီးရှိ ဆေးရုံ၊ ဈေး၊ မြေနေရာများ ဖယ်ရှား ရှင်းလင်းခြင်းမပြုဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

7237
စစ်တွေဆိပ်ကမ်း တည်ဆောက်မှု လုပ်ငန်းခွင် တစ်နေရာကို တွေ့ရစဉ်
စစ်တွေဆိပ်ကမ်း တည်ဆောက်မည့် ဧရိယာအနီးရှိ ဆေးရုံ၊ စစ်တွေ မြို့ဈေးကြီးနှင့် ကုလားတန် မြစ်ကမ်းစပ်ဖြစ်သော ကမ်းနားလမ်း တစ်လျှောက်ရှိ အိုးတန်းရပ်ကွက်၊ ကျေးပင်ကြီး ရပ်ကွက်ရှိ ဈေးဆိုင်ခန်းများ၊ အိုးအိမ်များ၊ မြေနေရာများသည် စီမံကိန်းနေရာနှင့် လွတ်ကင်းပါသဖြင့် ဖယ်ရှား ရှင်းလင်းခြင်းမပြုဟု ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယ ပုံမှန် အစည်းအဝေးတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဥာဏ်ထွန်းအောင်က ပြော ကြားခဲ့သည်။
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးပို့ဆောင်ရေး စီမံကိန်း၏ နှစ်နိုင်ငံ သဘောတူစာချုပ်အရ စီမံကိန်းအတွက် လိုအပ်သည့်မြေနေရာကို မြန်မာဘက်မှ ပံ့ပိုးပေးရမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ဆိပ်ခံ တံတား နောက်ခံမြေအဖြစ် ဖောင်တော်ကြီး ဆိပ်ကမ်းဝင်းနှင့် မင်းကြီး ကျောက်တန်းကြားတွင် ကုလားတန်မြစ်နှင့် ပြိုင်လျက် အလျား ၅၀၀ မီတာတွင် အလျား ၃၂၄ မီတာနှင့်မြစ်ဘက်သို့ ၁၃၉ မီတာအကျယ်ကို ကျောက်စီ ရေကာတာ တံတိုင်းပြုလုပ်၍ မြစ်ဘက်သို့ မြေနေရာတိုးချဲ့ကာ ဆိပ်ကမ်း အဆောက်အအုံများ ဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ ရေယာဉ်များနှင့် ကုလားတန် မြစ်တွင်း သွားပြည်တွင်းရေကြောင်းမှ ရေယာဉ်များ ဆိုက်ကပ်ရန်အတွက် အလျား ၂၇၃ မီတာ နှင့် အကျယ် ၁၅.၂ မီတာရှိ ပင်မ ဆိပ်ခံတံတား၊ အလျား ၁၃၆  မီတာ၊ အကျယ် ၉.၅ မီတာရှိသော ချဉ်းကပ် တံတားနှစ်ခုပါသည့် ဆိပ်ခံတံတား များ၊ ပလက်ဝမြို့တွင် ဆိပ်ခံတံတား တည်ဆောက်ရန် မြေဧက ၁၁.၁၁၅ ကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနနှင့် ညှိနှိုင်းနေပြီး ပလက်ဝမှ မြန်မာ-အိန္ဒိယနယ်စပ် အထိ မော်တော်ကားလမ်း ဖောက်လုပ်ရန်အတွက် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးကြားခံ ပို့ဆောင်ရေးစီမံကိန်း တည်ဆောက်မှုကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့အပြင် နိုင်ငံတကာနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးစေမည့် အပြင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ ပေါ်ပေါက်လာခြင်းကြောင့် အိန္ဒိယနိုင်ငံနှင့်သာမက အခြားနိုင်ငံများနှင့် ပါ တိုက်ရိုက်ကုန်သွယ်မှုများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
“ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းပို့ဆောင်ရေး စီမံကိန်း လုပ်ငန်းဆောင်ရွက်ရေး မူဘောင် သဘောတူစာချုပ်၊ သယ်ယူပို့ဆောင်ရေး လွယ်ကူချောမွေ့စေရေး ဆိုင်ရာ တို့ကို ၂၀၀၈ ခုနှစ်ကတည်း အိန္ဒိယနိုင်ငံနဲ့ သဘောတူထားတာပါ။ ဒီ စီမံကိန်းတွေကြောင့် စစ်တွေဆိပ်ကမ်းနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ပြည်တွင်း ရေကြောင်းလမ်း၊ အဝေး ပြေးလမ်းမကြီးသို့ သွားလာရေး အတွက် နှစ်နိုင်ငံဘက်စုံသုံး နယ်စပ်ဖြတ်သန်း သယ်ယူပို့ဆောင်ရေး တို့အတွက် လွယ်ကူစေမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းထဲမှာတော့ နှစ်နိုင်ငံသဘောတူစာချုပ်အရ စီမံကိန်းအတွက် လိုအပ်တဲ့မြေနေရာကို ကျွန်တော်တို့က ပံ့ပိုးပေးရမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းပို့ဆောင်ရေး စီမံကိန်း အကောင်အထည်ဖော်ခြင်းကြောင့် စစ်တွေဆိပ်ကမ်း၌ တန် ၆၀၀၀ ဆိုက်ကပ်နိုင်သည့်ဆိပ်ခံတံတားတစ် စင်း၊ စစ်တွေနှင့် ပလက်ဝတွင် တန် ချိန် ၃၀၀ မြစ်တွင်းသွား ရေယာဉ် များ ဆိုက်ကပ်ရန် ဆိပ်ခံတံတားနှစ် စင်းနှင့် ဆိပ်ကမ်း အဆောက်အဦး ရရှိမည်ဖြစ်ကာ မြစ်တွင်းသွားရေ ယာဉ်ခြောက်စင်း တည်ဆောက်ပြီးပါ က မြန်မာဘက်သို့ လွှဲပြောင်းပေးမည့်အပြင် ရေလမ်းကြောင်းတစ်လျှောက် ရေလမ်းကြောင်း ကောင်းမွန်လာစေ ခြင်းနှင့် ပလက်ဝမှ အိန္ဒိယ-မြန်မာ နယ်စပ်အထိ အဝေးပြေးလမ်းမ တစ်ခု ပေါ်ပေါက်လာမည် ဖြစ်သည်ဟု သိရှိ ရပါသည်။
EMG
စစ်တွေဆိပ်ကမ်း တည်ဆောက်မည့် ဧရိယာအနီးရှိ ဆေးရုံ၊ ဈေး၊ မြေနေရာများ ဖယ်ရှား ရှင်းလင်းခြင်းမပြုဟု ပြည်ထောင်စုဝန်ကြီး ပြောကြား စစ်တွေဆိပ်ကမ်း တည်ဆောက်မည့် ဧရိယာအနီးရှိ ဆေးရုံ၊ ဈေး၊ မြေနေရာများ ဖယ်ရှား ရှင်းလင်းခြင်းမပြုဟု ပြည်ထောင်စုဝန်ကြီး ပြောကြား Reviewed by သစ်ထူးလွင် on 17:13 Rating: 5

1 comment:

paukpauk said...

မည်သူ့အကျိုးအတွက် လုပ်တယ်ဆိုတာ စောင့်ကြည့်ကြတာပေါ့။

Powered by Blogger.