ငပလီကမ်းခြေအနီးရှိ ရေလုပ်ငန်းများအဆင်ပြေစေရန် နိုင်ငံတော်သမ္မတထံတင်ပြ
ငပလီကမ်းခြေ
မတ် ၂၆၊ ၂၀၁၂(YPI)
သံတွဲမြို့နယ် ငပလီကမ်းခြေအနီး ဂျိတ္တောငါးဖမ်းဇုန်တွင် ဟိုတယ်များ တိုးချဲ့ဆောက်လုပ်လာရာ
ဒေသခံရေလုပ်ငန်းများ အဆင်ပြေစွာ ဆက်လက်ရပ်တည်နိုင်ရေးအတွက်
ကျော့ပိုက်လုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး စုပေါင်းလက်မှတ်ရေးထိုးကာ
နိုင်ငံတော်သမ္မတထံ တင်ပြလိုက်ကြသည်။
ကမ်းခြေတွင် ငါးလှမ်းခွင့်၊ လှေကပ်ခွင့်၊ လှေပြင်ခွင့်မပြုရဟု ကန့်သတ်နေသဖြင့် ငါးဖမ်းလုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက် ကူညီပေးပါရန် လူနှစ်သောင်းခန့်ကစုပေါင်းလက်မှတ်ရေးထိုးကာ ယခုလဆန်းပိုင်းက တင်ပြခဲ့ကြသည်။
ဇန်န၀ါရီလပထမပတ်က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်စည်ပင် သာယာရေးဝန်ကြီးတို့ထံသို့ စာဖြင့်တင်ပြထားခဲ့သော်လည်း ထူးခြားမှုမရှိသဖြင့် သမ္မတထံသို့  ထပ်မံတင်ပြ ရခြင်းဖြစ်ကောင်းလည်း ကျော့ပိုက်လုပ်ငန်းရှင်မျာကပြောသည်။
၎င်းစာအား နိုင်ငံတော်သမ္မတထံသို့လိပ်မူပြီး မိတ္တူကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ILO နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ကို ပေးပို့ခဲ့သည်ဟု ဦးဆောင်ခဲ့သူများကပြောသည်။
“ ကျွန်တော်တို့ တင်ပြတာက ဟိုတယ်တွေကို မဆောက်ရဘူးလို့ပြောတာမဟုတ်ပါဘူး။ အစဉ် အဆက်လုပ်ကိုင်ခဲ့တဲ့ ရေလုပ်ငန်းနဲ့ ဟိုတယ်ကိုအဆင်ပြေအောင် ညှိနှိုင်းပေးဖို့ဖြစ်ပါတယ်” ဟုရေ လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလကစတင်ကာ ဂျိတ္တောငါးဖမ်းဇုန်တွင်ဟိုတယ်တစ်ခု စတင်ဆောက်လုပ်ခဲ့ပြီး အခြားကမ်းခြေမြေကွက်များကိုလည်း ဟိုတယ်ဆောက်ရန် ၀ယ်ယူမှုများ ရှိလာသဖြင့် ရေလုပ်ငန်းများ ထိခိုက်လာနိုင်မည်ကိုစိုးရိမ်ရကြောင်း ဒေသခံရေလုပ်ငန်းရှင်များကပြောသည်။
ရေလုပ်ငန်းရှင်များ၏ အဓိက အခက်အခဲမှာ ဟိုတယ်လုပ်ငန်းများ စတင်လာလျှင် ဖယ်ရှားပေးရတော့ မည့် ငါးလှန်းကွက်များအတွက် နေရာအစားရရှိရေးပင်ဖြစ်သည်။
ယခုမတ်လအတွင်းက မြပြင်ကျေးရွာရှိ Plesent View Resort(PVR)ရှေ့ပင်လယ်အတွင်း ကျောက်ချထားသည့် ငါးဖမ်းလှေများကို ဧည့်သည်များ ရေကူးရာတွင် ခက်ခဲစေသည် ဟုဆိုကာ ဖယ်ရှားခိုင်းခဲ့သည်။
ဧည့်သည်တွေစီးတဲ့လှေ။ အဲဒီလှေတွေကိုလည်းဖယ်ခိုင်းပါလား လို့ ပြောမှ
ကျောက်ချခွင့် ရသွား တာ” ဟုရေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ဖေဖော်ဝါရီလ ကလည်း လင်းသာကျေးရွာရှိ Crescent Cave Resort(CCR) က ၎င်း၏ ရှေ့  ပင်လယ်ပြင်တွင်ဗော
များချကာပိုင်နက်သတ်မှတ်ပြီး ငါးဖမ်းလှေများမ၀င်ရဟု တားမြစ်ခဲ့သည်။
င်းကိစ္စ အားခရိုင်ငါးလုပ်ငန်းဦးစီးမှူးမှ ဖြေရှင်းပေးသောကြောင့် အဆင်ပြေသွားခဲ့ကြောင်းလည်းလုပ်ငန်းရှင်များကပြောသည်။
ငပလီကမ်းခြေအနီးရှိ ဂျိတ္တောငါးဖမ်းဇုန်နှင့် လင်းသာငါးဖမ်းဇုန်တွင် လူဦးရေလေးသောင်းခန့်နေထိုင်ပြီး ၉၀ ရာခိုင်နှုန်းမှာ ရေလုပ်ငန်းလုပ်ကိုင်သူများဖြစ်ကြသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရွှေ့ပြောင်းလုပ်သား ၁၂၀၀ ခန့်လည်း ရေလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်လျှက်ရှိသည်ဟု ကျော့ပိုက်လုပ်ငန်းရှင်များကပြောသည်။           ။
ငပလီကမ်းခြေအနီးရှိ ရေလုပ်ငန်းများအဆင်ပြေစေရန် နိုင်ငံတော်သမ္မတထံတင်ပြ ငပလီကမ်းခြေအနီးရှိ ရေလုပ်ငန်းများအဆင်ပြေစေရန် နိုင်ငံတော်သမ္မတထံတင်ပြ Reviewed by သစ်ထူးလွင် on 04:59 Rating: 5
No comments:
Powered by Blogger.