မတ်လ ၈ ရက်၊ ၂၀၁၂ (YPI)
သတ္တမ အကြိမ်မြောက် မွန်အမျိုးသမီးများနေ့ကို မော်လမြိုင်မြို့ပေါ်၌ ပထမဆုံးအကြိမ်ကျင်းပခွင့် ရခဲ့ကြောင်း မွန်အမျိုးသားနေ့ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ မိမိုးမိုးအေးက ပြောသည်။
“မော်လမြိုင်မှာ ဒါက ပထမဆုံးအကြိမ်ကျင်းပတာပါ ၊ လူ၂၀၀လောက်တက်ရောက်ခဲ့တယ်၊ မွန်အမျိုးသမီး တယောက်အနေနှင့် ကိုယ့်မွန်အမျိုးသမီးများနေ့ အခမ်းအနားကို အခုလို တသီးတသန့် ကျင်းပခဲ့ရတဲ့ အတွက် ဂုဏ်ယူပါတယ်”ဟု ၎င်းကဆက်ပြောသည်။
မွန်အမျိုးသမီးများနေ့ကို မတ်လ ၄ရက်နေ့ တပေါင်လဆန်း ၁၂ ရက်နေ့တွင် ကျင်းပခဲ့ပြီး မော်လမြိုင်မြို့ မိုင်ဒါကွင်းရှေ့ မွန်ဓမ္မာရုံတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။
“မွန်အမျိုးသမီးများနေ့ကို မော်လမြိုင်မှာ ကျင်းပချင်နေတာကြာပြီ အရင်က ဒီမိုကရေစီ မိုးလေ၀သ အခြေအနေမကောင်းလို့ အခုတော့ မိုးလေ၀သ အခြေအနေကောင်းပြီးဆိုတော့ ကျင်းပခဲ့တာပါ၊ ဘာအနှောင့်အယှက်မှမရှိပါဘူး” ဟု အဆိုပါနေ့ကျင်းပ ဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းပံ့ပိုးပေးခဲ့သည့် မွန်စာပေနှင့်ယဉ်ကျေးမှု အဖွဲ့မှဒုဥက္ကဌ နိုင်ပန်းအောင်ကပြောသည်။
မြန်မာနိုင်ငံသမိုင်းတွင် တပါးတည်းသော အမျိုးသမီးဘုရင်မဖြစ် ခဲ့သည့် မွန်ဘုရင်မကြီး ရှင်စောပု (ခေါ်) ဗညားထော၏ မွေးနေ့ကို မွန်အမျိုးသမီးများနေ့ အဖြစ်သတ်မှတ်ခဲ့ပြီးနောက် ကျင်းပခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၇)ကြိမ်မြောက်ရှိပြီးဖြစ်သည်။
မော်လမြိုင်မြို့ ပေါ်တွင်ကျင်းပခဲ့သည့်မွန်အမျိုးသမီးများနေ့ကို လာမည့် ဧပြီလ ၁ရက်နေ့တွင် တရားဝင်ပါတီ အဖြစ် ပြန်လည် မှတ်ပုံတင်မည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့က ဂုဏ်ပြုကြောင်း အခမ်းအနားတွင် ကြေငြာစာတမ်း ဖတ်ကြားခဲ့သည်။
မွန်ဘုရင်မ ရှင်စောပုဧ။်အကြောင်းမွန်အမျိုးသမီးများနေ့ ကျင်းပရခြင်းအကြောင်း ကိုမွန်ဘာသာ ၊ဗမာဘာသာဖြင့် ဖတ်ပြခဲ့ပြီး မော်လမြိုင်တက္ကသိုလ်မှ ကျောင်းသူများအများအပြားတက်ရောက် ခဲ့သည်ဟုဆိုသည်။
“မွန်အမျိုးသမီးတွေရဲ့ဘ၀က သမာရိုးကျမှာပဲစီးမျောနေကြတယ် စားဝတ်နေရေးနဲ့ပဲ လုံးပန်းနေကြတော့ အပြင်ကို လေ့လာဖို့ အချိန်မပေးနိုင်ဘူး၊ ထက်ထက်မြက်မြက် မရှိကြဘူး ၊ဒါကြောင့် အမျိုးသမီးတွေရဲ့ဘ၀ပိုတိုးတက်ဖို့လိုတယ်”ဟု မိမိုးမိုးအေးက ပြောသည်။
သတ္တမအကြိမ်မြောက် မွန်အမျိုးသမီးများနေ့ကို Mon Women Network(MWN) မှကြီးမှူးပြီး ထိုင်းမြန်မာ နယ်စပ် ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းရွာနှင့် မွန်ပြည်နယ် ကျေးရွာအတော်များများတွင်လည်း ကျင်းပခဲ့ကြောင်း လွတ်လပ်သည့်မွန်သတင်း အေဂျင်စီ၏ ဖေါ်ပြချက်အရ သိရသည်။
ထို့အပြင် (၇)ကြိမ်မြောက်မွန်အမျိုးသမီးများနေ့ကိုအမျိုးသမီးတို့ရဲ့ဘ၀လုံခြုံမှုရှိစေရေးနှင့်လူနေမှုအဆင့် အတန်းတိုးတက်မြင့်မားရေး၊ပြည်တွင်းငြိမ်းချမ်းရေးအမြန်ဆုံးဖြစ်ပေါ်စေရေးစသည့်အချက်များဖြင့်သမ္မတဦးသိန်းစိန်အားမွန်အမျိုးသမီးများနေ့ ကြေငြာချက် အနေဖြင့်ထုတ်ပြန်တောင်းဆိုလိုက်သည်။
ပြီးခဲ့သည့် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့က လည်း ယခင်ကျင်းပခွင့် မရခဲ့သည့် ရန်ကုန်မြို့တွင် မွန်အမျိုးသားနေ့ကို ကျင်းပခဲ့ရာ လူထောင်နှင့်ချီတက်ရောက်ခဲ့သည်ကိုတွေ့ရသည့်ကာ မွန်ပြည်နယ်တ၀ှမ်းတွင်လည်း စည်းကားသိုက်မြိုက်စွာကျင်းပခွင့်ရရှိခဲ့သည်ဟု သိရှိရသည်။ ။

မွန်အမျိုးသမီးများနေ့ကို မော်လမြိုင်မြို့တွင် ပထမဆုံး အကြိမ်ကျင်းပခွင့်ရ
Reviewed by သစ်ထူးလွင်
on
10:22
Rating:
1 comment:
I really appreciate your activity and thank for your good job. It for our Nation, for our culture, and for our history.Don't stop your step here.
Post a Comment