မဲစာရင်းကွဲလွဲမှု ရပ်/ကျေး ကော်မရှင်များကြောင့်ဟုဆို

လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပရန်ရှိသော ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲစာရင်းများ ထုတ်ပြန်ကြေညာပေးခဲ့ရာတွင် အမှန်တကယ် မဲပေးပိုင်ခွင့်ရှိသူများ ကျန်နေခဲ့ခြင်း၊ အချက်အလက်များ မှားယွင်း နေခြင်း၊ သေဆုံးပြီးသူများ ပါဝင်နေခြင်း စသည့် ကွဲလွဲချက်များ ဖြစ်ပေါ်ရခြင်းမှာ ရပ်/ကျေး ကော်မရှင်များကြောင့် ဖြစ်ကြောင်း မဲဆန္ဒရှင်များ၊ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ အကြံပေးများက ပြောကြပါသည်။

''ကျွန်တော်တို့ ကြုံနေရတဲ့ အခက်အခဲက ကော်မရှင်နဲ့ ပတ်သက်ပြီး ဖြစ်နေတာပါ။ ဒေသခံတွေ မပါတာတွေ၊ သေဆုံးသူတွေ ပါနေတာတွေ၊ ဒီရွာကမဲရုံမှာ ပါရမယ့်သူတွေက အလှမ်းဝေးတဲ့ရွာတွေက မဲစာရင်းတွေ ထဲမှာ ရောက်နေတာတွေ စတဲ့ကွာဟမှုတွေ ဖြစ်နေပါတယ်။ မေးကြည့် တော့ မှားပြီး ပါသွားတာလို့ ပြောတယ်။ မြို့နယ်ကော်မရှင်နဲ့ အဓိက ပြောနေရတာက ရပ်/ကျေးကော်မရှင် အများစုမှာရှိနေတဲ့သူတွေက ပါတီဝင်တွေ ဖြစ်နေတဲ့ ကိစ္စပါ။ ရပ်/ ကျေး အုပ်ချုပ်ရေးမှုးအချို့က သူတို့ပါတီအတွက် မဲဆွယ်တာတွေ ရှိနေပါတယ်။ မဆောင်ရွက်ပေးတဲ့ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတွေကိုလည်း ဖိအားပေး ဆောင်ရွက်ခိုင်းတာတွေ ရှိနေပါတယ်'' ဟု မြန်အောင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးကျော်မြင့်၏ အကြံပေး ကိုယ်စားလှယ်က ပြောကြားပါသည်။

ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ ကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်သည် နိုင်ငံရေး ပါတီဝင်မဟုတ်သူ ဖြစ်ရမည်ဟု ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့စွဲဖြင့် ပြဋ္ဌာန်းလိုက်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအခန်း (၂) အပိုဒ် (၅) (ဆ) တွင် ဖော်ပြထားသည်။

''ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အကြိမ်ကြိမ်ပြောပါတယ်။ ၂၀၁၀ လို မဖြစ်စေရပါဘူး။ ၂၀၁၀ တုန်းက ချွတ်ယွင်းချက်တွေ၊ အားနည်းချက်တွေကို လက်ခံတယ်။ အသိအမှတ်ပြုတယ်လို့ ပြောထားတယ်။ ဥပဒေကမှားယွင်းတာ၊ ချို့ယွင်းတာ မဟုတ်ဘူး၊ ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်တွေကြောင့် မှားယွင်းတာ'' ဟု တောင်ငူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့်က ပြောပါသည်။

''ရွေးကောက်ပွဲ တရားမျှတတယ်၊ မမျှတဘူးဆိုတာ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်နဲ့ အခင်းအကျင်းတစ်ခုတည်းကိုကြည့်ပြီး သုံးသပ်လို့ မရဘူး၊ ရွေးကောက်ပွဲမတိုင်မီ မဲစာရင်း ထုတ်ပေးတာကအစ တချို့ရပ်ကွက်တွေမှာ အချိန်မီ ထုတ်ပေးတာ မရှိဘူး၊ ခဏတစ်ဖြုတ်ပဲ ကပ်တယ်၊ တချို့ဆိုရင် နောက်ဆုံးရက်လို့ သတ်မှတ်ထားတဲ့ အချိန်အထိ မကပ်ရသေးတဲ့ ကျေးရွာ အုပ်စုတွေတောင် တွေ့ရတယ်''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများ ထုတ်ပြန်ကြေညာရာတွင် မဲပေးပိုင်ခွင့်ရှိသူများ ကျန်နေခဲ့ခြင်း၊ ကွယ်လွန်ပြီးသူများ စာရင်းတွင် ပါဝင်လာခြင်း၊ မှတ်ပုံတင်အမှတ် မှားယွင်းခြင်း၊ အဖအမည် မှားယွင်းခြင်းစသည်တို့ ဖြစ်ပေါ်နေကြောင်း မဲဆန္ဒရှင် အများစုက ပြောကြသည်။

''မဲစာရင်းတွေမှာ ကွယ်လွန်ပြီး သားတွေပါနေတာ တွေ့ရတယ်။ နောက်တစ်ခါ သားသမီးနာမည်မှန်တယ်၊ အဖေနာမည်လွဲနေတယ်။ မှတ်ပုံတင်နံပါတ်မှာ သုညနဲ့တစ်နဲ့ လွဲတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ကျရင် သုညနဲ့တစ်နဲ့ လွဲတာလည်း မဲရုံကလက်ခံမှာ မဟုတ်ပါဘူး''ဟု တောင်ငူမြို့ခံတစ်ဦးက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲစာရင်းများ ပြင်ဆင်ခြင်းအား ရွေးကောက်ပွဲမတိုင်ခင်အထိ ပြန်လည်ပြင်ဆင်ပေးမည်ဖြစ်ကြောင်း ဆက်သွယ်မေးမြန်းရာတွင် ဖြေကြားခဲ့သော်လည်း မဲဆန္ဒနယ်အချို့တွင်သာ ပြင်ဆင်ပေးကြောင်း သိရပြီး ရပ်/ကျေး ကော်မရှင် အများစုမှာမူ မြို့နယ်နှင့် ခရိုင်ကော်မရှင်အဖွဲ့များသို့ ဆက်သွယ်ပြင်ဆင်ရန် အကြောင်းပြန်ကြောင်း သိရသည်။

''ရန်ကုန်တိုင်း ဒေသကြီးမှာတောင် တစ်နေရာနဲ့တစ်နေရာ မတူပါဘူး။ ပါသင့်တဲ့လူတွေ ပါမလာတာ၊ မပါသင့်တဲ့သူတွေ ပါလာတာ အများကြီးတွေ့ နေရပါတယ်။ နယ်တွေမှာဆိုရင် ဒီထက်ဆိုးတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ကို တင်ပြပြီး ပြင်ဆင်နိုင်ဖို့ လုပ်သွားမှာဖြစ်ပါတယ်'' ဟု စည်းရုံးရေး တာဝန်ခံတစ်ဦးက ပြောပါသည်။
EMG
မဲစာရင်းကွဲလွဲမှု ရပ်/ကျေး ကော်မရှင်များကြောင့်ဟုဆို မဲစာရင်းကွဲလွဲမှု ရပ်/ကျေး ကော်မရှင်များကြောင့်ဟုဆို Reviewed by သစ်ထူးလွင် on 16:14 Rating: 5

4 comments:

Anonymous said...

ဒါ ကြားဖြတ်ရွေးကောက်ပွဲမဲဆန္ဒနယ်မြေတွေမှာ အားလုံးဖြစ်နေတာပါ..
မဲစာရင်းတွေကို ဘယ်သူကပြုစုသလဲ..ရပ်/ကျေးကော်မရှင်ကစီစစ်ရမယ်..
အတည်ပြုပြီး မြို့နယ်ကိုတင်ပြရမယ်..ပြီး ပြည်နယ်..ပေါ့...
ရပ်/ကျေးကလုပ်နေတာတွေဟာ...အုပ်ချုပ်ရေးမှူးဆိုသူတွေရဲ့ အမိန့်နဲ့..
အုပ်ချုပ်ရေးမှူးတွေကလည်း...ကြံ့ဖွတ်ပါဘဲ...
အဲဒီတော့မှန်ပါအုံးမလားဗျာ...လက်တွေ့/ကိုယ်တွေ့/လက်ရှိအခြေအနေ
ဖြစ်လို့ ကျန်တာ/မှားတာ/သေတာတွေကို ထည့်လို့ရတယ်..
မထည့်လို့ရပါတယ်...လုပ်ချင်သလိုလုပ်လို့ရနေတယ်...
ဒါတွေဟာ သူတို့ဖိအားကြောင့်ဖြစ်ကြောင်း သိစေအပ်ပါတယ်..

lwannaymie said...

မကောင်းတဲ့ဖွတ်ကြောင်တွေကို...ဘုရားရိုက်လိမ့်မယ်။
ကံဆိုတာ..အနိမ့်အမြင့်ရှိပါတယ်...အောက်လမ်းနည်းဆိုတာ၊တစ်သက်လုံးမနိုင်ပါဘူး။

Bravo said...

ကော်မရှင်ရဲ့ စွမ်းဆောင်မှု အရည်အချင်းကို အများပြည်သူတွေ ကွက်ကွက်ကွင်းကွင်းမြင်သာအောင် ပြသနေပါတယ်။ အားပေးတော်မူကြပါ။

Myanmar said...

မင်းတို့အတွက် နောက်ဆုံးထွက်သက်နီးနေဘီ။ ။

Powered by Blogger.