တရားရုံးလွှတ်တော် ရှေ့နေ ဦးကိုနီ နှင့်တွေ့ဆုံခြင်း

ဧပြီ ၁ရက်နေ့တွင် ကြားဖြတ်ရွေးကောက် ပွဲကျင်းပတော့ မည်ဖြစ်သည်။ ကြားဖြတ်ရွေးကောက် ပွဲတွင် မဲဆန္ဒပေးရေး  နှင့်ပတ်သက်၍ နိုင်ငံရေးပါတီ များ၊ ပြည်သူလူထု   တို့ကို ဗဟုသုတရစေရန် တရား ရုံးချုပ်ရှေ့နေ ဦးကိုနီက လိုက်လံ ဟောပြော လျက်ရှိ သည်။ အလားတူ လာမည့် ရွေးကောက်ပွဲမှာ မဲဘယ် လိုပေးမှာလဲ  စာအုပ်ကို ရေးသားထုတ်ဝေခဲ့သော ဆရာ ဦးကိုနီကို ကြားဖြတ် ရွေးကောက်ပွဲ နှင့် ပတ်သက်၍ ဗဟုသုတရ စေရန် ဖလားဝါးနယူးစ်ဂျာနယ်က တွေ့ ဆုံမေးမြန်း ခဲ့ပါသည်။

မေး- ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူ တွေရဲ့အခန်းကဏ္ဍက ဘယ်လောက်အရေးပါသလဲ ဆရာ။

ဖြေ- ပြည်သူက ရွေးကောက်ပွဲမှာ ဘယ်သူနိုင်သင့်တယ်။ အမတ်ဖြစ်သင့် တယ်လို့ ဆုံးဖြတ်ပေးမှာ ဆိုတော့ ပြည်သူလူထုရဲ့  အခန်းကဏ္ဍက အရေးပါတယ်။  ပြည်သူကို မဲလာပေးတဲ့ သူလို့ ဒါလောက်ပဲ မမြင် သင့်ဘူး။ ဆုံးဖြတ်ပေးမှာ ပြည်သူ တွေ လို့မြင်ရမှာ ရွေးကောက် ပွဲလွတ်လပ် သန့်ရှင်း တရားမျှတဖို့ဆိုရင် ပြည်သူတွေက တရားသဖြင့် သူတို့ဆန္ဒ ဘာပါလို့ ဖော်ထုတ်ခွင့် ရဖို့က အဓိက အကျဆုံးဖြစ်တယ်။ ပြည်သူလူထု ကို ခင်ဗျား တို့ရင်ထဲက ဆန္ဒအတိုင်း ထုတ်ဖော်ခွင့် ရှိတယ်။ ခင်ဗျား တို့ထုတ်ဖော်ထားတဲ့  ဆန္ဒအတိုင်း ကျွန်တော်တို့ဘက် က အမှန်အတိုင်း ရေတွက်  ဆုံးဖြတ်ပေးမယ်ဆိုရင် ဘာမှပူစရာမရှိဘူး။

မေး- မဲပေးပိုင်ခွင့်ရှိသူတွေ မဲစာရင်းမှာမပါဘဲ ကျန် နေခဲ့တဲ့အပေါ် ဆရာဘယ်လိုမြင်လဲ။

ဖြေ- လွတ်လပ် သန့်ရှင်းတရားမျှတဖို့ဆိုရင် ပထမ ဆုံးမဲစာရင်းတွေက စတယ်။ မဲစာရင်းပြုစုကတည်းက မျှမျှတတပြုစုရမယ်။ ရွေးကောက်ပွဲ  ဥပဒေ၆(ခ)အရ အသက်(၁၈)နှစ် ပြည့်ပြီးတိုင်း မဲပေးခွင့်ရတာ မဟုတ် ဘူး။ မဲစာရင်းမှာ သူ့နာမည်ပါမှ မဲပေးခွင့်ရမယ်။ဒီ အချက်က သိပ်အရေးကြီးတယ်။ မဲပေးခွင့်ဆိုတာ နိုင်ငံသားက ကိုယ့်ကို အုပ်ချုပ်သူကိုရွေးတာ ဒီအခွင့်အရေး ကသိပ်အရေးကြီးတာ။ မအူပင်မှာ သွားဟောတဲ့အ ခါ မဲစာရင်းမှာ နာမည်မပါတာ။ နောက် အစု လိုက်မပါ တာ။ ပါတော့ပါတယ်။ မှတ်ပုံတင်လွဲတယ်။ နာမည်လွဲ တယ်။ အဖေနာမည်မှားတယ်။ တစ်ခုမဟုတ် တစ်ခု လွဲနေတယ်။ ထပ်နေတာတွေရှိတယ်။ သေတဲ့ သူတွေ လည်းပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေ ပါနေ တယ်။ ပျမ်းမျှ ၃၄ရာခိုင်နှုန်း  လွဲနေတယ်။ ဒါဟာ မဖြစ်သင့်ဘူး။ ရွေးကောက်ပွဲ   တရားမျှတဖို့က မဲစာရင်း မှန်မှ မဲပေးခွင့်ရှိသူတွေ  အားလုံးပါဖို့လိုတယ်။ ထပ်တာ တွေ။ သေတဲ့သူနဲ့ကလေးတွေက ဖျက်ပစ်လို့ရတယ်။ သို့သော်မဲပေး ခွင့်ရှိသူ တွေ အားလုံး မဲစာရင်းမှာပါဖို့က အဓိကပဲ။

မေး- မဲစာရင်းအမှန်ဖြစ်ဖို့ဘယ်သူတွေမှာ တာဝန်ရှိ လဲ။ မဲစာရင်းကောက်ယူရာမှာ ဘယ်လိုအားနည်းချက် တွေရှိနေလဲ။

ဖြေ- မဲပေးခွင့် ရှိသူတွေ  မဲစာရင်းမှာပါဖို့ ဘယ်သူက လုပ်ပေးရလဲဆိုတော့ ရွေးကောက်ပွဲဥပဒေနည်းဥပဒေ (၅)မှာမဲစာရင်းကို ရပ်ကွက် နှင့် ကျေးရွာ ကော်မရှင် အဖွဲ့ခွဲက တာဝန် ပေးအပ်ခံရသော  အဖွဲ့အစည်း (သို့ မဟုတ်) ပုဂ္ဂိုလ်တစ်ဦးဦး ကပြုစုသော အချက်အလက် ပေါ်မှာ အခြေခံပြီးပြုစုရမယ် လို့ပါတယ်။ တာဝန်ရှိ အဖွဲ့အစည်းဆိုတာ ဘယ်သူ့ကိုပြောတာလဲ တိတိကျကျ ရှင်းရှင်းလင်းလင်း ပါရမှာ။ ဒီကိစ္စက အန်ကယ့် အမြင်မှာ သိပ်လွယ်တယ်။  မြန်မာနိုင်ငံမှာ ဘယ်အရပ် မှာ ဘယ်သူနေတယ်ဆိုတာ  ကိုသိတဲ့ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရှိတယ်။ ငွေကုန် ကြေးကျခံပြီး အစိုးရဌာန တစ်ခု အနေနဲ့ ဖွဲ့ထားတာ သွားချင်တိုင်းသွား ပြောင်းချင်တိုင်း ပြောင်းလို့မှမရတာ။ တစ်ည တလေ အိပ်တာတောင် ဧည့်စာရင်းနဲ့ အိပ်ရတာ။ ဘယ်သူဘယ်အရပ် ဒေသမှာနေတာ၊ ၁၈နှစ်ပြည့်တာ။ မပြည့်တာ သိတဲ့ အစိုးရဌာန ဆိုင်ရာ ကိုတာဝန် ပေးလိုက်ပြီးတာပဲ။ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ စာရင်း အပေါ် အခြေခံပြီး မဲစာရင်းဆွဲရင်ပြီးတာပဲ။ မဲပေးခွင့်ဟာ သိပ် အရေးကြီးတဲ့အတွက် မဲပေးခွင့်ရှိ သူတိုင်း မဲပေးနိုင် အောင်ကော်မရှင်နဲ့ အစိုးရအဖွဲ့တို့က ဆောင်ရွက်ပေး ဖို့လိုပါတယ်။ အဲဒါမှ မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရ မယ်။ ဒါမှတရားမျှတ တဲ့ ရွေးကောက်ပွဲလည်း ဖြစ်မယ်။ သန့်ရှင်းတဲ့ ရွေးကောက်ပွဲ လည်းဖြစ်မယ်။

မေး- မဲပေးခွင့်ရှိသူ၊ ကိုယ်စားလှယ်အဖြစ် အရွေးခံ ခွင့်ရှိသူကို တမင်ရည်ရွယ်ချက်နဲ့ချန်ခဲ့ရင်ကော။

ဖြေ- မဲပေးခွင့်ကော အရွေးခံခွင့်ကောက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါတဲ့နိုင်ငံသားတိုင်း  ရဲ့မူလအခြေခံ အခွင့်အရေးမှာပါတယ်။ ဒီအခွင့်အရေးကို တမင်တကာ၊ တရည်တရွယ် ပိတ်ပင်ခံရတယ်  ဆိုရင်တော့ တရားမမှုကော၊ ရာဇဝတ်မှု ကော နှစ်မျိုးစလုံးနဲ့ စွဲလို့ရ တယ်။ ရာဇဝတ်ကြောင်း အရစွဲရင်တော့ သက်သေပြဖို့ ခဲယဉ်းတယ်။ တရားမကတော့ သိပ်မခက်ဘူး။ ကျွန်တော်မဲပေးခွင့်ရှိတယ်။ ကျွန်တော်သွားပြောတယ်။ မဲစာရင်းမှာထည့်မပေးဘူး။ နစ်နာတယ် ဒါကိုအရေး ယူပေးပါလို့ ပြောလို့ရတယ်။ မဲပေးခွင့်ရှိသူတိုင်းမဲ ပေး နိုင်အောင် ကော်မရှင်က လုပ်ပေးရမယ်။ ရွေးကောက်ပွဲ ဥပဒေပုဒ်မ-၈၄မှာ ကော်မရှင်က တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့လိုအပ်တဲ့ အကူအညီ အားလုံးကို အစိုးရဌာန အဖွဲ့အစည်း ပုဂ္ဂိုလ်များထံမှ ရယူနိုင်တယ် လို့ရေးထားတယ်။ အစိုးရကကော်မရှင်ကို ကူညီပေးရ မယ်။ နောက်ရွေးကောက်ပွဲမှာမဲစာရင်းမှန်ဖို့ လူဝင်မှု ကြီးကြပ်ရေး  နှင့်ပြည်သူ့အင်အား  ဝန်ကြီးဌာနက   ကော်မရှင်ကို ကူညီပေး ဖို့လိုတယ်။ ဥပဒေအရ ပြောရရင် မဲစာရင်းမှာ နာမည်မပါတာကို ရပ်ကျေးကော်မရှင် အဖွဲ့ခွဲက စီစဉ်ပြီးဖြည့်ပေးရင်ပြေလည်မယ်။ အဲလိုမှ မရရင် အချိန်မီရဖို့ ခက်တယ်။ နည်းဥပဒေနဲ့ဆိုင်တဲ့ အပိုင်းဖြစ်လို့ပြင်လို့ရပါတယ်။ မဲပေးခွင့် ဆိုတာ လူ တစ်ဦးချင်းနဲ့ဆိုင်တဲ့ အခွင့်အရေးရကို ရရမယ်။

    ကြိုတင်မဲ ပေးခွင့်ရှိသူပဲ ကြိုတင်မဲယူမယ်ဆိုရင် ဒီရွေးကောက်ပွဲ ဂုဏ်တက်မယ်....

မေး- နိုင်ငံတကာမှာ ကြိုတင်မဲကို သုံးကြသလား။

ဖြေ- အခိျု့နိုင်ငံ တွေမှာ ကြိုတင်မဲ မရှိဘူး။ စရိတ် စကများတယ်။ မဲညစ်လို့ရတယ်။ ကြိုတင်မဲကပေးခဲ့ပြီး ရင် ဒီမဲကို ကိုယ်မမြင်ရတော့ဘူး။ မဲရေတဲ့နေ့မှရောက် လာတာ။ အဲဒါကိုယ့် မဲဟုတ်မဟုတ်မ သိနိုင်ဘူး။ သံသယ ဖြစ်စရာ များလို့ ခွင့်မပြုတာ။ သို့သော်အခိျု့ ဒီမိုကရေစီ  နိုင်ငံတွေမှာ ခွင့်ပြုတယ်။ ဘာကြောင့်လဲ ဆိုတော့ မဲပေးခွင့်ဆိုတာ အရေးကြီးတဲ့  အခွင့်အရေး ဒီအခွင့်အရေးကို   လူတိုင်းကို ရစေချင်တယ်။  မီးဖွားနေ လို့မဲမပေးရဘူးဆိုရင် ဘယ်တရားမလဲ။ အိုနေပြီ မဲ မပေးနဲ့ မကျန်းမာလို့မဲမပေးနဲ့ဆို ဘယ်တရားမလဲ။ ဒါကြောင့် နည်းလမ်းတစ်လမ်း နဲ့ကြိုတင်မဲပေးခိုင်းတာ။ ကြိုတင်မဲဆိုတာ ခြွင်းချက်ပါ။ ဥပဒေရှိရင် ခြွင်းချက် ရှိတယ်။ ရွေးကောက်ပွဲ ဥပဒေက လူတိုင်းလူ တိုင်းဟာ မဲရုံလာပြီး မဲပေးရမယ်။ ဒါကဥပဒေ။သို့သော်မဲရုံကိုလာပြီး မဲမပေးနိုင်သူတွေရှိလို့ခြွင်းချက် ဆိုတဲ့ကြိုတင်မဲပေး ခိုင်းတာ။ ခြွင်းချက် ဖြစ်လို့ နည်းနည်း လေးပဲရှိရမယ်။ လူတိုင်းလူတိုင်းနဲ့မဆိုင်ဘူး။ ကြိုတင် မဲလိုက်ကောက်တာ တရားမဝင်ဘူး။

မေး- ကြိုတင်မဲပေးထားသူတွေ သံသယမရှိစေဖို့နဲ့ ကြိုတင်မဲနဲ့ပတ်သက်လို့ ပြဿနာတွေမရှိအောင် ဘယ်လိုဆောင်ရွက်သင့်လဲ။  

ဖြေ- အခုရွေးကောက်ပွဲက မမီတော့ဘူး။ နောက် ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ကြိုတင်မဲစိတ်ချ ရအောင် လူတွေလက်ထဲမှာ  မထားဘဲ ရပ်ကွက်ကျေးရွာ  ကော်မရှင်မှာ သော့ခတ်ထားတဲ့ ကြိုတင်မဲပုံးထား၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲမှာ လည်း ကြိုတင်မဲပုံးထား။ ကြိုတင်မဲမှန် သမျှ ဒီပုံးထဲထည့်ရင် ကြိုတင်မဲပေးထား သူတွေစိတ်ရှင်းတာပေါ့။ တရားမျှတဖို့ဆိုရင် ကြိုတင် မဲနည်းနိုင်သမျှ နည်းပါစေ။ ပေးခွင့်ရှိသူတွေ ပေးထား တဲ့ကြိုတင်မဲကို ရွေးကောက်ပွဲ ဥပဒေပါ အတိုင်း ရပ်ကျေး ကော်မတီက လာပို့ထားတဲ့ ကြိုတင်မဲကိုမဲရုံမှူး က မဲရုံဖွင့်တာနဲ့ အမတ်တွေရဲ့ ကိုယ်စားလှယ်တွေကို ဘယ်နှမဲရှိတယ်ဆိုတာကြေညာပါ။ ဒီမဲက ပိုလာစရာ ထပ်တိုးလာစရာမရှိဘူး။ ညနေ မဲရေတဲ့အချိန်မှာ ကြို တင်မဲပေး သူတွေကို ပုံစံ ၁၃နဲ့ တိုက်ကြည့်ပေးခွင့် မရှိသူတွေပေးထားရင် ကန့်ကွက်လို့ရတယ်။ ကြိုတင်မဲ ပေးခွင့်ရှိသူပဲ ကြိုတင်မဲယူမယ်ဆိုရင် ဒီရွေးကောက်ပွဲ ဂုဏ်တက်မယ်။

မေး- ဝန်ထမ်းတွေကြိုတင်မဲပေးခွင့်ရှိသလားဆရာ။

ဖြေ- ဝန်ထမ်းနဲ့ပတ်သက်လို့ရွေးကောက်ပွဲ ဥပဒေမှာ ပြဌာန်းထားတာမရှိဘူး။ အများနည်းတူပဲ ဝန်ထမ်း အားလုံး မဲရုံမှာမဲပေးရမယ်။ ရွေးကောက်ပွဲနေ့မှာ တာဝန် ပေးခံရတဲ့ ဝန်ထမ်းကလွဲရင် ကြိုတင်မဲပေးခွင့်မရှိဘူး။

မေး- လွတ်လပ်သန့်ရှင်းတရားမျှတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ မဲရုံမှူးတွေက ဘယ်လောက်အရေးပါသလဲ။ဘယ်လိုဆောင်ရွက်ရမလဲ။

ဖြေ- ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ မဲရုံမှူးတွေရဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးတယ်။ ဥပဒေပါ အတိုင်း တိတိကျကျ ဆောင်ရွက်ဖို့လိုတယ်။ ၆နာရီ မဲရုံဖွင့်တာနဲ့ ကြိုတင်မဲဘယ်လောက်ရှိတယ်ဆိုတာ ကြေညာပါ။ ပြီးရင် မဲပေးခွင့်ရှိသူ ဘယ်လောက် ရှိတယ်။ အလွတ်ပါလာတဲ့ မဲပြားအရေအတွက်ကို ပြောပါ။အမတ်ကိုယ်စားလှယ်တွေကို မှန်မမှန်ရေတွက်ခိုင်းပါ။တကယ်မဲပေးခွင့်ရှိသူ ဟုတ်မဟုတ်စစ်ဆေးပြီးမှ မဲပြား ထုတ်ပေးပါ။ တံဆိပ်တုံးမကျန်အောင်၊ လက်မှတ် မကျန်အောင် လုပ်ထားဖို့လိုတယ်။ ဥပဒေအရ ခွင့်ပြု ထားတဲ့သူကလွဲရင် မဲရုံထဲမှာ ဘယ်သူမှမရှိဖို့ လိုတယ်။ဒါကိုခွင့်မပြုရဘူး။ ရှိနေရင် မဲရုံကိုယ်စားလှယ်တွေက ဖယ်ခိုင်းပါ။ ဆောင်ရွက်ပေးတာမရှိရင် မှတ်တမ်းတင် ထားပါ။ မဲရေတွက်တဲ့ ချိန်မှာ မဲပုံးထဲကမဲနဲ့ လက် ကျန်မဲကို စာရင်းကိုက်ကြည့်ပါ။ မနက်ကယူလာတဲ့ မဲနဲ့မကိုက်ရင် မှတ်တမ်းတင်ထားပါ။ ကြိုတင် မဲပေး ထားသူတွေပုံစံ ၁၃နဲ့ကိုက်မကိုက်ကြည့်။ ပေးခွင့်မရှိ သူတွေပါရင် မှတ်တမ်းတင်ထားပါ။ ပယ်မဲကို အားလုံး မြင်အောင်ပြပြီးမှပယ်ပါ။ မဲရေတွက်ချိန်မှာ အရပ် သား ၁ဝဦးထက်မနည်း ရှိရပါမယ်။

မေး- မကြာမီကျင်းပမယ့် ရွေးကောက်ပွဲလွတ်လပ် သန့်ရှင်းတရားမျှတဖို့ ဘာတွေလိုအပ်သလဲ။

ဖြေ- မဲပေးခွင့် ရှိသူတိုင်းမဲစာရင်းမှာပါဖို့လိုတယ်။ကြိုတင်မဲပေးခွင့်ရှိသူကိုပဲ ကြိုတင်မဲယူပါ။ ဒါဆိုရင် ဒီရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာ တက်လာမယ်။ ၁၉၆၀ နောက်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပတာ ၉၀ ခုနှစ် ရွေးကောက်ပွဲနဲ့ ၂၀၁ဝ ရွေးကောက်ပွဲ နှစ်ကြိမ်သာရှိတဲ့ အတွက် ပြည်သူလူထုကို ရွေးကောက်ပွဲနဲ့ ပတ်သက် တဲ့ အသိပညာပေးတာ တွေလုပ်ရမယ်။ အရေးကြီး ဆုံးက ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ အဲဒီနေ့မှာ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ မှာပါတဲ့ အတိုင်းသာ တာဝန်ရှိသူတွေက  တိတိကျကျ  လုပ်ရင် ရွေးကောက်ပွဲ က သန့်ရှင်းတယ်။ တရားမျှတတယ်။ အဲဒီတာဝန်ရှိ သူတွေ ဥပဒေပါ အတိုင်းလုပ်ဖို့အတွက် ပါတီတွေ၊ မဲရုံ ကိုယ်စားလှယ်တွေ  ကဝိုင်းပြီး တွန်းအား ပေးကြတယ်။ ဒါဆိုရင် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာပါ။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ရန်ကုန်တိုင်းမ်
တရားရုံးလွှတ်တော် ရှေ့နေ ဦးကိုနီ နှင့်တွေ့ဆုံခြင်း တရားရုံးလွှတ်တော် ရှေ့နေ ဦးကိုနီ နှင့်တွေ့ဆုံခြင်း Reviewed by သစ်ထူးလွင် on 05:28 Rating: 5

2 comments:

Toe Toe said...

ဒီလို အသိပညာပေးက တစ်လလောက်ကြိုပြီး ထွက်သင့်တယ်ဗျာ၊ ခုလဲနောက်
မကျသေးပါဘူး။ပြည်သူတွေသိဘို့လိုတယ်။နေပြည်တော်ဝန်ထမ်းရပ်ကွက်တွေ
မှာလဲ ရပ်ကွက်ကောမရှင်တွေက သက်ဆိုင်သူတွေပေးတဲ့စာ၇င်းအတိုင်းမဟုတ်
ဘဲအိမ်ထောင်စုတွေလျော့ပြီးစာရင်းထွက်တယ်။အိမ်တွေကိုမှန်ု မမှန်မတ်လဆန်း
ကလိုက်ပြတော့စာရင်းပေးတဲ့အတိုင်းအကုန်ပါတယ်။ ၁၈-၃-၁၂ နေ့ကစာရင်း
လိုက်ပြတော့တိုက်တိုင်းနီးပါးရပ်ကွက်ရွေ့ပြောင်းလာသူတွေမပါတော့ဘူး။ပြောပြ
တော့ပြန်ထည့်ပေးပါ့မယ်လို့ပြောတယ်။ပါမပါတော့ထပ်သွားမေးရအုံးမယ်လို့မပါ
တဲ့သူတွေကပြောတာဘဲ၊ ဥပဒေတစ်ခုအပေါ်မှာလိုက်နာရင်းလွဲတာလေးတွေရှိတဲ့
သဘောလား။မသိရင်ခံလိုက်တော့လားမသိပါဘူး။တကယ်ကလွဲစရာမရှိဘူးလေ။ဘာ
ဖြစ်လို့လဲဆိုတော့ ၂၀၁၀ ကမဲပေးတဲ့မြို့နယ်ပါစာရင်းကောက်တာဆိုတော့၊နေပြည်တော်ရပ်ကွက်ပြောင်းတာလောက်တော့ပါသင့်တယ်။ခုတော့နေပြည်တော်
ကောင်စီဦးသိန်းညွှန့်အမိန့်နဲ့မဲပေးခွင့်ရှိသူတွေမကျန်အောင်ထည့်ဘို့ပြန်စစ်ဆေး
နေတယ်လို့၂၆-၃-၁၂ နေ့ညနေကသတင်းကြားတယ်။အဓိက က၀န်ထမ်းတွေပေါ့။

kmkomin3 said...

ဒါနဲ့များ နှစ်ထောင့်နဲ့တစ်ဆယ် သာပေးခဲ့တဲ့ ရွှေးကောက်ပွဲ မျှမျှတတ ရှိနေတာ အံ့ သြ လောက်ပါရဲ့

Powered by Blogger.