ပြည်သူ့အသံ ဂရုစိုက်နားထောင်ပါ


နိုင်ငံရေးစနစ် ပြောင်းလဲခြင်းနဲ့ အတူ ပညာရေးစနစ်ပါ ပြုပြင်ပြောင်းလဲရေးအတွက် လွှတ်တော်တွင်းလွှတ်တော်ပ ပြောဆိုဆွေးနွေးမှုတွေ အခုတလော အဆက်မပြတ် ကြားနေရတယ်။ ၀မ်းသာအားတက်စရာပါပဲ။
သန်ရာသန်ရာ အကြံပေးကြ

ပြည်သူလူထုထဲက စိတ်ဝင်စား သူတွေသာမက သားသမီး ပညာရေးအတွက် စိတ်ဝင်စားတဲ့ မိဘများကလည်း ဂျာနယ်တွေကတစ်ဆင့် ၀င်ရောက်ဆွေးနွေး အကြံပေးကြတာတွေ ဖတ်ရတယ်။ တချို့ကတော့ တစ်ခုလုံး ခြုံပြီး ဝေဖန်အကြံပြုတာမျိုး မဟုတ်ဘဲ ကိုယ်သန်ရာသန်ရာ အ ကြောင်းအရာတစ်ခုကို ထည့်သွင်း သင်ကြားပေးစေချင်ကြောင်း အကြံပြုကြတယ်။ ဥပမာတချို့က စိုက်ပျိုးရေးပညာသင်ပေးပါလို့ အကြံပြုပြီး တချို့က စက်မှုနည်းပညာ အခြေခံနဲ့ အိုင်တီပညာအခြေခံ သင်ပေးပါလို့ အကြံပြုတယ်။ ဒီလိုပဲ AIDS တားဆီး ကာကွယ်ရေးကိစ္စ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စ၊ လူ့အခွင့်အရေးတို့ ပြည်သူ့နီတိတို့လို လူမှုရေး ပညာရပ် ကိစ္စတွေလည်း မဖြစ်မနေ ပါဝင်သင့်တယ်လို့ အကြံပြုသူတွေလည်း ရှိကြတယ်။ စည်းကမ်းတကျ လမ်းဖြတ်ကူးရေးကို မူလတန်းအရွယ်ကတည်းက သင်ကြားပေးသင့်တယ်လို့  အကြံပြုသူလည်း ရှိတယ်။
ဂီတနဲ့ပန်းချီသင်ပေးပါ

ကလေးတွေ စိတ်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်စေဖို့ ငယ်စဉ်ကတည်းက ဂီတနဲ့ ပန်းချီ သင်ပေးပါ၊ နိုင်ငံတကာက ကျောင်းတွေမှာလည်း သင်ပေးတယ်။ ရှေးခေတ်က မြန်မာစာသင်ကျောင်းတွေမှာလည်း ပန်းချီဆရာတွေခန့်ပြီး သင်ကြားပေးပါတယ်လို့ တိုက်တွန်း နှိုးဆော်သူတွေလည်း ရှိ တယ်။ အကြံပေးချက်တွေ အားလုံးဟာ အဖိုးတန်တဲ့ အကြံပေးချက်တွေချည်း ဖြစ်တယ်။ ဒါပေမဲ့ သင်ရိုးညွှန်းတမ်းထဲမှာ အားလုံးပါအောင် ထည့်ဖို့ဆိုတာတော့ ဖြစ်နိုင်ဖွယ် မရှိဘူးလို့ ထင်ပါတယ်။ ကျောင်းသုံးစာအုပ် ပြုစုရေးသားတဲ့အခါမှာ ပညာ ပေးတဲ့ အကြောင်းအရာတွေချည်း တန်းစီပြီး ထည့်သွားလို့ မဖြစ်ပါဘူး။ စာသင်ရတာ ပျော်စရာဖြစ်အောင် ပေါ့ပါးတဲ့ အကြောင်းအရာ လေးတွေလည်း ညှပ်ပြီး ထည့်ပေးရပါတယ်။
ကျွမ်းကျင်သူနဲ့ တိုင်ပင်

ဘယ်အရွယ် ကလေးအတွက် ဘယ်လိုရေးပြီး ဘယ်လိုပေးရမယ်ဆိုတာကို သင်ရိုးညွှန်းတမ်းရေးဆွဲတဲ့ ပညာရှင်များသာ သိနိုင်ပါတယ်။ လူတိုင်း ၀င်ရေးလို့ မရပါဘူး။ မူလတန်း ကလေးတွေအတွက် ပြဋ္ဌာန်းစာအုပ် ပြုစုရေးသားမယ်ဆိုရင် သင်ကြားရေး၊ စိတ်ပညာ ကျွမ်းကျင်သူတွေ၊ ကလေး စိတ်ပညာပါရဂူတွေ၊ မူလတန်းဆရာ၊ ဆရာမတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီးမှ သင်ရိုးညွှန်းတမ်း ပညာရှင်တွေက ရေးဆွဲကြရမှာဖြစ်တယ်။ ဘယ်အရွယ်ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက ဘယ်လောက်ရှိတယ်ဆိုတာကို ကလေးစိတ်ပညာ ပါရဂူတွေမှ သိပါတယ်။ သူတို့နဲ့ ညှိ နှိုင်းခြင်းမပြုဘဲ လုံးဝ မရေးသင့်ပါဘူး။
စမ်းသပ်ခဲ့တဲ့ အကြိမ်တွေ

သင်ရိုးညွှန်းတမ်း ရေးဆွဲပြုစုရာမှာ ကလေး အသက်အရွယ်အလိုက် ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး သင်ရိုးညွှန်းတမ်း ရေးဆွဲရေး ပညာရှင်များကသာ ရေးဆွဲရမယ်ဆိုတဲ့မူကို အခိုင်အမာ ချမှတ်ပြီး ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ဟိုကပြော၊ ဒီကပြောနဲ့ ပြောသမျှတွေနောက်လိုက်နေရင် ငါးပွက်ရာ ငါးစာချသလို အချိန်သာကုန်ပြီး ငါးရဖွယ်မရှိ ဖြစ်တတ်တယ်။ ပညာရေးနဲ့ပတ်သက်ပြီး စနစ်သစ်ဆို စမ်းသပ်ခဲ့တဲ့ အကြိမ်တွေ မနည်းတော့ဘူး။ ကြားထဲက ကျောင်းသူ ကျောင်းသားတွေပဲ ဒုက္ခရောက်ကြရတယ်။

မပါမဖြစ်ပါရမယ့် သူတွေ

ဒီတစ်ကြိမ်တော့ သေသေချာချာ အချိန်ယူပြီး ဆောင်ရွက်သင့်တယ်။ တတ်သိနားလည်တဲ့ ပညာရှင်မှန်သမျှဆီက အကြံပြုချက်တွေ ရအောင် ယူသင့်တယ်။ လက်တွေ့ သင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေရဲ့ အသံတွေကိုပါ နားထောင်ဖို့ လိုပါတယ်။ ကာယကံရှင်တွေရဲ့ ဆွေးနွေး ဝေဖန်ချက်တွေကို ထည့်သွင်းမစဉ်းစားဘဲနဲ့ မှန်ကန်တဲ့ စီမံကိန်းတစ်ရပ် ပေါ်ထွက်မလာနိုင်ဘူး ဆိုတဲ့အချက်ကို မမေ့သင့်ကြဘူး။ ပညာရေးမှာ ကာယကံရှင်က ကျောင်းသားရယ်၊ ဆရာရယ်၊ မိဘရယ် ဖြစ်တယ်။ ဒီသုံးဦးဟာ ပညာရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးညှိနှိုင်းပွဲ မှန်သမျှကို မပါမဖြစ် ပါဝင်ရမယ့်သူတွေ ဖြစ်တယ်လို့ ဆိုချင်တယ်။
ဂရုမစိုက်ခဲ့ကြလို့
မှားမှားမှန်မှန် ခိုင်းရင်ခိုင်းတဲ့ အတိုင်းလုပ်ဆိုတဲ့ တစ်ပါတီ အာဏာရှင်စနစ်အောက်မှာ ဘာတစ်ခုမှ ထိရောက် အောင်မြင်အောင် မလုပ်နိုင်ခဲ့ကြတာဟာ ပါဝင်ပတ်သက်နေတဲ့ ကာယကံရှင်တွေရဲ့ အသံတွေကို လုံးဝ ဂရုမစိုက်ခဲ့ကြလို့ ဖြစ်တယ်။ ရှေးရှေးက ၀န်ကြီးတစ်ပါး နောက်တော်ပါ တွေနဲ့ တိုင်းခန်းလှည့်လည်ရာမှာ အညာဒေသရောက်တော့  ဒီနှစ်မိုးလေ မမှန်လို့ ထန်းအထွက်နည်းတဲ့အတွက် ထန်းသမားများ ထန်းလျက် ကုန်သည်များ စားဝတ်နေရေးခက်ခဲကြောင်း ဒေသခံတွေက တင်ပြကြတယ်။ အဲဒီတော့ ၀န်ကြီးက ထန်းသမားတွေကို မျိုးကောင်းမျိုးသန့်တွေ ထုတ်ပေးလိုက်၊ မြစ်ရေတင်စီမံကိန်းကို ဒီဒေသအရောက်တိုးချဲ့လိုက်ဖို့ အမိန့်တော် ချမှတ်လိုက်သတဲ့။

သင်ရိုးညွှန်းတမ်း ရေးဆွဲပြုစုရာမှာ ကလေးအသက်အရွယ်အလိုက် ကျွမ်းကျင်သူပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး သင်ရိုးညွှန်းတမ်း ရေးဆွဲရေး ပညာရှင်များကသာ ရေးဆွဲရမယ်ဆိုတဲ့ မူကို အခိုင်အမာ ချမှတ်ပြီး ဆောင်ရွက်ဖို့ အရေးကြီးပါတယ် ...

လူမှန်နေရာမှန်

ဒီမိုကရေစီခေတ်ကို မဖြစ်ဖြစ်အောင် ထူထောင်မယ်ဆိုရင်တော့ ထန်းမျိုးစေ့ကောင်း ထုတ်ပေးလိုက်ဆိုသူတွေနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘယ်နေရာ ဘယ်ဌာန ဘယ်စီမံကိန်းမျိုးမှာမဆို တကယ်တတ်သိနားလည်တဲ့ ပညာရှင်တွေနဲ့ လူမှန်နေရာမှန်ဖြစ်ဖို့ လိုတယ်။ စီမံကိန်းတွေ ရေးဆွဲချမှတ်ရာမှာလည်း ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ပတ်သက်နေကြတဲ့ ကာယကံရှင် ပြည်သူလူထုဆီက အကြံပေးချက်၊ တင်ပြချက်တွေကို ဂရုစိုက်နားထောင် ကြဖို့လိုပါတယ်။
၁၉၅၃ ခုနှစ်က စာအုပ်

ရှေးခေတ် ပထမတန်း ဖတ်စာအုပ်ထဲမှာ ပါတာလေးတွေကို နမူနာအဖြစ် ရေးပြလိုက်ပါတယ်။ မြန်မာဖတ်စာသစ်လို့ ခေါ်ပါတယ်။ အဖုံးမှာ ဒေါင်းတံဆိပ်ကြီးပါလို့ ဒေါင်းဖတ်စာလို့ ခေါ်ကြတယ်။ စာမျက်နှာ ၁၀၂ မျက်နှာပါပြီး တန်ဖိုး K 1-50 (တစ်ကျပ် ငါးဆယ်ပြား)ဖြစ်တယ်။ Approved by Text Book Committe, Rangoon လို့ဖော်ပြပြီး British Burma Press. Rangoon Gazette Limited က ၁၉၅၃ ရိုက်နှိပ်ထားတာ ဖြစ်တယ်။ ပထမ နှစ်မျက်နှာက ဗျည်းနဲ့သရတွေကို သင်ထားတာဖြစ်ပြီး သင်ခန်းစာ တစ်က လေ့ကျင့်ခန်း လုပ်ခိုင်းပါတယ်။ က ကာ ကား၊ ကိ ကီ ကီး ခြောက်လုံးနဲ့ ၀ါကျတွေ ရေးထားပါတယ်။
ဤပုဝါနီ၏။
မီးရထားစီးပါ။
မရီငါးမစားရ။
မနီသတိထားပါ။
အနာမထိရ။
ထီးပါသလား။
သူငယ်များနှင့် ဖားတို့အကြောင်း
သင်ခန်းစာ ၂ ကျတော့ ကု ကူ ကူး၊ ကေ ကေ့ ကေးတို့ သင်ပါတယ်။ လေ့ကျင့်ခန်းက -
ဘဦးရေကူးနေသည်။
ဆေးကု၍မရပါ။
မနေ့က လေလာ၏။
အသီးနုနု မခူးရ။
ဥတုရာသီအေး၏။ တို့ဖြစ်တယ်။
သင်ခန်းစာ ၇ ကစပြီး ၀ါကျ တိုလေးတွေစသင်ပါတယ်။ 'သူငယ်များနှင့် ဖားတို့အကြောင်း' ဆိုတဲ့ ခေါင်းစဉ်အောက်မှာ -
၁။ သူငယ်များသည် ရေကန်တစ်ကန်အနီး၌ ကစားကာနေကြ၏။
၂။ ထိုကန်ထဲက ဖားအများနေကြသတည်း။
၃။ ထိုအခါ ဖားကြီးက မောင်တို့သည် သူတစ်ပါးနာအောင်၊ သေအောင် မကစားရာ။ ဆင်ကျီစားရာ ဆိတ်မခံသာပါဟုဆို၍ ရေထဲသို့ ငုပ်သွားလေ၏။
တန်ခူးရက်မစုံ ၂၉

သင်ခန်းစာ ၉ ကျတော့ တြိချိုး သဖြန်ဆိုတဲ့ ခေါင်းစဉ်နဲ့ - 'ရွှေလမှာ ယုန်ဝပ်လို့၊ ဆန်ဖွပ်သည့်အဖိုးအို၊ ဟောကြည့်ပဆို၊ ဆိုသာဆို ပိုမိုသည့် စကား၊ ကလေးအငိုတိတ်အောင်၊ အရိပ်အယောင်ပြတယ် ဖိုးလနတ်သား' ကဗျာကို စ မိတ်ဆက်ပေးတယ်။ သင်ခန်းစာ ၁၂ က 'ပျိုလေးတို့အိမ် ဦး၊ ဆပ်သွားဖူးတဲ့ တစ်ရုံနှစ်ရုံ၊ ကျေး တွေကအုံ' ဆိုတဲ့ကဗျာပါ။ သင်ခန်းစာ ၁၆ က 'အတတ်ပညာ၊ ကြိုးစားကာ သင်ပါမေ့သားလှ' အစချီတဲ့ ပညာအကြောင်း သံပေါက်ပါ။ သင်ခန်းစာ ၂၀ က ယုန်နှင့်လိပ်တို့ အကြောင်း ပုံပြင်ပါ။ သင်ခန်းစာ ၂၆ ကျတော့'သန့်ရှင်းသော အ၀တ်ကိုဝတ် ခြင်းအကြောင်း' ခေါင်းစဉ်နဲ့ ၀ါကျတိုလေး ရှစ်ခု ရေးထားတယ်။ ၃၇ မှာတော့ 'ဥဒေါင်းယောင်ဆောင်သော ကျီးအကြောင်း' ပုံပြင်ဖြစ်တယ်။ ၄၁ က '၀ံပုလွေနှင့်သိုးငယ်အကြောင်း' ပုံပြင် ပါ။ ၅၁ က'ကျီးနှင့်မြေခွေးအကြောင်း' ပုံပြင်ပါ။ ၅၆ ကျတော့ 'တန်ခူးရက် မစုံ ၂၉၊ ကဆုန်ရက်စုံ ၃၀' ဆိုတဲ့ မြန်မာလများအကြောင်း ဖြစ်ပါတယ်။

အတုယူနိုင်ကြပါစေ

သင်ခန်းစာ ၆၀ ကနေအကြောင်း၊ ၆၂ က လနှင့်ကြယ်များ အကြောင်း၊ နောက်ဆုံး သင်ခန်းစာ ၆၄ ကတော့ ညီက အစ်ကိုထံ ပေးစာဆိုတဲ့ ပေးစာရေးနည်း ဖြစ်ပါတယ်။ အဲဒီနောက်တော့ ဆရာများ သတိပြုရန် အမှာစာဆိုပြီး သင်ခန်းစာများ သင်ကြားနည်း ကို ရှင်းလင်းပြောထားတာ ဖြစ်ပါတယ်။ ဒီဖတ်စာလေး ကြည့်လိုက်ရုံနဲ့တင် သင်ရိုးညွှန်းတမ်းတို့ ဖတ်စာတို့ ရေးဆွဲပြဋ္ဌာန်းရာမှာ သက်တမ်းအလိုက် ဘယ်လိုအဆင့်ဆင့် ပေးသွားရမယ်ဆိုတာ သိသာထင်ရှားပါတယ်။ ကောင်းတာတွေ အတုယူနိုင်ကြပါစေ လို့ သတိပေး နှိုးဆော်လိုက်ရပါတယ်။
Written by လူထုစိန်ဝင်း    
EMG
ပြည်သူ့အသံ ဂရုစိုက်နားထောင်ပါ ပြည်သူ့အသံ ဂရုစိုက်နားထောင်ပါ Reviewed by သစ်ထူးလွင် on 04:32 Rating: 5

7 comments:

Toe Toe said...

ဆရာစိန်ဝင်းရေ..တပ်ကလူတွေကသူတို့ကိုယ်သူတို့ဘုရားအလောင်းသိဒ္ဓသမင်း
သားလိုမွေးကထဲကအဌာရသ(၁၈)မျိုးကိုမသင်ဘဲ တတ်တယ်လို့ထင်နေကြတဲ့
ဒေါင်းယောင်ဆောင်တဲ့ကျီး တွေပါဗျာ။ခုထိကို အသိစိတ်တွေကလောဘ၊ဒေါသ
မောဟတွေနဲ့ နေရာကောင်းမှန်သမျှ၊ရာထူးကြီးတာမှန်သမျှသူတို့ဘဲယူ ပြီးအုပ်
စုဖွဲ့ဗိုလ် ကျနေကြတာ တိုင်းပြည်ပျက်တာပါဘဲ။ နိုင်ငံ့ခေါင်းဆောင်တွေကလဲ
အာဏာကိုချုပ်ကိုင်ထားချင်တဲ့သူတွေများတော့တပ်ကအရာရှိအားလုံးဒီစိတ် မျိုးမွေးပေးထားကြတယ်အရပ်ဘက်မှာတပ်ပြောင်း(အပြစ်ရှိုလို့ရာထူးမတက်သဖြင့်အရပ်ဘက်ရွေ့ ခံရ)တွေနေရာတိုင်းကြီးစိုးနေသမျှတော့တိုင်းပြည်တိုးတက်မှာမဟုတ်
ဘူးဆိုတာသေချာပါတယ်။စားဘို့ကလွဲပြီးဘာမှမသိတဲ့သူတွေပါ၊လုပ်တာလဲတလွဲပါ။

net man said...

ကျွန်တော်တို့ပညာရေးကို စနစ်တကျဖျက်ဆီးခံထားရပါပြီးပါပြီ။ အရက်အလွန်အကျွံသောက်မှုကြောင့် လက်မှတ်တောင်မထိုးနိုင်သူက ပညာရေးရဲ့ဒုတိယ၀န်ကြီးတဲ့ ဗမာပြည်ပညာရေးကို တိုးတက်အောင်လုပ်တော့မှာပေါ့ဗျာ လက်မှတ်ကို သူ့တပည့်အောင်ကျော်ဦးနဲ့ အေးမြင့်တို့က လက်မှတ်ထိုးပေး မှတ်ချက်ကလည်း အောင်ကျော်ဦးဘဲ အဲဒီလို လူမျိုးတွေက မြန်မာတစ်နိုင်ငံလုံးရဲ့ ပညာရေးကိုရောက်လာတော့ ဘယ်လိုအတွေးအခေါ်တွေနဲ့ ပညာရေးကိုလုပ်မယ်ဆိုတာ စဉ်းစားကြည့်ပါတော့ဗျာ

007747 said...

တပ်ဆိုတဲ့နာမည်အတိုင်း အကုန်လုံးကိုတတ်‌နေ‌တော့တာဘဲ။
တပ်မ‌ကောင်းအရပ်ပို့ဆိုသလို မ‌ကောင်းတာ‌တော်‌တော်များများ အရပ်ဘက်မှာလာစု‌နေ‌တော့သွားခြဲ့ပီ‌လေ(၂၅)နှစ်။ ခုလည်း တိုင်ချင်ရာတိုင်ဆိုတဲ့အာဏာရူးတပ်ကလူ‌တွေ‌တော်‌တော်များများ‌တွေ့‌နေရတုန်းဘဲ။ ထိ‌‌ရောက်တဲ့အ‌ရေးယူမှုမရှိ‌သေးသ၍‌တော့ လူမှန်‌နေရာမှန်ရဖို့မမြင်ဘူး ဆရာစိ‌န်‌ရေ။

net man said...

ယခုဦးအေးကြူသည် အမှတ်(၃)အခြေခံပညာဦးစီးဌာနတွင် ရှိနေစဉ် ညစဉ်အိမ်ကိုတောင်ပြန်မအိပ်ပဲ အလုပ်အကြောင်းပြကာ ညစဉ်ရုံးမှာဘဲ သူ့တပည့်အရက်သမားများနဲ့အတူ မူးရူးနေခဲ့သူတစ်ဦးဖြစ်ပါသည်။ သူ၏ တပည့်တပန်းများသည်လည်း အရက်သမားများဖြစ်ကြပါသည်။ ညစဉ် ရုံးသို့ (၂း၀၀) (၃း၀၀)နာရီ ကြမှ ပြန်လာခဲ့သူဖြစ်ပါသည်။ အခြေခံ(၃)တွင် ဖြစ်ပျက်သမျှကို ရုံးအတွင်းနေထိုင်သူများ သိရှိကြပြီးဖြစ်ပါသည်။ ရုံးအစောင့် ဦးဝင်းတင် အသိဆုံးဖြစ်ပါသည်။ ရုံးတွင်းပြသနာများကို မည်သူမျှ မပြောရဲမဆိုရဲရ်ျသာ မည်သူမှ မပြောကြခြင်းဖြစ်ပါသည်။ ဦးအေးကြူသည် စစ်တပ်မှ ဗိုလ်မှူးဘ၀ဖြင့် ပညာရေးဌာနကို ပြောင်းလာသူဖြစ်ပါသည်။ သူစစ်တပ်ထဲရောက်မှ (၁၀)တန်းအောင်ခဲ့ပြီး ဥပဒေဘွဲ့ ရခဲ့ပါသည်။ ပညာရေးဌာနရောက်မှ ဌာနမှ အော်တော်မစ်တစ် ဘီအီးဒီဘွဲ့အပ်နှင်းခဲ့ရပါသည်။ အဲဒီလိုပုဂိုလ်မျိုးတွေ ပညာရေးဝန်ကြီးဌာနရဲ့ ဒုတိယ၀န်ကြီးနေရာကို ဘယ်လို ဘယ်ပုံရခဲ့သလဲဆိုတာတော့ မသိကြပါဘူး တကယ်တန်းပြောရလျှင် ကျွန်တော်တို့မြန်မာပြည်ကို စနစ်တကျဖျက်ဆီးခံနေရတာပါ။

Leo said...

အထက်က ဆရာရေ။ သေချာတာပေါ့ဗျာ။ သူတို့စစ်တက္ကသိုလ်က အကုန်သင်ပေးလိုက်တာဆိုပြီး အလွန်ကိုသွေးနထင်ရောက်နေကြတာလေ။ အဲဒီ့စိတ်တွေနဲ့ ဆိုင်ရာပညာရှင်တွေကို နေရာမပေးလို့ကတော့ ဘယ်လိုမှ တိုင်းပြည်တိုးတက်မှာ မဟုတ်ပါဘူး။

saw 00 said...

ကိုယ့် ကိုယ်ကို မသိ မှန်း မသိတဲ့ သူ က စစ်အစိုးရဘဲ ။

Richard said...

ဆရာကို ဆရာမှတ်ဖို့လိုတယ် တနိုင်ငံလုံး အာစရိယဂိုဏ်းသင့်နေပြီ အာဏာပိုင်ဆိုတဲ့တိုင်းပြည်ကိုမောင်ပိုင်စီးထားတဲ့ အစိုးရဆိုတဲ့လူတွေက
ပြည်သူတွေအပေါ်စေတနာရှိချင်ယောင်ဆောင်ပြီး ဆရာတွေကိုနှိပ်ကွပ်ပြတယ် တချို့ကျောင်းသားမိဘတွေက အစိုးရပြောတာအဟုတ်မှတ်ပြီး ဆရာ/ဆရာမတွေကို အနိုင်ကျင့်တယ် ရန်သူလိုဆက်ဆံတယ် ကိုယ့်သားသမီးတွေရဲ့ဆရာလို့မမြင်တော့ဘူး ကလေးတွေ စာမတတ်လို့ အတန်းချထားရအောင်လို့ပြောရင် လက်မခံဘူး
တစ်နှစ်တစ်တန်းအောင်ခွင့်ရှိတယ် တတ်တတ် မတတ်တတ် အတန်းတက်ချင်တယ် ကလေးတွေမလိမ်မာလို့ဆုံးမယ်ဆိုရင် လက်မခံဘူး
ရိုက်ရင် သို့မဟုတ် သူတို့သဘောမကျရင် တိုင်မယ်တောမယ်လုပ်တယ်
ကျောင်းဆိုတာ နိုင်ငံရေးစင်မြင့်မဟုတ်ဘူး ပညာရေးတတ်ရေးကိုရပိုင်ခွင့်
တစ်ခုလိုတောင်းဆိုလို့မရဘူးပညာသင်ကြားခွင့်ကိုသာတောင်းဆိုလို့ရတယ်
ဆရာဆိုတာ ကိုယ့်ကိုဆရာလို့သတ်မှတ်မှတပည့်လို့သတ်မှတ်ရတာ
မိဘဆရာပူးပေါင်းမှ ကလေးပညာရေးကောင်းမှာပေါ့ ဒီဆရာကိုမယုံကြည်ရင် ဒီကျောင်းမှာမထားနဲ့ပေါ့ ပညာရေးဟာအရောင်းအ၀ယ်လုပ်လို့မရဘူး တောင်းယူလို့မရဘူး အနိုင်ကျင့်
လုယူလို့မရဘူး ဆရာတွေကိုဝယ်ယူနေကြတာ ဖျက်ဆီးနေကြတာ မိဘတွေပဲ မေးခွန်းမပေးတဲ့ တကယ်သင်တဲ့ဆရာဆိုရင် သဘောမကျဘူး
သူတို့ကလေးကိုဦးစားပေးတဲ့ စာမေးပွဲအောင်အောင်လုပ်ပေးတဲ့ ဆရာကိုပဲ
သူတို့လိုချင်ကြတယ်

Powered by Blogger.