မြေပိုင်ရှင်များကို ပြန်လည် တရားစွဲဆိုသည့် ရွှေနဂါးမင်း ကုမ္ပဏီ

ရွှေနဂါးမင်း ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာနှင့် ဇေယျာရွှေမြေဘောလုံး အသင်း ပိုင်ရှင်ဖြစ်သူ ဦးသူရိန် သည် စစ်ကိုင်းတိုင်း မုံရွာတောင် ကူးတို့ ကုန်းကွင်းတွင်ရှိသည့် မြေပိုင်ရှင် ကိုးဦးတို့၏ မြေနေရာများတွင် မုံရွာခရိုင် အားကစားကွင်း ဆောက်လုပ်ရန်ဟုဆိုကာ မြေပိုင်ရှင်များကို ကာလပေါက်ဈေးထက် နိမ့်ကျသော လျော်ကြေးငွေသာ ပေး၍ ၂၀၁၀ ခုနှစ်တွင် အဆိုပါ မြေနေရာများအား သိမ်းယူခဲ့ပါသည်။

အခုချိန်ထိ သိမ်းယူထားသော မြေနေရာများတွင် ခရိုင်အားကစားကွင်း တည်ဆောက်ခြင်း မရှိပဲ မြို့ပြအိမ်ယာစီမံကိန်းဟု ဆိုကာ  ကျပ်သိန်း ၄ဝဝ၊ ကျပ်သိန်း ၅ဝဝ စသည့် ဈေးနှုန်းများဖြင့် မြေနေရာများကို ရောင်းချခဲ့ကြသည်။ ထို့ကြောင့် ထို မြေပိုင်ရှင် ကိုးဦးအနက် သုံးဦးဖြစ်သည့် ဒေါ်စန်း၊ ဦးစိုးနိုင် နှင့် ဦးလှိုင်မြင့် တို့၏ မြေနေရာများသည် ကာလပေါက်ဈေး သိန်း ၅ဝဝ နှင့်အထက် ရှိသည့်အတွက် ထိုမြေပိုင်ရှင်များမှ ၄င်းတို့၏ မြေနေရာများကို ကျပ်သိန်း ၄ဝဝ ပေးရန် တောင်းဆိုခဲ့ကြသည်။ သို့သော် ရွှေနဂါးမင်း ကုမ္ပဏီမှ ပထမအကြိမ်တွင် ကျပ် ၂၅ သိန်း၊ ဒုတိယအကြိမ်တွင် ကျပ် သိန်း ၆ဝ နှင့် တတိယအကြိမ်တွင် ကျပ် သိန်း ၈ဝ သာ ပေးခဲ့သည့် အတွက် မြေပိုင်ရှင်များနှင့် ညှိနှိုင်းမှု အဆင်မပြေသောကြောင့် မြေပိုင်ရှင်များက ၄င်းတို့၏ မြေနေရာများမှ ဖယ်ရှားမပေးဘဲ နေခဲ့ကြသည်။ ထိုသို့ ဖယ်ရှားမပေးသောကြောင့် ရွှေနဂါးမင်း ကုမ္ပဏီ  ဥက္ကဌဖြစ်သူ ဦးသူရိန်မှ ကျူးကျော်မြေ ဖယ်မပေးမှု ဟု ဆိုကာ ထိုမြေပိုင်ရှင် သုံးဦးအား  မုံရွာ ခရိုင်တရားရုံး၌ ၂ဝ၁၁ ခုနှစ်တွင် စတင် တရားစွဲဆိုခဲ့ပါသည်။

" ဒီမြေက ကျွန်မတို့ ဘိုးဘွားပိုင်မြေပါ၊ ကျူးကျော်မြေ မဟုတ်ဘူး၊ ဒီမြေနေရာမှာ နေလာတာ နှစ်ပေါင်း ၆ဝ၊ ၇ဝ လောက်ရှိပြီ။  နှစ်တိုင်းလည်း ခြောက်လ တစ်ခါ ကျပ် ၅ဝဝ နဲ့ တစ်နှစ်ကို နှစ်ခါ မြေစာရင်းရုံးမှာ အခွန်ဆောင်ရတယ်။ ဟိုး တစ်ကျပ် နှစ်ကျပ် ခေတ်ကတည်းက ဆောင်လာတာ အခုထိပဲ။ အဲ့ဒီ စာရွက်တွေလည်း ရှိတယ်" ဟု မြေပိုင်ရှင် သုံးဦးအနက် ဒေါ်စန်း၏ သမီးဖြစ်သူက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

"အခုလို ကုမ္ပဏီ  က တရားစွဲတော့ မြေပိုင်ရှင်သုံးဦးဘက်က ဦးဝင်းဗိုလ် ဆိုတဲ့ ရှေ့နေကို ငှားတယ်။ သူ့ကို ငှားရမ်းခ က ကျပ် ၁ဝ သိန်းပေးရတယ်။ အဲ့ဒီ ၁ဝ သိန်းအပြင် စာရွက်စာတမ်းကြေး ဘာကြေး ညာကြေး ဆိုပြီး နောက်ထပ် ၁ဝ သိန်းလောက် ထပ်ပေးရတယ်"ဟု ၄င်းအမှုကို ဝိုင်းဝန်း အကူအညီ ပေးနေသူ တစ်ယောက်ဖြစ်သည့် မသီတာဝင်းမှ ပြောပြခဲ့သည်။

အဆိုပါ အမှုကို တစ်နှစ်ကျော်ကြာ ရင်ဆိုင်ခဲ့ရပြီး ၂ဝ၁၂ ခုနှစ် မတ်လ ၉ ရက်နေ့ တွင် မုံရွာခရိုင် တရားသူကြီး ဦးအုန်းသောင်းမှ မြေပိုင်ရှင်များကို မည်သည့် လျော်ကြေးငွေမှ မပေးဘဲ၂ လ အတွင်း ဖယ်ရှားပေးရန် အမိန့်ချမှတ်ခဲ့သည့်အတွက် မြေပိုင်ရှင် သုံးဦးမှာ အမှုရှုံးနိမ့်ခဲ့ရပါသည်။ ထို့ ကြောင့် မြေပိုင်ရှင်များက မကျေနပ်၍ နေပြည်တော် အထိ ဆက်လက်ပြီး အယူခံဝင်ရန် ပြင်ဆင်နေကြပါသည်။

အခုလို ရှုံးနိမ့်ပြီးနောက်ပိုင်း မုံရွာခရိုင် စ.ရ.ဖ မှ ဦးရဲမင်း သည် အမှုကို ဝိုင်းဝန်း အကူအညီ ပေးနေသူ တစ်ယောက်ဖြစ်သည့် မသီတာဝင်း နှင့် တွေ့ဆုံကာ အမှုကို သူကိုယ်တိုင် ဆက်လက် အကူအညီ ပေးမည်ဟု ပြောသွားခဲ့ပါသည်။

"သူ က ကျွန်မဆီကို နေပြည်တော် က သတင်းထောက်ဆိုပြီး လာတာ၊ နောက်တော့မှ စ.ရ.ဖ က ဖြစ်ကြောင်း ပြောတာ။ အဲ့တော့ ကျွန်မလည်း အကူအညီတောင်းလိုက်တယ်၊ နိုင်ငံတော် အဖွဲ့အစည်း တွေက လုပ်ပေးရင် ပိုကောင်းတာပေါ့ဆိုပြီး၊ သူကလည်း ဆက်ပြီး ဆောင်ရွက်ပေးပါ့မယ်၊ နေပြည်တော်ကလည်း သူတို ကို စုံစမ်းဖို့ တာဝန်ပေးထားပါတယ်လို့ ပြောပြီး နောက်နေ့ ကျတော့ ကျွန်မရဲ့ အစ်ကိုပါ ဆိုပြီး မြေပိုင်ရှင် ဒေါ်စန်းအိမ်ကို သွားပြီး အမှုနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ အကုန်ကို ယူသွားတယ်။ ၂၂ ရက်နေ့ ညနေ လာပေးမယ်ဆိုပြီး အခုအချိန်ထိ လာမပေးသေးဘူး။ အဲ့ဒီ ဦးရဲမင်းက ဆင်းရဲသားပြည်သူတွေ ဘက်က သူရပ်တည်ပေးပါ့မယ်၊ ပြည်သူတွေ အကျိုးကိုလည်း ဆောင်ရွက်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ့မယ်ဆိုပြီး တာဝန်ရှိသူတစ်ယောက် အနေနဲ့ ပြောသွားတာလေ၊ အဲ့ဒီတော့ သူက ဒီလို မတရားမှုတွေကို ပြည်သူတွေဘက်က ဆောင်ရွက်ပေးမယ်လို့ တော့ ကျွန်မအနေနဲ့ မျှော်လင့်ပါတယ်" ဟု
မသီတာဝင်း က ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

မြေပိုင်ရှင်များကို ပြန်လည် တရားစွဲဆိုသည့် ရွှေနဂါးမင်း ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးသူရိန်သည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ၏ သားဖြစ်ပြီး ရွှေနဂါးမင်း ကုမ္ပဏီက စစ်ကိုင်းတိုင်း မုံရွာတောင် ကူးတို့ ကုန်းကွင်းတွင်ရှိသည့် မြေနေရာများကို ကာလပေါက်ဈေးထက် ဈေးနှိမ်ပြီး လျော်ကြေးငွေများ ပေးကာ လိုက်လံ သိမ်းယူနေခြင်းကြောင့် ကျန်ရှိသည့် အသိမ်းဆည်းခံ မြေပိုင်ရှင်များ အနေနှင့်လည်း မကျေမနပ် ဖြစ်နေကြကြောင်း သိရှိရပါသည်။

(သူရိယ) ဘားမားဗီဂျေ

Photo Credit and Thanks to http://www.zeyarfc.com





 
မြေပိုင်ရှင်များကို ပြန်လည် တရားစွဲဆိုသည့် ရွှေနဂါးမင်း ကုမ္ပဏီ မြေပိုင်ရှင်များကို ပြန်လည် တရားစွဲဆိုသည့် ရွှေနဂါးမင်း ကုမ္ပဏီ Reviewed by သစ်ထူးလွင် on 10:35 Rating: 5

8 comments:

khaingkhaing said...

ခရိုင်အားကစားကွင်းလုပ်မယ်လို့ ပြောတာကြာပါပြီ သာအေး တိုင်းမှူးလက်ထက်ကတည်းပါ အခုလည်း သာအေး ၀န်ကြီးချုပ်ဘ၀နဲ့ဆိုတော့ ဘာတွေထပ်ရှုပ်အုံးမယ် မသိဘူး

ယုယ said...

ဟားဟား ဘမျိုး ဘိုးတူ ဆိုတဲ့စကားပုံ တယ်မှန်ပါလားဟေ့
သူ့အဖိုးကလည်း ဆန်စက်ပိုင်လုပ်ပြီး ရပ်ရွာကလူတွေကို ညာစားခဲ့ ခိုးစားခဲ့တာ...
သူ့အဖေကလည်း အဲလိုပဲ အဖားအရားကောင်းပြီး လိမ်လို့ညစ်လို့ရသမျှလိမ်ပြီး ချမ်းသာလာတာပေါ့.. အခုမှသာ လူကြီးလူကောင်းအယောင်ဆောင်နေတာ......
သူ့ဦးလေးတွေဆိုတာကလည်း နယ်မှာ လူညစ်လူလိမ်တွေဆိုတာ တနယ်လုံးအသိဗျား......
အင်း သူ့ကျတော့လည်း ဒီလိုဖြစ်တာ ဆန်းသလားဗျာ.. ဘမျိုးဘိုးတူကိုးဗျ...
မြေပိုင်ရှင်တွေ စိတ်ဓာတ်မကျပါနဲ့ နိုင်ငံတော်အကြီးအကဲဆီ တိုက်ရိုက်တောင်းဆို တိုင်ကြားကြပါခင်ဗျာ.....

Ko Htet said...

အင်း-----ဒါကိုကြည့်ရင် သိနိုင်ပါတယ်--
ဘယ်ပါတီက ဘယ်လိုဆောက်ကျင့်လဲဆိုတာ-----
အာဏာရတာနဲ့ပြည်သူအကျိုးမပြုဘူး---
ကျမ်းစူးမဲ့ကောင်တွေ----*******

ကိုကို said...

သမတကြီးခင်ဗျား.အပြောင်းအလဲတွေလုပ်တယ်ဆိုတာ
ဘာကိုပြောတာလဲ.အရင်အတိုင်းပါပဲ.ပိုတောင်ဆိုးလာပီ.
ဆက်ပီးမလိမ်ပါနဲ့တော့..

datha said...

ဟေ့ကောင်
ဝင်းမြင့်
ဘုန်းမော်ရွှေတော့ ပြုတ်ပြီ
မင်းလဲ အိပ်ယာလိပ် ပြင်ထားသင့်ပြီ
လှရှောင်လဲ အတူတူဘဲ
ဘုန်မော်ရွှေနဲ့ သားအဖလေ

pyaponthu said...

အဲ့ဒါကြောင့်ပြောတာပေါ့။သူတို့အာဏာရှိတယ်ဆိုပြီးဆင်းရဲတဲ့သူတွေ ကို လုပ်ခြင်သလိုလုပ်တယ်။အဲ့ဒီလို ဖြစ်နေသ၍ မြန်မာ ပြည် ဟာဘယ်တော့မှ မတိုးတက်ဘူး။သူတို့ ချမ်းသာတာတွေကို ပြည်ပ နိုင်ငံတွေမှာ ဘဏ်အကောင့်တွေ ဖွင့်ပြီး ငွေစု ကြတယ်။လူကြီးတွေက လည်းသူတို့အမျီုးတွေဘဲ နေရာ ပေးလို့မပြီးတော့ဘူး။တရားဥပဒေဆိုတာလည်း ငွေများရာ သာတာဘဲ...အင်း မြန်မာ ပြည်ကြီးဘယ်တော့တရားဥပဒေစိုးမိုတော့မလဲမသိ။လွတ်တော် ဥက္ကဌ ကလည်း ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူးအော်နေတာ ကြာပြီး။တရုတ်ပြည်က ပြန်လာပြီး ဝန်ထမ်းတွေ အချိုသတ် လစာတိုး တရုတ် ကိုခေါ်ခုတော့ မြစ်ဆုံကို သုဘဲပြန်စခိုင်းနေတယ်။မီးစတဘက် ရေမှုတ်တဘက်။ပြည်သူကို မီးစပေးပြီး တရုတ်ကို မြန်မာပြည်က မြစ်ချောင်းတွေ ကို တရုတ်ပေးလိုက်တယ်။အဲ့ဒါ လွတ်တော် ဥက္ကဌပေါ့

Myanmar said...

ဝင်းမြင့်ရဲ့ ပညာအ၇ည်ချင်းက ၁၀တန်းတောင်မအောင်ဘူးလို့ပြောကြတယ်။ မြန်မာနိုင်ငံဆိုတာ ပညာမတတ်တဲ့ကောင် အုပ်ချုပ်တောင် ပုံမှန်တော့လည်ပတ်နေတာဘဲ။ မွေးကတည်းက ၀မ်းတွင်းပါ ပညာတတ်တွေဘဲ ဖြစ်၇မယ်။ ။

Thin Thin said...

I believe it is not fair to accuse or say bad things about someone when we don't even know the facts in detail. In Burma, the current land prices are ridiculously high compared to old days. The market price of a land is increasing daily. For example, if someone bought a land at $100 yesterday, that buyer can resell the same land at $300 or higher the next day. I know it for fact that the land of our grand-parents appreciated 350% over 2 years. Once a contract is signed, no one can compare the agreed value with any other price. It is possible that these owners are greedy and they want more.

Powered by Blogger.