၅မတ်လ၂၀၁၂ —
လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူများစာရင်းကို ကချင်ပြည်နယ်
ဗန်းမော်မြို့၌ မတ်လ ၁ရက်နေ့က ထုတ်ပြန်လိုက်ပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလက
မဲပေးခွင့်ရှိသူများစာရင်း ဖြစ်နေကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည် ဗန်းမော်မြို့စည်းရုံးရေးခရီးစဉ်အတွင်း ဗန်းမော်ကိုယ်စားလှယ်လောင်း ဦးဘမြင့်နှင့်အတူ တွေ့ရစဉ် ။ ဓါတ်ပုံ - MG သျှမ်းသံတော်ဆင့် |
မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးရုံးများ၌
အဆိုပါစာရင်းကြေညာထားရာ ၂၀၁၀ ခုနှစ်က အသက် ၁၆နှစ်နှင့် ၁၇နှစ်အရွယ် လူငယ်များ ယခု
အသက် ၁၈ နှစ်ပြည့်ပြီ ဖြစ်သော်လည်း မဲပေးခွင့်ရှိသူများစာရင်းတွင်
အဆိုပါလူငယ်များအမည်စာရင်း ပါဝင်ခြင်းရှိကြောင်း သိရသည်။
ရပ်ကွက်များအတွင်းရှိ လူငယ်များက
အဆိုပါစာရင်းကိစ္စကို NLD ရုံးသို့ လာရောက်ပြောကြားသဖြင့် သိရှိရကြောင်း
ဗန်းမော်မြို့နယ် NLD အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
´´မတ်လ ၁ရက်နေ့က ရပ်ကွက်ရုံးတွင်
မဲပေးပိုင်ခွင့်ရှိသူများစာရင်းထုတ်ပြန်ထားပြီလေ။ အဲဒီစာရင်းတွေက ၂၀၁၀ တုန်းက
စာရင်းတွေဖြစ်နေတယ်။ အခုအသစ်ကောက်ယူထားတာမဟုတ်ဘူးပေါ့။ အဲဒီကြားမှာ
သေသွားတဲ့သူတွေရှိမယ်။ ၁၈ နှစ်ပြည့်လာမဲ့သူတွေလည်းရှိမယ်ပေါ့။ အဲဒီစာရင်းတွေကို
နှုတ်ထားတာ၊ တိုးထားတာတို့မရှိဘူးပေါ့။ လူငယ်တွေက လာပြောကြတယ်။ ၂၀၁၀တုန်းက
သူ့အသက်မပြည့်သေးဘူး။ အခုအသက်ပြည့်ပြီ။ သူ့စာရင်းမပါဘူးပေါ့။ တချို့ကလည်း သေသွားပြီ။
အဲဒါတွေမထုတ်ထားသေးဘူးပေါ့´´ဟု သူက ပြောသည်။
၎င်းကိစ္စ (၇)ရက်အတွင်း
ကန့်ကွက်ရမည်ဖြစ်သော်လည်း လောလောဆယ်မြို့နယ်အုပ်ချုပ်မှ တာဝန်ရှိသူများ
ခရီးလွန်နေကြောင်း သူက ဆက်ပြောသည်။
´´အဲဒီစာရင်းက
(၇)ရက်အတွင်းကန့်ကွက်ရင် ကန့်ကွက် ၊ မကန့်ကွက်ရင် အတည်ဖြစ်မယ်ပေါ့။ ဒါပေမဲ့
အခုအရေးပါတဲ့ လူတွေက ခရီးလွန်နေကြတယ်´´ဟု ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲအား
လာမည့်ဧပြီလဆန်းပိုင်းတွင် ကျင်းပရန်ရှိပြီး၊ ဗန်းမော်မြို့နယ်အတွင်း၌
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၊ တိုင်းရင်းသား
စည်းလုံးညီညွှတ်ရေးပါတီနှင့် ကြံ့ဖွံ့ပါတီတို့ ယှဉ်ပြိုင်ကြမည်ဟု သိရသည်။
သျှမ်းသံတော်ဆင့်သတင်း
ဗန်းမော်မြို့နယ် မဲပေးခွင့်ရှိသူစာရင်း လွှဲမှားစွာထုတ်ပြန်
Reviewed by သစ်ထူးလွင်
on
07:11
Rating:
3 comments:
လုပ်ကြ ... လုပ်ကြ ... အင်း .... လုပ်ကြ ... ။
ဖွတ်တွေ ... ဖွတ်တွေ ... ဖွတ်ကြီးတွေ ... ။ မင်းတို့ကြောင့် ....
တို့ပြည်လည်း ဖွတ်မင်းနောင် ဖြစ်နေရပြီ ... ။
ခ၇ီးက လွန်-လွန် နိုင်လွန်းတယ် ..
အဲဒီလို ကလိန်ကကျစ်တွေ မလုပ်နိုင်အောင် အားလုံးပဲ တတ်နိုင်တဲ့ဖက်က ၀ိုင်းဝန်းကြပါဦးဗျာ။ ပြိုင်တူတွန်းရင် ရွေ့နိုင်မှာပါ။
Post a Comment