မွန်မွန်မြတ်ရေးသားသည်။
၀၃ ဖေဖေါ်ဝါရီ ၂၀၁၂ - (YPI) ချင်းမိုင် - တိုရွန်တိုရုပ်ရှင်ပွဲတော်မှာ “The Lady” ဇာတ်ကား ပထမဆုံးစပြခဲ့စဉ်က ကမ္ဘာကျော် ဂါးဒီးယန်းသတင်းစာကြီးက ကြယ်တစ်ပွင့်ပဲအမှတ်ပေးခဲ့ပြီးအညံ့ဆုံးဇာတ်ကားသုံးကားထဲ စာရင်းသွင်းခဲ့သည့်အပေါ်အတော်ဘ၀င်မကျဖြစ်ခဲ့ဖူးသည်။
တစ်ကယ်တမ်း ထိုင်းနိုင်ငံမှာ နှစ်ကြိမ်တိုင်တိုင် ကိုယ်တိုင်ကြည့်ရတော့မှ ဂါးဒီးယန်းသတင်းစာက ရုပ်ရှင်ဝေဖန်ရေးဆောင်းပါးရေးသူ Damon Wise အလွန်မဟုတ်ပဲ ရိုက်ကူးသူပြင်သစ်ဒါရိုက်တာ Luc Besson ၏အလွန်သာဖြစ်ကြောင်းသိရတော့သည်။
မည်သို့ပင်ဖြစ်စေ Michelle Yeoh ၏ သရုပ်ဆောင်ခြင်းအနုပညာကိုတော့ အသိအမှတ်မပြုပဲမနေနိုင်ချေ။ ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာမျက်ဝါးထင်ထင်မြင်ဖူးနေသည့်ကြားမှ Michelle Yeoh ရုပ်ပျောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပဲ ဇာတ်ကားထဲပါဝင်နေသလို မကြာခဏ ထင်ယောင်ထင်မှားဖြစ်မိသည်။
ရင်ကိုဖွင့်မျက်နှာကိုချီကာလမ်းလျှောက်သည့်ဟန်၊ ပြုံးဟန်၊ စကားပြောဟန်၊ လက်ပြဟန်တို့ကို ဒေါ်စုမှဒေါ်စုဖြစ်နေအောင် နာရီပေါင်း ၂၀၀ ကျော်ကြာအောင်ကြည့်ကာလေ့ကျင့်ထားခဲ့သည်ဟု ဟွာဟင်းရုပ်ရှင်ပွဲတော်တွင် Michelle Yeoh ကို ပရိသတ်နှင့်မိတ်ဆက်ပေးခဲ့သည့် ထိုင်းပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောခဲ့သည်။
မိုက်ကယ်အဲရစ်နှင့်သားနှစ်ယောက်နေရာတွင်သရုပ်ဆောင်သည့်သူများကလည်း သူ့ဇာတ်ရုပ်နှင့်သူ အံဝင်ခွင်ကျ သရုပ်ဆောင်ထားကြသည့်အတွက် ရုပ်ရှင်ထဲတွင် သူတို့မိသားစုလေးကို စုစုဝေးဝေးတွေ့ခွင့်ရသည်မှာကြည်နူးဖွယ်ပင်။
ဒါရိုက်တာ Luc Besson ၏အလွဲများကိုတော့ စဖွင့်ထားသည့်ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံသည့်အခန်းမှာပင် စတွေ့ခဲ့ရသည်။ ပစ္စတိုနှင့်သူ့နဖူးတည့်တည့်ကိုချိန်ထားသည့်သေနတ်သမားကို နည်းနည်းလေးမှမဟန့်တားပဲ မတုန်မလှုပ်မျက်စိစုံမှိတ်ပြီးငြိမ်ခံနေသည့် ဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ပုံလွှာက ငယ်ငယ်ကတည်းက အကြိမ်ကြိမ်ဖတ်ခဲ့ရဖူးသည့် အတွင်းဝန်ရုံးတွင်ဗိုလ်ချုပ်တို့လုပ်ကြံခံခဲ့ရသည့်မြင်ကွင်းနှင့်အတော်ကြီးခြားနားလှသည်။
ဗိုလ်ချုပ်အောင်ဆန်း နေရာတွင်သရုပ်ဆောင်သည့် ဇော်ဇော်က “ဗိုလ်ချုပ်သေတာဒီပုံစံမဟုတ်ဖူးဆိုတာ ကျွန်တော်သိပြီးသားလေ။ ပစ္စတိုနဲ့ပစ်တာလည်းမဟုတ်ဖူး၊ အစည်းအဝေးခန်းမပုံစံမှားနေတယ်ဆိုတာလည်းထောက်ပြတယ်။ ဒါပေမယ့် ဒါရိုက်တာက ဒီပုံစံပဲလုပ်ချင်တယ်ဆိုလို့ သူတို့ခိုင်းတဲ့အတိုင်းပဲလုပ်ရတာ” ဟုရုပ်ရှင်အပြီးတွင်ရှင်းပြခဲ့သည်။
NLD ပါတီဝင်တစ်ဦးအဖြစ်သရုပ်ဆောင်ခဲ့သည့် ဦးသိန်းဝင်းက “အဲဒီလောက်တော့လွဲဖို့မကောင်းဘူးထင်တယ်ဗျ၊ ကျွန်တော်လည်းအဲဒီအခန်းမှာမပါတော့ အကြံမပေးနိုင်ခဲ့ဘူး” ဟုဆိုသည်။
ဦးသိန်းဝင်းအနေနှင့် သူပါဝင်ခွင့်ရခဲ့သည့်အခန်းများတွင်အချို့မှားယွင်းချက်များကို ထောက်ပြခဲ့သော်လည်း ရိုက်ကူးရေးတည်ထားပြီးသည့်အခန်းများကိုတော့ပြင်ဆင်မပေးခဲ့ပေ။
“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ ခေါင်းစည်းမှာ လုံးကြီးတင်ပြုတ်နေလို့ ရိုက်ကာနီးမှာပြေးပြီး သွားပြောသေးတယ်ဗျ၊ ဒါပေမယ့် ရှုတင်တည်ထားပြီးသားမို့ပြင်မပေးနိုင်တော့ဘူးဆိုပြီး ဆက်ရိုက်သွားတယ်ဗျ”။
အလုပ်ကြံမခံရမီ မိသားစုနှင့်အတူ ဗိုလ်ချုပ်နောက်ဆုံးနေခဲ့သည့်အိမ်သည် တာဝါလိန်းအိမ်ဖြစ်သည်။ သို့ပေမယ့် ဗိုလ်ချုပ်တစ်ခါမှမနေထိုင်ခဲ့ဖူးသည့် အမှတ်၅၄ တက္ကသိုလ်ရိပ်သာလမ်းအိမ်ကို နောက်ဆုံးနေခဲ့သည့်အိမ်အဖြစ် ရုပ်ရှင်ထဲတွင်ထည့်ထားခဲ့သည်။
၁၉၄၇ခု ဇူလိုင် ၁၉ ရက်နေ့က ဗိုလ်ချုပ်သမီးအောင်ဆန်းစုကြည် အိပ်မောကျကျန်ရစ်ခဲ့သော တက္ကသိုလ်ရိပ်သာလမ်းနေအိမ် ရေကန်အစပ်က သစ်သားပက်လက်ကုလားထိုင်မှာ နောက်ထပ် အနှစ် ၄၁နှစ်အကြာ ၁၉၈၈ခုနှစ်တွင် မိခင်မကျန်းမာ၍ပြန်လာသော ဒေါ်အောင်ဆန်းစုကြည်ရောက်လာသည်အထိ နေရာမှာပင် မဆွေးမမြေ့သည်အတိုင်းရှိနေဆဲ...။
ရွှေတိဂုံအနောက်မုဋ်တွင်ပြောကြားခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ပထမဆုံးမိန့်ခွန်းကို မင်းသမီး Michelle Yeohက ကြိုးစားပမ်းစားလေ့ကျင့်ကာ ဗမာလိုပြောကြားခဲ့သော်လည်း တရုပ်သံပေါက်နေခဲ့သည်။
ဇာတ်ကောင်များရွေးခြယ်ထားရာတွင် မိုက်ကယ်အဲရစ်နှင့်သားနှစ်ယောက်နေရာတွင်သရုပ်ဆောင်သည့်သူများကို ရုပ်ရည်ခြင်းအတော်လေးဆင်တူသူများကိုရွေးချယ်ထားသော်လည်း တစ်နိုင်ငံလုံးကချစ်ခင်မြတ်နိုးကြသည့် ဗိုလ်ချုပ်ကတော်ဒေါ်ခင်ကြည်နေရာတွင် တရုပ်အမျိုးသမီးကြီးတစ်ယောက်ကိုထည့်ထားသည်ကတော့ အတော်ကြီးလွဲနေခဲ့သည်။
အခြားအခြားသော အမှားသေးသေးမွှားမွှားတွေဟာ နိုင်ငံတကာရုပ်ရှင်ပရိသတ်တွေအတွက် မပြောပလောက်ပေမယ့် သမိုင်းကိုသိနေသည့် မြန်မာပရိသတ်အတွက်တော့သိသာလှသည်။ ဗမာအလံတွေဇောက်ထိုးဖြစ်နေတာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုသည့်စကားလုံးက “အမျူးသားဒီမိုကရေစီအဖွဲ့ချုပ်”ဖြစ်နေတာ၊ ၈၈အရေးအခင်းပြကွက်တွင် ကျောင်းဝတ်စုံဟာအဖြူအစိမ်းမဟုတ်ပဲ အဖြူအပြာဖြစ်နေတာ၊ ဇာတ်ကားထဲက ဗမာစစ်ဗိုလ်ချုပ်တွေနဲ့ ထောက်လှမ်းရေးတွေဟာ အာဏရှင်မဆန်ပဲ အတော်လေးပေါကြောင်ကြောင်နိုင်နေတာ…
ဇာတ်ကားကို ဒေါ်အောင်ဆန်းစုကြည်ပါဝင်သည့်ဗမာပြည်ဖက်အခြမ်းနှင့် ဒေါက်တာမိုက်ကယ်အဲရစ်(စ)ပါဝင်သည့် နိုင်ငံရပ်ခြားတွင်ရိုက်ကူးသည့်အခြမ်းဟူ၍ အနည်းဆုံး နှစ်ပိုင်းခွဲကြည့်လျှင်ပင်၊ ဗမာပြည်ဖက်အခြမ်းမှ စစ်ဗိုလ်ချုပ်များပါဝင်သည့်အခန်းများမှာ “တောပြဇာတ်”တစ်ခုကိုကြည့်နေရသကဲ့သို့ညံ့ဖျင်းလှသည်ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးကသုံးသပ်ခဲ့သည်။
ဒေါ်စုခြံထဲကို စစ်သားများ ပထမဆုံးအကြိမ်ဝင်ရောက်စီးနင်းသည့်အခန်းကိုပြရာတွင်လည်းကျောင်းသားခေါင်းဆောင်တစ်ယောက်လက်ထဲတွင် သေနတ်ရှိနေခြင်းသည် သမိုင်းအချက်အလက်အရရော၊ ဒေါ်အောင်ဆန်းစုကြည်သွားနေသည့် အကြမ်းမဖက်ရေးလမ်းစဉ်အရရော အတော်လေးမှားယွင်းနေခဲ့၏။
ဇာတ်ကားထဲတွင် မည်သည့်ဘာသာစကားကို ပင်မထား၍ပြောဆိုမည်ဆိုသည့်ကိစ္စကို Luc Besson အနေနှင့်တိတိကျကျသတ်မှတ်ခဲ့ပုံမပေါ်ချေ။ ဒေါ်အောင်ဆန်းစုကြည်နေရာတွင် သရုပ်ဆောင်သည့် Michelle Yeoh က နေရာအတော်များများတွင် ဗမာမိန့်ခွန်းကိုတရုပ်သံနှင့်ပြောလိုက်၊ ဗမာစစ်သားကို အင်္ဂလိပ်လို “Can you speak English” ဟုမေးလိုမေး၊ NLD ပါတီအဖွဲ့ဝင်များ ကျောင်းသားများနှင့်လည်း ဗမာလိုပြောလိုက် အင်္ဂလိပ်လိုပြောလိုက်နှင့် ဘာသာစုံဖြစ်နေခဲ့သည်။
ခင်ပွန်းဖြစ်သူ ဒေါက်တာမိုက်ကယ်အဲရစ်နှင့် ပါတီဝင်များရှေ့ပါမရှောင် နမ်းရှုံ့နေသည့်အခန်းများကတော့ပြင်သစ်ဆန်လွန်းလှသည်ဟုဆိုရလေမည်လား။ သေချာသည်ကတော့ တွေ့ခဲ့ဖူးသမျှဒေါ်အောင်ဆန်းစုကြည်၏ဓါတ်ပုံများထဲတွင်ထိုကဲ့သို့သောပုံမျိုးတစ်ပုံမှ ယနေ့အချိန်ထိ မရှိခဲ့ဖူးပေ။
ဗိုလ်ချုပ်မှုးကြီးသန်းရွှေနေရာတွင်ပါဝင်ခဲ့သည့်သရုပ်ဆောင်ဦးအဂ္ဂ ကတော့ “ကြည့်ပြီးတော့ ကိုယ့်ကိုယ်ကို တော်တော်စိတ်ပျက်သွားတယ်။ လွဲနေတာတွေကတော့ အများကြီးပဲလေ။ နောက်ဆုံးအခန်းမှာ ဒေါ်စုက ဘုန်းကြီးတွေထက်အမြင့်မှာ ရှိနေတာမျိုးတွေပေါ့၊ ဒါပေမယ့် ကိုယ်ပြောလည်း သူတို့ပြင်တာမှမဟုတ်တာ” ဟုပြောဆိုခဲ့သည်။
ဦးသိန်းဝင်းကတော့ သမိုင်းနောက်ခံအမှားအယွင်းများဖြစ်ခဲ့ရခြင်းနှင့်ပါတ်သက်ပြီး “ငါတို့မှာတော့ တာဝန်ရှိနေမလားမသိဘူးလို့တော့ ပြောမိပါသေးတယ်။ ဒါပေမယ့် ဒါဟာသမိုင်းမဟုတ်ဘူး၊ ရုပ်ရှင်အနေနဲ့ရိုက်တာလို့ပဲခံယူလိုက်ရတာပါပဲ” ဟုဆိုခဲ့သည်။
“ဒီလိုကားမျိုးမှာ consultant ကအရမ်းအရေးကြီးပါတယ်။ consultant ဘယ်သူလဲလို့ကျွန်တော်မေးသေးတယ်ဗျ။ ဘန်ကောက်တက္ကသိုလ်တစ်ခုမှာတက်နေတဲ့ တိုင်းရင်းသူတစ်ယောက်လို့ပြောတာပဲ” ဟုပြောခဲ့သည်။
ရုပ်ရှင်အပြီးစာတမ်းထိုးရာတွင် Consultant ဟူသည့် အသုံးအနှုန်းကို ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့သည့်အတွက် သမိုင်းဆိုင်ရာအချက်အလက် အမှားအယွင်းများနှင့်ပါတ်သက်၍ တာဝန်အရှိဆုံးက ဒါရိုက်တာ Luc Besson သာဖြစ်ကြောင်းထင်ရှားနေခဲ့လေသည်။
ပြီး။

Luc Besson ၏ အလွဲများ
Reviewed by သစ်ထူးလွင်
on
07:34
Rating:
10 comments:
မြို့တော်ခန်းမရှေ့ မှာ အဓိပတိယာဉ်ကြီးဖြတ်သွားတာလည်းပါတယ်.Eagleအရက်ကြော်ငြာနဲ့ အဲ့ဒီအချိန် အဓိပတိယာဉ်လိုင်းမှမရှိတာ ကားကမော်ဒယ် အသစ်ကြီး
အင်း ဘ၀ ဘဝ
နည်းနည်းလေးတော့ လွဲမှာပဲ....
လွဲလွဲလေးလဲ ကောင်းပါတယ်...
ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ကားကို အဲ့ဒီလိုလွဲမှာကိုတော့
တော်တော်စိုးရိမ်မိပါတယ်။
ကောင်းပါတယ်..ဒေါ်စုအနေနဲ့လည်း ဒီလိုအလွဲတွေတွေ့လို့နေမှာပေါ့ ဗိုလ်ချုပ်အတ္ထုပတ္တိကို ပြန်ရိုက်ချင်တာ..ဘာပဲပြောပြောအနည်းနဲ့ အများတော့ ပြန်ပြင်လို့ရတာပေါ့..
ကိုယ်လဲ မလုပ်နိုင် လုပ်ပေးနိုင်သလောက် လူမျိုးခြားတယောက်က လုပ်းပေးထားတာလေးပါ...အမြတ်တခုကိုယူ ကမ္ဘာကိုသိစေတယ်...သူများမျက်ချေးပဲမမြင်ကြနဲ့ ကိုယ့်လုပ်စားနေတဲ့အပိုင်းလေးမှာပဲ မျက်ချေးလေးပြောင်အောင်အရင်လုပ်ကြပါ ..တကယ်ပါဗျာကျနော်တို့ မြန်မာတွေ...တကယ်ပါ ကကယ်ပါ...(မှတ်ချက် ။ ။ ဝေဖန်နေမည့်အစား အမှားဆိုသည်များကိုသိနေသောပြည်တွင်းဒါရိုက်ကြီးများနှင့် သရုပ်ဆောင်ခဲ့သူများ ပြန်လည်ရိုက်ကူး တင်ဆက်မည်ဆိုလျှင် ပို၍တန်ဖိုးရှိပါလိမ့်မည်။ ထိုင်၍ဝေဖန်နေခြင်းထက် ထ၍ပြုပြင်လိုက်ခြင်းက ပညာရှင်အစစ်အမှန်ဖြစ်ပါသည်။)
သူတို့ တွေက ဒေါ်စုမလွတ်မြောက်ခင်ကတည်းက မြန်မာပြည်ကို ကမ္ဘာကသိအောင် လုပ်စေချင်တဲ့စေတနာနဲ့ ရိုက်ကူးကြတာပါ။ အပြည့်အဝ မမှန်ဘူးဆိုပေမဲ့ တခြားနိုင်ငံခြားသားက စေတနာနဲ့ ဒေါ်စုအကြောင်းကို အပြည့်အဝမဟုတ်ရင်တောင် တပိုင်းတစ လူတွေသိရရင် သူ တို့ လုပ်ခဲ့တာတွေကို လွန်တယ်မှားတယ်လို့ ပြောလို့ မရပါဘူး။ သူ တို့ လဲအကောင်းဆုံးလုပ်ခဲ့ကြတာပဲ ၊ မလွတ်မလပ် နဲ့ တောင်ဒေါ်စုနဲ့ တွေ့ ခဲ့ရသေးတယ်လေ။ ပြည်ဝင်ခွင့်တွေတောင်ပိတ်လိုက်ရတဲ့အတွက် သူတို့ အတွက်လဲ အခက်အခဲဆိုတာရှိမှာပဲ။ ကျွန်တော်ကတော့ အမေစု အကြောင်းကို တပိုင်းတစလေးပဲဖြစ်ဖြစ် အခု လို ကြည့်ရတဲ့အတွက် မကောင်းဘူးဆိုရင်တောင် ပီတိဖြစ်ပါတယ်။
လွဲနေတယ်ဆိုတာတွေကတရားဝင်ရိုက်တာမဟုတ်တော့အကျဉ်းအကျပ်ထဲမှာရိုက်ရတာ.စိတ်တိုင်းကျပြန်ရိုက်မရတာတွေကြောင့်ဖြစ်နိုင်ပါတယ်.ဒါပေမဲ့ရည်ရွယ်ချက်ကဒေါ်စုမလွတ်ခင်ကထဲက.ဒေါ်စုလွတ်အောင်ကဗာကသိအောင် ရိုက်ခဲ့တာမို့ ကျေးဇူးတင်ရမှာပါ...
ဝေဖန်ရေးဟာ အကောင်းအဆိုး မြင်နေတာမဟုတ်သလို
စီရင်ချက်ချနေခြင်းလည်းမဟုတ်ပါဘူး။
အခုလို အချက်ကြကြ ဝေဖန်နိုင်တာကို
ဂုဏ်ယူပါတယ်၊ မမွန်မမွန်မြတ်။
ဂါးဒီးယန်းသတင်းစာကြီးကသာ ဒီဇာတ်ကားတော်တော်ကောင်းတာပဲပြောခဲ့ရင် ...မမြွန်မြွန်မတ် အဲ မှားသွားလို့  မမွန်မွန်မြတ် ရေ ခင်ဗျားလဲ ၃ ခါလောက်ပြန်ကြည့် စိတ်ထဲကလိုအပ်ချက်တွေသိနေရင်တောင် ဟုတ်ပါတယ် တကယ်ကောင်းတဲ့ကားကြီးပါဆိုပြီးလုပ်ဦးမလား...အစတည်းကကိုယ်တိုင်ကြည့်ပြီး ကိုယ်ပိုင်ဥာဏ်နဲ့ ဝေဖန်ရင် ပိုကောင်းလိမ့်မယ် ... ကျနော်တို့ လဲ ကိုယ်တိုင်ကြည့်တယ် လိုအပ်ချက်တွေတွေ့ ရတယ် shan kalay နဲ့  sky light တို့ ပြောသလို အခက်အခဲ အကျပ်အတည်းတွေကြားထဲက ရိုက်ကူးခဲ့ရတာပါ... kyaw soe ko ko ပြောသလို အမြတ်တခုကိုယူ ကမ္ဘာကိုသိစေတယ် ...(ကမ္ဘာပေါ်မှာမြန်မာကိုမသိသေးတဲ့လူတွေအများကြီးရှိသေးတယ်) ကဲဗျာကြာတယ် ကိုယ်တိုင်ထပြီးပြင်ရိုက် လိုက်ကြပါတော့ဗျာ ...
Post a Comment