ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဝန်ခံမှုများ တိုက်တွန်းမှုများ ပြုလုပ်

တပ်မတော်တွင် နှစ် ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း တယောက်
ဖြစ်သူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တိုင်းပြည် အခြေအနေနှင့် ပတ်သက်၍ ဝန်ခံမှုတချို့ ပြုလုပ်ခဲ့ပြီး  အမှန်တကယ် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ကြရန် လွှတ်တော် အမတ်များကို တိုက်တွန်း ပြောဆိုသွားသည်။

"အမှန်အတိုင်း ဝန်ခံပြောဆိုရမည်ဆိုလျှင် ယနေ့ တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများ၏ လက်ရှိ ရရှိနေသော လုပ်ခ၊ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများသည် ယနေ့ခေတ်ကာလနှင့် လိုက်လျောညီထွေမရှိကြပါ။ အခြေခံစားဝတ်နေရေး၊ လူမှုရေးအတွက် လောက်ငစွာ မရရှိပါ" ဟု နိုင်ငံ့ဝန်ထမ်းများ လုပ်ခ လစာများ တိုးမြှင့်ပေးရန်
ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည်။

“လုပ်ခ၊ လစာနည်းတာကို အကြာင်းပြုပြီး လက်ဖက်ရည်ဖိုး၊ အလှူငွေ၊ စာရွက်စာတမ်းကြေးများ တောင်းယူခြင်းနင့် အခြားမလျော်ကန်သော လာဘ်ပေးလာဘ်ယူဆန်သည့် ပြုမူဆောင်ရွက်ခြင်းများကို နေရာအနှံ့ ဌာနအများစုလိုလိုပင် တခုမဟုတ်တခု ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေတာကို ဝမ်းနည်းစွာ ကြားသိနေရပါတယ်” ဟုလည်း ပြောသွားသည်။
shwemann
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တိုင်းပြည် အခြေအနေနှင့် ပတ်သက်၍ အမှန်တကယ် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ကြရန် လွှတ်တော် အမတ်များကို တိုက်တွန်း ပြောဆို (ဓါတ်ပုံ မဇ္ဈိမ)

နိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အခြေခံထုတ်ကုန် ထုတ်လုပ်သူများမှာလည်း အရှုံးပေါ်နေပြီး “အရှုံးပေါ်နေမှုဟာ
နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာမဟုတ်ပါ၊ တောင်သူလယ်သမား၊ အလုပ်သမား၊ နိုင်ငံ့ဝန်ထမ်းများကို များစွာ ထိခိုက်နေရပါတယ်။  ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပြီး တာဝန်ရှိသူများက ဆောင်ရွက်မပေးရာလည်း
ရောက်ပါတယ်။ ဒီအခြေအနေများကို ဝမ်းနည်းစိတ်မကောင်းစွာဖြင့် လက်ခံနေရမည့် အချိန်မဟုတ်တော့ပါဘူး” ဟုလည်း သူရဦးရွှေမန်း က ထည့်သွင်း ပြောသွားသည်။

မြန်မာနိုင်ငံ၏ အချို့ဒေသများတွင် အမိန့်ညွှန်ကြားချက်ဖြင့် နွေစပါး၊ မိုးစပါး စိုက်ပျိုးစေခြင်းသည်လည်း ဒေသ၏
ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပြီး၊ အသေးစိတ် လေ့လာခြင်းမရှိသည့် ဆည်စီမံကိန်းများကြောင့် အချို့ဒေသများတွင် လယ်မြေများ ရေကြီးကာ စိုက်ပျိုးနိုင်ခြင်း မရှိဟုလည်း ထောက်ပြ
ပြောဆိုသွားသည်။

မြန်မာနိုင်ငံရှိ စက်ရုံ အလုပ်ရုံများ၊ လျှပ်စစ် ဓာတ်အားပေးစက်ရုံများ၏ အခြေအနေနှင့် ပတ်သက်၍လည်း “စက်ရုံသာ ပြီးစီးပြီး ကျွမ်းကျင်လုပ်သားမရှိ၊ လုပ်သားမလုံလောက်၊ စက်ရုံသာပြီးစီးပြီး လျှပ်စစ်ဓာတ်အား မလုံလောက်၊ လျှပ်စစ်ဓာတ်အားမရ၊ စက်ရုံသာပြီးစီးပြီး စွမ်းအင်(Energy) ခေါ် Gas မလုံလောက်၊ Gas မရ၊ အခြားလိုအပ်သော
လောင်စာစွမ်းအင်များမရ၊ ကုန်ကြမ်းများ မလုံလောက်၊ ကုန်ကြမ်းများမရ" ဟုလည်း ထည့်သွင်းပြောသွားသေးသည်။

အတိတ်မှ မှားယွင်းမှုများကို သင်ခန်းစာယူကာ ပြုပြင်ပြောင်းလဲမှုများ ရဲဝံ့စွာ ဆောင်ရွက်သွားကြရန်လည်း သူ၏ လွှတ်တော်တွင်း ဆွေးနွေးမှုတွင် ဦးရွှေမန်းက ထည့်သွင်း ပြောကြားသွားသေးသည်။

“အတိတ်က ဖြစ်ပျက်ခဲ့တဲ့ကိစ္စများကို ပြစ်တင်ဝေဖန်မှုပြုနေလျှင်လည်း ဘာမှအကျိုးမထူးပါ။ အတိတ်အပေါ် သင်ခန်းစာများယူပြီး ရဲဝံ့စွာ ပြုပြင်ဆောင်ရွက်သွားဖို့ပဲ လိုပါတယ်။ အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်ကြရပါ မယ်။ ခံယူချက်(Concept)တွေ၊ စိတ်ထား(Mind set)တွေ ခေတ်မီဖို့ ခေတ်နှင့်လျော်ညီဖို့ လိုပါတယ်။ ကောင်းတာ
ဖြစ်ဖို့ ပြောင်းလဲကြရအောင်ပါ။ ကိုယ့်နိုင်ငံ၊ ကိုယ့်နိုင်ငံသားကို တကယ်ချစ်လျှင် ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့် ဘာသာအယူအစွဲမထားဘဲ စီမံဆောင်ရွက် ကြရအောင်ပါ။ သန်း ၆ဝ သော ပြည်သူလူထုကြီး၏ မျက်နှာနှင့် အကျိုးစီးပွားကိုကြည့်ကြရအောင်ပါ” ဟု ဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်များကို ပြောဆိုသွား သည်။

ဦးရွှေမန်းက သူ၏ လွှတ်တော်အတွင်း တင်ပြမှုများနှင့်ပတ်သက်၍ “ကျနော်တင်ပြနေတာက ပြည်သူများရဲ့ အသံ
တွေပါ၊ ပြည်သူများထဲမှ ဝန်ထမ်းများ၏ အသံတွေပါ၊ ပြည်သူ့ရဲ့ ဆန္ဒတွေပါ။ ပြည်သူများ၏ မျှော်လင့်ချက်တွေပါ။
ပြည်သူများ၏ မျှော်လင့်ချက်တွေကို ဤပြည်ထောင်စုလွှတ်တော်ကြီးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှာ အမြင့်ဆုံးသော သြဇာအကြီးမားဆုံးသော ဤလွှတ်တော်ကြီးက အတည်ပြုပေးပါ” ဟုလည်း ထည့်သွင်းပြောသွား သည်။

အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးရွှေမန်းသည် ဇန်နဝါရီလ ၂၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် ပါတီ၏ အထူးအစည်းအဝေးတွင်လည်း သူ၏ ပါတီဝင်များကို “အမြီးရ အမြီးစား၊ ခေါင်းရ ခေါင်းစား မလုပ်ကြနဲ့တဲ့။ စစ်ဆေးလို့ရှိရင်တော့ အကုန်ပြုတ်မှာ" သတိပေးသွားကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီမှ ဗဟိုဦးစီး အဖွဲ့ဝင် တဦးက မဇ္ဈိမကိုပြောသည်။

ဗိုလ်ချုပ်ကြီးရာထူးဖြင့် စစ်တပ်တပ်မှ ၂ဝ၁ဝ ခုနှစ်တွင် အနားယူကာ အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်လာသူ ဦးရွှေမန်းသည် ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလအတွင်းက နေပြည်တော်တွင်ပြုလုပ်သည့် “ကမ္ဘာ့ ဒီမိုကရေစီနေ့” တွင် မိမိကိုယ်ကိုယ် “ဒီမိုကရေစီ ဘက်တော်သား” ဟု သုံးနှုန်းပြောဆိုခဲ့သူလည်းဖြစ်သည်။

၁၉၆၉ ခုနှစ်တွင် စစ်တက္ကသိုလ် (Defence Services Academy) အမှတ်စဉ် ၁၁ ကျောင်းဆင်း သူရဦးရွှေမန်းသည် တပ်မတော်တွင် ၁၉၆၉ ခုနှစ်က စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ဗိုလ်ချုပ်ရာထူး၊ ၂ဝဝ၃ ခုနှစ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး၊ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၂ဝ၁ဝ တွင် တပ်မှ အနားယူကာ
နေပြည်တော် ဇေယျာသီရိမြို့နယ်မှ ကြံ့ခိုင်ရေးပါတီပြည်သူ့လွှတ်တော် အမတ်အဖြစ် ဝင်ရောက်အရွေးခံကာ အနိုင်ရခဲ့သူဖြစ်သည်။

အသက် ၆၅ နှစ်ရှိပြီဖြစ်သည့် ဦးရွှေမန်းသည် ဦးသိန်းစိန်အစိုးရ၏ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။
ချင်းမိုင် (မဇ္ဈိမ) ။          ။ 
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဝန်ခံမှုများ တိုက်တွန်းမှုများ ပြုလုပ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဝန်ခံမှုများ တိုက်တွန်းမှုများ ပြုလုပ် Reviewed by သစ်ထူးလွင် on 18:01 Rating: 5

14 comments:

KYAW ZIN said...

U Shwe Man is a Sharp Person too.

aung aung said...

ပြောသလို တကယ်ဖြစ်ခဲ့မယ်ဆိုရင်တော့ တကယ့်ကို ကောင်းမွန်လှပါတယ်
အဲလိုဖြစ်လာပါစေလို့ပဲ ဆုတောင်းရမှာပေါ့နော်

Unknown said...

နိုင်ငံဝန်ထမ်းများ ရဲ့ လက်ရှိ လစာသည် ယနေ့ ခေတ်ကာလ နဲ့ လိုက်လျော ညီထွေမှု မရှိပါဆိုပြီး နှစ် ၄၀ တာဝန်ထမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီး ရွှေမန်းကပြောလိုက်ပါဘီ...ဒီလိုနည်းနဲ့ ၀န်ထမ်းထုကို ယာယီစည်းရုံးလိုက်မယ်..
၆လအတွင်းဈေးတက်လာမယ်...ဒီလိုနည်းနဲ့ဘဲ အရှက်မရှိ ပြောလိုက်အုံးမယ်။။
ဒီလိုနည်းမမှန်တဲ့နည်းနဲ့ ကုစားလို့ ၀န်ထမ်းလစာတိုးပေးလို့ ၀မ်းသာမဲ့အထဲမှာ
စာရေးသူမပါပါ။။အမှန်ဖြစ်သင့်တာက အစိုးရအနေနဲ့ လုပ်ချင်တာလုပ်နေတဲ့ အကျင့်ဆိုးကို ပြင်ဘို့ဘဲ။။စင်္ကာပူလို နိုင်ငံမှာ ၀န်ထမ်းတစ်ယောက်လစာရဲ့ ၃၀%
က နေထိုင် စားသောက် စရိတ်။ခရီးစရိတ်က ၅% တယ်လီဖုန်းက ၅%။အားလုံးပေါင်းယင် တစ်လ ၅၀%ဘဲကုန်တယ်။မြန်မာပြည်မှာက စစ်အစိုးရဟာ
အချိုးကို လုံးဝမစဉ်းစားဘူး။အချိုးမကိုက်လို့ကတော့ တိုးချင်သလောက်တိုး
အလွန်ဆုံးခံယင် ၆ လဘဲ။ဈေးလိုက်တက်လာမယ်။ဒီအထဲ အုပ်ချုပ်သူတွေပိုလာတယ်။တိုင်းဒေသကြီး ၀န်ကြီးချုပ် ၀န်ကြီး ပိုလာတာမနည်းဘူး။လယ်သမား ကိုင်းသမားတွေ မရှိတော့ဘူး။ကြာယင် စပါးစိုက်ပေးမဲ့သူ ပဲစိုက်မဲ့သူ ကျန်တော့မှာ မဟုတ်ဘူး။လယ်ယာတွေလျော့လာသလို စားမဲ့ပါးစပ်ပေါက်တွေ ပိုတိုးလာတယ်။စီးပွားရေးပညာရှင်တွေ တစ်ခွန်းတလေ မဟဘူး။။ဦးရွှေမန်းခင်ဗျား လစာမတိုးခင် ကုန်ဈေးနှုန်းတိုးလာမှာ အသေအချာဘဲဗျာ..

chipi said...

အပြောကတော့ နာမည်နဲ့ လိုက်ပါပေတယ်ဗျာ၊ သိပ်တော့ မယုံချင်သေးဘူး ဦးရွှေမန်းရေ ( နည်းနည်း လေးစားတဲ့ အနေနဲ့ ဦးတက်ခေါ်လိုက်တယ်နော် )အကယ့် စိတ်ရင်းအမှန်နဲ့ ပြောတာဆိုရင်တော့ အတိုင်းထက်အလွန် ပေါ့ဗျာ ၊ကြိုဆိုပါတယ် ၊ ပြီးတော့ ဦးရွှေမန်း ကိုကြည့်ရတာ ဟို ပြည်သူ့ချဉ်ဖတ် ကျော်ဆန်း နဲ့ ဌေးဦး နှစ်ယောက် ထက်တော့ ဥပဓိ ရုပ်က နည်းနည်း ရိုးသားပုံပေါက်ပါတယ် ။ နောက် ဦးရွှေမန်း ပြောဘူးတယ်လေ ကျွန်တော်က ဒီမိုကရေစီ ဘက်တော်သားတယောက်ပါဆိုတာ ၊ အဲဒါကြောင့် အခု ပြောတဲ့ စကားတွေကို ယုံချင်ပါတယ် ၊ ဦးရွှေမန်း ဘက်ကလည်း လက်တွေ့ လုပ်ဆောင်ပြပါလို့ တိုက်တွန်းချင်ပါတယ် ။ ပြည်သူ့ တွေရဲ့ ရင်ထဲက သဘောထား အစစ်အမှန်တွေကိုလည်း အမေစု ရဲ့ ထားဝယ်နဲ့ ပုသိမ် ခရီးက သက်သေပြပြီးပါပြီ ၊ ရူးချင်ယောင် ဆောင်နေရမယ့် အချိန်လည်း မဟုတ်တော့ဘူးလို့ ထင်ပါတယ်ဗျာ။

burma said...

လူကြားကောင်းအောင်လျှောက်ပြောနေတယ်

ဧပြီ (၁) ရက်နေ့အတွက် ၀န်ထမ်းတွေကိုစည်းရုံးနေတာလား
မယုံဘူး မယုံဘူး :(

ဘာလို့လဲဆိုတော့ နေပြည်တော်မှာမှ ရှုံးရင် သွားပြီလေ ဖွတ်တွေ.....

Myanmar said...

ဦးေ၇ွှမန်းကတော့ နာမည်ဆိုးသိပ်မ၇ှိလှပါဘူး။ ဦးေ၇ွှမန်း ဦးသိန်းစိန်တို့ဟာ လူမှန်တွေဖြစ်ပုံ၇ပါတယ်။ ၇ှစ်လုံးနဲ့ဘက်တော်သားတွေကို ၇ှင်းပစ်၇ပါမယ်။

komyo said...

နိုင်ငံတော်ကြီးကိုအမှန်တကယ်တိုးတက်အောင်ပြုလုပ်မယ်ပြုပြင်မယ်ဆိုတာကို တွေ့ ရတော့တကယ်ပဲဝမ်းသာလိုက်မိပါတယ် ပြုပြင်စရာတွေပြုပြင်မယ်ဆိုတဲ့ ထဲမှာ မလိုအပ်တဲ့  (၂၀၀၈)ဖွဲ့ စည်းပုံထဲကဥပဒေတချို့ ကိုပြင်ဆင်ပေးရန်အထူးလို..
အပ်ပါတယ်လက်ရှိဖြစ်ပေါ်နေတဲ့ ပြတ်သနာတွေယာအဲဒီမလို
တဲ့ ဥပဒေတွေကြောင့် ဖြစ်နေတာပါ။
ပြည်တောင်စုသမ္မတမြန်မာနိုင်ငံမှာအမြင့် ဆုံးသောသြဇာအကြီး
မားဆုံးသောလွတ်တော်ကြီးကအတည်ပြုပေးပါ။ဆိုတဲ့ နေရာမှာ
ကာကွယ်ရေးဦးစီးချုပ်ကလွတ်တော်ရဲ့ အထက်မှာမရှိပါဘူးလို့ 
သက်ရောက်ပါတယ်ဒါကြောင့် လွတ်တော်ထဲက၂၅%သော
စစ်တပ်အမတ်တွေကိုများပါတယ်လို့ တော့ မပြောတော့ ပါဘူး
အရေးကြီးတာကပြည်သူတွေအတွက်ဘယ်လောက်လုပ်ပေးနိုင်
လဲဆိုတာကိုပဲသိချင်ပါတယ်ပြည်သူတွေအတွက်ဘယ်လို.........
(အဆိုတင်သွင်းမလဲ)စစ်တပ်ဆိုတာကပြည်သူထဲကပြည်သူလို့ 
ပဲမြင်ပါတယ်အရင်အာဏာရှင်စနစ်ဆိုးရဲ့လက်ကိုင်ဒုတ်ကိုအမွေ
ဆက်မခံဖို့ အရေးကြီးပါတယ်။

သစ်ထူးလွင် said...

လစာတွေမတိုးခင် ကုန်ဈေးနှုန်းကို အရင်တည်ငြိမ်အောင်လုပ်ပေးစေချင်ပါတယ်ခင်များ.။

တို့ခေတ် said...

ဒီည ကျွန်တော် ကောင်းကောင်း အိပ်ပြီးလို့ မနက် မိုးလင်းလာရင် ယုံ ဖို့ ထပ်စဉ်းစားလိုက်အုံးမယ်။ ကျွန်တော် တို့နိုင်ငံမှာ လစာ တက်ပေါင်းများလှပါပြီ။ဘာတွေထူးသွားသလဲ။ ဘာလုပ်လုပ် ဘာပြောပြော အဆိုးမြင်နေတာတော့ မဟုတ်ဘူးပေါ့ဗျာ။ သမိုင်းကို မသိရင် အ လိမ့်မယ်တဲ့။ ကျွန်တော်တို့ အ နေရင်တော့ တမျိုးပေါ့ဗျာ။ အခု က သူတို့ရေးတဲ့သမိုင်း ကို ကျွန်တော် တို့ ကြေညက်နေပြီ။ အခြေအနေအရ အ ခဲ့ရပေါင်းလည်း များလှပြီ။ထပ် မ အ ချင်တော့ပါဘူးဗျာ။ငယ်ငယ်တုန်းက ထပ်ခါတလဲလဲ နားထောင်ခဲ့ရတဲ့ ဗိုလ်အောင်ဒင် ဇတ်လမ်းလို ပါပဲ ။ တော်တော် ညက်နေပါပြီ။ ဘာပြီးရင် ဘာလာမယ်ဆိုတာ။ နေရာတကာ အကောင်းမြင် တာ မြန်တတ်ကြသော ဘော်ဒါများကိုလည်း ချီးကျူးပါတယ် တကယ်ပါ။ မြန်မာ ပီပီ ခွင်လွှတ် သနား ငဲ့ညှာ တတ်တဲ့စိတ်တွေ မေ့ပျောက်လွယ်တဲ့စိတ်တွေက အရိုးထဲစွဲနေပြီ။ ကျွန်တော်တော့ အဲ့ဒီစိတ်တွေကို မုန်းလာပြီဗျာ။ ဟဲဟဲ အကောင်းမြင်တာ မြန်သလို ဆဲတာလည်း မြန်တတ်တဲ့ လူတွေမို့ တော်ပြီဗျာ ဒီလောက်ပဲ။ အဲ နည်းနည်းကျန်သေးတယ်။ ရွေးကောက်ပွဲ နီးမှ ကျွန်တော် တို့ ဆီက ၀န်ထမ်းတွေ လစာ နည်းတာ ဆည်မြောင်းစီမံကိန်းတွေ လျှပ်စစ် စီမံကိန်းတွေ သောက်သုံးမကျတာ သိရသလားဗျာ။ လစ နည်းလွန်းလို့ ကျွန်တော်တောင် ၀န်ထမ်းဘ၀ ကို ကျောခိုင်းခဲ့တာ ၈ နှစ်ရှိပြီ။ စပါးစိုက်လို့မရလို့ ပဲစိုက်ထားတာ စပါးစိုက်ရမယ်ဆိုပြီး ရေတွေလွှတ်လို့ ခူးရခါနီး ပဲခင်းတွေ ပျက်စီး တောင်သူတွေ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ နဲ့ မျက်ရည် ကျ ခဲ့ရတာကို စိုက်ပျိုးရေးဝန်ထမ်း တယောက် အနေနဲ့ အနီးကပ် မြင်ခဲ့ ရပြီး တောက်ခေါက်ခဲ့ရတာများပြီး။

kooo said...

unknown ဆိုတဲ့ပုဂ္ဂိုလ်ရေ။ ၀န်ထမ်းတွေလစာ မတိုးတော့လည်း မတိုးလို့၊
လစာတိုးဖို့စီမံဆောင်ရွက်တော့လည်း တိုးလို့။ ဆိုတော့ကား ဘာလုပ်မှ အပြစ်ပြောတာလွတ်ကင်းမှာပါလဲခင်ဗျား။

Toe Gyi said...

ဦးရွှေမန်းကြီးရေး... လစာတိုးတာတော့ကောင်းပါတယ်၊ တရားဥပဒေစိုးမိုးရေးဟာ ခင်ဗျာအိမ်မှာစိုးမိုးမှုအပြည့် ရှိပြီလား? နာမည်နဲ့လိုက်အောင် နာထောင်လို့ကောင်တာတော့အမှန်ပါ သူများနိုင်ငံတွေမှာ ကုန်ဈေးနှုန်းထိမ်းချုပ်မှုကို အရင်လေ့လာ သင့်တယ်လို့ထင်ပါတယ်၊

kokomg said...

အမှန်ကိုတယ်သိပြီး လက်ခံကာပြူပြင်မယ်ဆိုတာက၀မ်းသာစရာပါ။လခတိုးပေးယုံနဲ.တော့လာဘ်စားမှုကိုမဖြေရှင်ူနိုင်ပါ။အခြေခံပြည်သူလူထုအကျိုးကိုတကယ်လိုလားတယ်ဆိုရင်..ကုန်ဈေးနှုန်းတည်ငြိမ်ရေး(လခတိုးရင်ကုန်ဈေးနှုနးကတက်မလာရအောင်) ဆောင်ရွက်ပေးပါ။ ...၀န်ထမ်းတွေကအာဏာပိုင်ပုံစံမျိုးကျင့်သုံးအနိုင်ကျင့်နေတာတွေကိုရပ်တန်.ပေးပါ။...ယဉ်ကျေးမှုဖြစ်လာတဲ့လာဘ်စားမှုတွေကိုလွယ်လွယ်ကူကူနဲ.တော့ရွှေပြည်အေးတရားဟောနေလို.တော.ဘယ်တော့မှမရနိုင်ပါဘူး...သိထားရမှာက ၀န်ထမ်း အခြေခံပြည်သူနဲ.စာရင်အလွန်နဲတဲ့ရာခိုင်နှုံးပါ။ ...အခြေခံပြည်သူတွေအဆင်ပြေရင် ၀န်ထမ်းတွေလဲအဆင်ပြေသွားမှာဘဲ..မဲရအောင်ပြောတဲ့စကားဆိုရင်တော့ဝမ်းနည်းစရာဘဲဗျာ....

ရာရာ said...

သူပြောတဲ့ အကျင့်ပျက်ချစားမှုတွေ ဗွက်ပေါက်နေတာက ဆယ်စုနှစ်သုံးခုလောက်တောင် ရှိလောက်ရော့မယ်...ဒါကို ခုမှ သိသလိုလုပ်ပြီး ကြားဖြတ်ရွေးကောက်ပွဲနီးမှ ခုလိုမျိုးပြောလာတော့ ရုတ်တရက်ကြီး ယုံကြည်ဖို့ရာ တော်တော်ခက်တယ်ဗျာ။ တကယ်ပဲလုပ်ခဲ့ရင်တော့ တော်တော်ကျေးဇူးတင်စရာကောင်းတဲ့ဖေါ်ဆောင်မှုလို့သတ်မှတ်ကြရမှာပါ။...ဒါပေမယ့် တကယ်လုပ်ခဲ့ပြီးမှကျေးဇူးတင်မှာနော်..
ပြောရုံလောက်နဲ့တော့ ကျေးဇူးမတင်နိုင်သေးဘူးဗျို့....ဘာဖြစ်လို့လဲဆိုတော့ လေထဲမှာပြောပြီး လေထဲမှာပဲ ပျောက်သွားပေါင်းများနေလို့...စီမံကိန်းတွေက လေထဲမှာပဲရှိနေကြတုန်းမို့လို့...ဟုတ်ကဲ့..အမှားပါလျင်ခွင့်လွှတ်ပါခင်ဗျား..

Anonymous said...

ဟာ ဒီ comment ကိုပိတ် ပိတ် ။ ငါတို့အလှည့်တုန်းကလဲ သူ ပိတ် ပိတ် ထားတာ

Powered by Blogger.