မင်္ဂလာဒုံ ရွှေနံ့သာစံပြကျေးရွာမှ လယ်သမားများက လယ်ယာမြေ ကိုသာ ပြန်လည်ရယူလို

ဓါတ်ပုံ(ဘူးသီး)
ဇေကမ္ဘာကုမ္ပဏီ၏ စက်မှုဇုန်အပိုင်း(၄) အကောင်အထည်ဖော်မှုတွင် ပါဝင်သော မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာ စံပြကျေးရွာရှိ လယ်ယာ မြေတွင် လယ်ယာ လုပ်ကိုင်သူများက ၎င်းတို့၏ လယ်ယာ မြေများ ကိုသာ ပြန်လည်အလိုရှိကြောင်း ယခုလ ၂၁ ရက်နေ့တွင် မြန်မာတိုင်း(မ်) ကို ပြောကြားသည်။
အဆိုပါ မြေများပေါ်တွင် လယ်ယာ လုပ်ကိုင်သူများက 'နိုင်ငံပိုင် သိမ်းခြင်း ဖြစ်သည်' ဟူသည့် ကျေးရွာအုပ်ချုပ်ရေး ပိုင်းမှ လူနှစ်ဦး၏ စကားကြောင့် ပေးအပ် ခဲ့ပြီးသော လယ်ယာမြေများအတွက် ကရုဏာကြေး ကျပ် ၃၀၀,၀၀၀ ကို လက်ခံ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
"အစက နိုင်ငံတော်က သိမ်းတယ်ဆို လို့ ဒီရေဒီမြေကို နိုင်ငံတော်က ပိုင်တယ် လေ။ အဲဒီတော့ ဒီက လူတွေကလည်း လက်ခံတာပေါ့။ နိုင်ငံတော်မြေဆိုတော့ နိုင်ငံတော်က ဘာလုပ်လုပ်ပေါ့။ ဒါပေ မယ့် နောက်တော့ ကုမ္ပဏီကဆိုတာ သိ သွားတယ်။ ဒါပဲလုပ်စားရတာ။ တို့ဘ၀ အနှစ်သာရက ဒီထဲမှာပဲ။ အဲဒါကြောင့် ကျန်တဲ့ ငါးဧကကို အခုထိ ထားထား တုန်းပဲ။ ကရုဏာကြေး မယူဘူး"ဟု ဒေါ်တင်စိန်က ပြောသည်။
အဆိုပါကုမ္ပဏီက ၂၀၁၀ ဖေဖော်ဝါရီ လ ၀န်းကျင်မှစတင်ခါ လယ်တစ်ဧက လျှင် ကရုဏာကြေး ကျပ်သုံးသိန်းစီပေး ကာ လယ်ယာလုပ်ကိုင်သူ ၇၁ ဦးထံမှ လယ် ၈၁၅ ဧက ခန့်ကို ရယူခဲ့ကြောင်း သိရသည်။
နှစ်လယ်ခန့်မှစတင်၍ သိမ်း ယူရရှိခဲ့သော လယ်စိုက်ဧကများတွင် လယ်ကန်သင်းရိုးများ ဖျက်သိမ်းခြင်း၊ ရေစီးမြောင်းများ ပိတ်ခြင်း၊၊တာရိုးရှိအပင် များကို မြေတူးစက်ဖြင့် ရှင်းလင်း၍ လမ်း ခင်းရန်၊ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့သည်။
"ကျွန်မက လယ်အလုပ်အပြင် ထန်းပင်တွေလည်း ရှိတယ်။ အဲဒီတုန်းက ထန်းပင်တွေရှိတဲ့အကွက်ကို ၀ယ်မယ်။ ထန်းတစ်ပင်အတွက် ကျပ် ၅,၀၀၀ ပေး မယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ရောင်း လိုက်တယ်။ အဲဒီလိုပြောပြီး ထန်းပင်တွေ ကို မြေတူးစက်နဲ့ ထိုးကော်သွား တယ်။ ကျသင့်ငွေကိုတော့ အခုချိန်ထိ မရသေး ဘူး"ဟု အဆိုပါကျေးရွာတွင် ၁၉ နှစ် ကြာ လယ်လုပ်ငန်းလုပ်ကိုင် နေထိုင် လျက်ရှိသူ ၃၈ နှစ်အရွယ်မနှင်းနန္ဒာက အတိအကျပြောသည်။
"ကျွန်မတို့သားသမီးတွေရဲ့ ပညာရေး နဲ့ ကျန်းမာရေးတွေကအစ ဒီလယ်က ရတဲ့ပိုက်ဆံနဲ့ နေခဲ့ကြတာပါ။ လယ်ပဲ အသက်မွေးဝမ်း ကျောင်းပြုတတ်တယ်။ လယ်ပဲလုပ်ချင်တယ်။ ဒီလယ်ယာမြေ တွေကိုပဲ ပြန်လိုချင်ပါတယ်။ မဟုတ်ရင် ကလေးတွေ ပညာရေးအတွက် ထိခိုက် လိမ့်မယ်"ဟု ၎င်းကဆက်ပြောသည်။
"လယ် ၁၂ ဧကရှိတယ်။ အစိုးရကို သီးစားတင်ထားတာ။ နိုင်ငံပိုင်သိမ်း တယ်ဆိုတော့ အဲဒီလယ်တွေ အကုန် ပေးလိုက်ရတယ်။ မဟုတ်ဘူးဆိုတာ သိရတော့ အဲဒီလယ်တွေ ပြန်လိုချင်ပါ တယ်။ လယ်ကလွဲပြီးလည်း လုပ်မစား တတ်ဘူး" ဟု နှစ်ပေါင်းများစွာ လယ် ယာစိုက်ပျိုးခဲ့သူ ၇၃ နှစ်အရွယ် ဦးဗျိုး က ရင်နင့်စွာပြောသည်။ "ကျွန်မက လယ် ၁၆ ဧကရှိတယ်။ သီးစားချထားတာ။ အကုန်ပါ သွားတယ်။ တစ်မိသားစုလုံး စားဝတ်နေရေးက ဒီလယ်ပေါ်မှာပဲ။ မြေတွေပြန်ရရင် ကျေနပ်ပါပြီ။ တခြား ဘာမှမလိုချင်ဘူး။ လယ်ပဲလိုချင်တယ်" ဟု ၄၈ နှစ်အရွယ် ဒေါ်တင်ရီက ပြောသည်။
အဆိုပါကုမ္ပဏီက လယ်ယာလုပ်ကိုင် သူများကို ဇန်န၀ါရီလ ၂၄ ရက်နေ့ နောက် ဆုံးထား ထွက်ခွာပေးရန် စာပို့ထား ကြောင်း သိရပြီး လယ်ကွက်အချို့ကို လည်း မင်္ဂလာဒုံမြို့နယ်တွင် အမှန် တကယ် နေထိုင်ခြင်း (သန်းခေါင်စာရင်း) မရှိသူအချို့ကို ရောင်းချထားပြီး ဖြစ် ကြောင်း လယ်ယာလုပ်ကိုင်သူအများ အပြားက ပြောသည်။
"၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေက ပုဒ်မနံပါတ် (၄)မှာ နိုင်ငံပိုင် လယ်ယာမြေကို ထပ်ဆင့် ရောင်းချ ပေါင်နှံခြင်းမပြုရလို့ ပါရှိပါ တယ်။ ၁၉၆၃ ခုနှစ် သီးစားချထားရေး နည်းဥပဒေအရလည်း လယ်ယာမြေကို လယ်မစိုက်ဘဲ အခြားနည်း အသုံးပြုရင် မဖြစ်ပါဘူး။ ထပ်ဆင့်ရောင်းချ ပေါင်နှံ ခွင့်မရှိတဲ့ လယ်ယာမြေကို တစ်ဆင့် ပြန်လည် ရောင်းချထားခြင်းကြောင့် ဥပဒေကြောင်းအရ ပြောစရာရှိနေပါ တယ်။ ကျွန်တော်တို့ရဲ့ တရားဥပဒေ ဘယ်လောက် စိုးမိုးနိုင်လဲဆိုတာတော့ စောင့်ကြည့်ရ မှာပဲ"ဟု အဆိုပါ လယ်ယာ လုပ်ကိုင်သူများ၏ အရေးကိစ္စကို ပါဝင် ဆောင်ရွက်ပေးနေသူ မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေး ပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေ က မြန်မာတိုင်း(မ်)ကို ပြောသည်။
"ကျွန်တော်လည်း တော်တော်ကြာတဲ့ အထိ ဒီကိစ္စကို မရှင်းဘူး။ အစက နိုင်ငံ တော်စီမံကိန်းဆိုတော့ ဘာမှပြောစရာ မရှိဘူးပေါ့။ လယ်သမားတွေကလည်း မွန်လူမျိုးတွေ၊ မြန်မာစကားကို ရေလည် အောင် မပြောတတ်ဘူး။ သူတို့ကလည်း ကိစ္စတစ်ခုရှိတိုင်း ခေါင်းဆောင်တင် ထားတဲ့သူကို သွားခိုင်း၊ အဲဒီလူပြန်ပြော ပြတာယုံ၊ အကုန်လုံး ကိုယ်တိုင်လိုက်လုပ် တဲ့သူမပါတော့ အခုထိတောင် ဒီကိစ္စကို သေချာ နားမလည်သေးတဲ့သူတွေ ရှိသေးတယ်။ "နိုင်ငံတော်ကလုပ်တဲ့ စက်မှုဇုန်လား၊ ကုမ္ပဏီကလား၊ အိုးအိမ်ကလား၊ ဘာမှန်း ကို မသိဘူး။ နောက်မှ ဇန်န၀ါရီလ ၁၈ ရက်နေ့က ကုမ္ပဏီရဲ့ ရှေ့နေနှစ်ယောက် လယ်သမားတွေဆီ ပို့လိုက်တဲ့စာရမှ သဘောပေါက်တာ"ဟု ဦးနေမျိုးဝေက ပြောသည်။
အဆိုပါစာတွင် ကုမ္ပဏီအား စက်မှုဇုန် လုပ်ကိုင်ရန် ခွင့်ပြုထားခြင်းမရှိကြောင်း၊ ကုမ္ပဏီမှ လယ်ယာမြေရရှိပါကလည်း စပါးစိုက် ခိုင်းထားခြင်းသာဖြစ်ကြောင်း၊ ဇေကမ္ဘာကုမ္ပဏီအနေဖြင့် စပါးလုပ်ကိုင် စိုက်ပျိုးခြင်းမရှိလျှင် တောင်သူတွေကို ပြန်လည် ချထား ပေးရမည်ဆိုသည့် အချက်ပါဝင်ပြီး တောင်သူများက လယ် ယာစိုက်ပျိုးလုပ်ကိုင်ခြင်းကို စွန့်လွှတ်ပြီး အခြား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် လိုပါသဖြင့် ကျေးရွာမြေယာကော်မတီ ကို မြေပြန်အပ်ကြောင်း ရေးသားထား ချက်မှာ မှားယွင်း ကြောင်း ဦးနေမျိုးဝေက ပြောသည်။
လယ်သမားများကမူ မိမိတို့၏ လယ်ယာမြေများကို မျှတစွာ ပြန်လည် ခွဲဝေပေးမည်ဆိုပါက ကျေအေးသင့် လျှင် ကျေအေးမည်ဖြစ် ကြောင်းနှင့် သို့မဟုတ်ပါက တရားစွဲနိုင်ရန် ဆက် လက်လုပ်ကိုင်မည်ဖြစ်ကြောင်း ပြောဆို သည်ဟု သိရသည်။
"ကျွန်တော်တို့က မထူးတော့ဘူး။ လယ်မရှိရင်လည်း ငတ်တော့မှာ။ ဒါ ပြန်ရမှ အဆင်ပြေမှာဆိုတော့ လုပ်တော့ လုပ်ရမှာပဲ"ဟု လယ်သမားတစ်ဦးက ပြောသည်။
လတ်တလောတွင် ကုမ္ပဏီမှ စက်မှုဇုန် တည်ဆောက်ရန် စီမံကိန်းများအတွက် ထပ်မံလှုပ်ရှားခြင်း မရှိသေးကြောင်း သိရသည်။ ယခုလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဒေါ်မီမီသိန်းတန် ကမူ ၂၀၁၁ မတ်လနောက်ပိုင်းမှစ၍ သက်ဆိုင်ရာ ခွင့်ပြုချက်အရ စက်မှုဇုန် အပိုင်း(၄)ကို ဆက်လက်ဆောင်ရွက် ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ စီမံကိန်း သည် နိုင်ငံတော်အစိုးရထံတွင် လုပ်ထုံး လုပ်နည်းနှင့်အညီ ခွင့်ပြုမိန့်ရပြီး ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောခဲ့သည်။
"ကျွန်တော်တို့က တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အမိန့်အတိုင်း ဆက်လက် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ပြည် တွင်း ဂျာနယ် တစ်ခုမှာပါထားတဲ့ ခွင့်ပြု ချက်တစ်စုံတစ်ရာမရရှိဘဲနဲ့ စက်မှုဇုန် အဖြစ် ဆက်လက်အကောင်အထည် ဖော်လျှင် လယ်ယာမြေများကို ဖျက်ဆီး မှုဖြင့် အရေးယူမည်ဆိုတာ ကျွန်တော်တို့ ကနဦး ညွှန်ကြားချက်မှာ မပါရှိပါဘူး။ နောက်တစ်ချက်က ရန်ကုန်စက်မှုဇုန် အပိုင်း(၄) အကောင်အထည်ဖော်တဲ့ မြေတွေဟာ လယ်မြေသီးစားချထားတဲ့ မြေသာဖြစ်လို့ စပါးစိုက်ပျိုးခွင့်ပြု ကြောင်း၊ စပါးစိုက် ပျိုးခြင်းမပြုပါက လယ်မြေသီးစားချထားတဲ့ မြေများကို ပြန်လည်ယူမည်ဖြစ်ကြောင်းဆိုတာ ဒါ ကျွန်တော်တို့ တရားဝင်ညွှန်ကြားချက် ထဲမှာ မပါပါဘူး" ဟု အဆိုပါ ရှင်းလင်းပွဲ တွင် ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက အတိအကျပြောသည်။
"ရန်ကုန်စက်မှုဇုန် အပိုင်း(၄)ကို အကောင်အထည်ဖော်တယ်ဆိုတာက ကျွန်တော်တို့ ဇေကမ္ဘာတစ်ယောက် တည်းနဲ့ လုပ်လို့မရပါဘူး။ နိုင်ငံတော် အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်ကို တင်ပြပြီးမှ ခွင့်ပြုမိန့်နဲ့စခဲ့တဲ့ လုပ်ငန်း ဖြစ်ပါတယ်"ဟု ၎င်းကဆက်ပြောသည်။
"ကျွန်မတို့ဘက်က မြို့ရွာ အိုးအိမ် ဌာန လုပ်ထားတာဖြစ်တော့ စာချုပ် အရဆိုရင် ဒီမြေတွေကို ရောင်းချပြီးရင် နှစ်နှစ်အတွင်း အဆောက်အအုံ ဆောက် ရမယ်ဆိုတာ ပါရှိတယ်။ မဆောက်ဖြစ် ခင်မှာ ဘာတွေလုပ်ပြီးပြီလဲဆိုတာ အမြဲ တင်ပြရတယ်။ နိုင်ငံတော် အစိုးရ၊ အိုးအိမ်ဦးစီးဌာန၊ မြို့ပြနဲ့မြေယာဌာနက ကြိုတင်ပြီးတော့ စီစဉ်ထားလို့ ရအောင် လို့ အမြန်ဆုံး စက်ရုံတွေဆောက်ကြပါလို့ နှိုးဆော်လွှာ နှစ်ကြိမ်ထည့်လိုက်တယ်။ အဲဒါကြောင့် အခု အမြန်ဆောက်နေကြ တာပါ"ဟုဒေါ်မီမီသိန်းတန်ကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး သက်ဆိုင်ရာ မြောက်ပိုင်းခရိုင်ရုံးမှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ညွှန်ကြားချက်အရ ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ စက်မှု ဇုန်အပိုင်း(၄)ကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်နေပါက အရေး ယူဆောင်ရွက်သွားမည်ဟု ဖော်ပြထား ကြောင်း သိရသည်။
နိုနိုအောင် (မြန်မာ့တိုင်းမ်)
မင်္ဂလာဒုံ ရွှေနံ့သာစံပြကျေးရွာမှ လယ်သမားများက လယ်ယာမြေ ကိုသာ ပြန်လည်ရယူလို မင်္ဂလာဒုံ ရွှေနံ့သာစံပြကျေးရွာမှ လယ်သမားများက လယ်ယာမြေ ကိုသာ ပြန်လည်ရယူလို Reviewed by သစ်ထူးလွင် on 10:27 Rating: 5

3 comments:

phyo1980 said...

မိခင်ရွှေ နင့် ခန္တာကိုယ်လည်းအချိန်တန်ရင် မြေကြီးထဲရောက်မှာဘဲ ဘယ်လောက် လောဘကြီးကြီးဘယ်လောက်ချမ်းသာချမ်းသာ အသက်၁၀၀
ထက်မပိုပါဘူး။နင့်အစာအိမ်ကဘယ်လောက်စားနိုင်မှာမို့ လူပေါင်းများစွာ
ဘ၀ပေါင်းများစွာ မျက်ရည်ကျအောင်လုပ်နေတာလည်း။

tharzaw said...

လောဘ လောဘ ... အတောကို မသတ်နိုင်ကြဘူး။

သက်မောင် said...

ကပ်ဖား၊ လူလိမ်၊ လူညစ် တစ်ဦးဖြစ်ပါသည်. စီးပွားရေးလောက အသိုင်းအ၀ိုင်းတွင်ပင်လျှင် သူကို မယုံကြည်ပါ... သူတော်သော အချက်မှာ လိုက်လံဖား၊ အခွင့်အရေးတောင်း ပေါက်ကရလုပ်ခြင်း ပင်ဖြစ်ပါသည်..

Powered by Blogger.