ဈေးရုံသစ်ပြန်လည် ဆောက်လုပ်ခြင်း လူနေဆိုင်ခန်း ဖြစ်နေခြင်းအပေါ် ကန့်ကွက်ခြင်း

မင်္ဂလာဒုံမြို့နယ်၊ အနန်းပင် ရပ်ကွက်(မြောက်ပိုင်း) ၊ တပင်ရွှေထီးလမ်းကို နောက်ကျောပေး၍ ဆောက်လုပ်လျှက်ရှိသော နှစ်ထပ်(RC) လူနေဆိုင်ခန်းဆောက်လုပနေမှုအပေါ်လမ်းသူလမ်းသားများမှ နာဂစ်ဒဏ်ကြောင့် ပျက်စီးသွားရသော ဈေးရုံနည်းတူ ဈေးရုံသက်သက်သာ ပြန်လည်ဆောက်လုပ်ပါရန် တင်ပြထားကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍  “ အုပ်ချုပ်ရေးပိုင်းက ကြည့်မယ်ဆိုရင် ဦးလက်ထက်မှာပဲ အဲဒီဈေးရုံကြီး ဆောက်ခဲ့တာ။ ဈေးရုံက ပေ ၆၀ ပေ ၂၀ရှိတယ်။ ဈေးရုံ ၅ ရုံ။ ရ.ယ.က နဲ့က လေးနှစ်လုပ်တယ်။ ရ.၀.တ နဲ့က သုံးနှစ်လုပ်ခဲ့တယ်။ ဦးလုပ်ခဲ့တဲ့အချိန် တုန်းကတော့ ရပ်ကွက်သူ ရပ်ကွက်သားများနဲ့ ဈေးသူဈေးသားများ စားသောက်နေထိုင်မှုအဆင်ပြေဖို့ ဈေးရုံကို အိုးအိမ်က နေပြီးတော့ အနန်းပင် ရပ်ကွက်ပြောင်းဖို့ အတွက်ကို ဈေးရုံပြန်တောင်းတာ။ ၀န်ကြီး ဦးအံ့ကျော် ကိုယ်တိုင် အိုးအိမ်က ဦးဆောင်ပြီး ဈေးရုံ ၅ ရုံဆောက်ပေးသွားတာ။ ဈေးရုံငါးရုံဆောက်ပေးတဲ့ အချိန်မှာလည်း အဲဒီဈေးရုံမှာလည်း ဈေးသူဈေးသား တွေရောင်းအားနည်းလို့ လမ်းကို ထပ်ပြောင်းသွားတယ်။ ဒီဈေးရုံကြီး ဒီအတိုင်းကျန်ခဲ့တယ်။ နာဂစ်ဖြစ်တဲ့ အချိန်မှာ ဈေးရုံ ၄ ရုံ ပြိုကျပျက်စီးသွားတယ်။ အဲဒီပြိုကျပျက်စီးသွားတာ အားလုံးကို သိမ်းဆည်းထားတာပေါ့။ အခု လာပြန်ဆောက်တဲ့ အခါကျတော့ လည်း ဈေးရုံပဲ။ အရင်တုန်းက အတိုင်းပဲပေါ့နော်။ သူတို့သတင်းပေးခဲ့တာကတော့ RC တိုင်နဲ့ဆောက်မယ်။ လေတိုက်လည်း မလွင့်တော့ဘူးပေါ့။ အခု နယ်က ပြန်လာတဲ့အခါကြတော့ နှစ်ထပ် လူနေဈေးဆိုင်ဖြစ်သွားတယ်။ ရပ်ကွက်သူ ရပ်ကွက်သား ကဦးက အုပ်ချုပ်ခဲ့သူဖြစ်တဲ့အတွက် လာတိုင်ပင်တယ်။ ဒါကတော့ လူနေအိမ်မဖြစ်သင့်ဘူး။ လူနေအိမ်ဖြစ်မယ် ဆိုရင် အနောက်မှာ ရှိနေတဲ့ တစ်ထပ် ဓနိမိုး၊ ထရံကာ အိမ်တွေက မျက်ကွယ်ဖြစ်ပြီး ဘာမှမမြင်ရတော့ဘူး။ လမ်းကလည်း ဆယ်ပေမရှိ ဘူး။ ဈေးရုံရဲ့ အနောက်လမ်း(တပင်ရွှေထီးလမ်း)က ရှစ်ပေပဲကွာတယ်။ အဲဒီအတွင်းမှာ ရေချိုးခန်း အိမ်သာပါမယ် ဆိုတော့ အနောက်က အိမ်တွေမှာ တူးထားတဲ့ ရေတွင်းတွေနဲ့ ဆို ကျမ်းမာရေးနဲ့ မညီညွတ်တော့ဘူး။ ဒီဟာကြီးကို ဒီလိုလုပ်မယ် ဆိုတော့ လမ်းသူလမ်းသား တွေဖြစ်ချင်တာကို မရောက်ရင် ဦးကလိုက်ပို့ပေးရမှာပဲ။ ဒီဟာကို လူနေအိမ်မဖြစ်ဘဲ ဈေးရုံသက်သက်သာ ဆိုရင်တော့ အနန်းပင် ရပ်ကွက်သားတွေအတွက် အတိုင်းထက်အလွန်ပေါ့။ ရပ်ဆိုင်းထားပါ ဆိုတဲ့အပေါ်မှာ မရပ်ဆိုင်းပဲပြန်လည် လုပ်ဆောင်နေတဲ့အတွက်ကြောင့် ဦးတို့ ဆက်ပြီး တင်ပြဖို့ တက်တာပဲ။” ဟု လမ်းအတွင်း အုပ်ချုပ်ရေး တာဝန်များ ဆောင်ရွက်ခဲ့သူ အိမ်နံပါတ် (၃၅) နေ ဦးရွှေအောင်မှ ပြောသည်။
အဆိုပါ အဆောက်အဦး ဆောက်လုပ်နေခြင်းနှင့် ပတ်သက်၍ လူနေဆိုင်ခန်းနှင့်ပတ်သက်၍ တင်ပြသူများကို အစည်းအဝေး တစ်ရပ်ခေါ်ယူ၍ ပြောဆိုရာ “ အစည်းအဝေးမှာ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးပြောသွားတာက အားလုံးကောင်း ပါတယ်။ ရပ်ကွက်ပြည်သူလူထု လိုလားတဲ့ ဈေးဆိုင်ဖြစ်အောင်ပဲ သူတို့လုပ်ပေးမယ် ဆိုတဲ့အကြောင်းပြောပြီးတော့ အားလုံးက ကျေကျေနပ်နပ်ထောက်ခံပါတယ်ဆိုတဲ့ သဘောတူညီချက်ကို ရယူသွားပါတယ်။ ဒါပေမယ့် ရပ်ထားပါပြောတဲ့ ဟာကို ဆက်လုပ်နေတဲ့အတွက် ဦးလေးတို့က စာတွေဆက်တင်ပြီး လိုက်လုပ်နေရပါတယ်။” ဟု ထိုလမ်းအတွင်း ဦးလှညွှန့်မှ ပြောသည်။ အစည်းအဝေးခေါ်ယူရာတွင် အစည်းအဝေးတက်ရောက်ကြောင်း လက်မှတ်ထိုးဟု ပြောကာ စာရွက်အလွတ်ပေါ်တွင် လက်မှတ်ထိုးခိုင်းကြောင်း သိရပါသည်။
ယခုဆောက်လုပ်လျှက် ရှိသော နှစ်ထပ်လူနေအဆောက်အဦးနှင့် ပတ်သတ်၍ တင်ပြထားခြင်းမှာ ဈေးရုံသည် တပင်ရွှေထီးလမ်း ကို နောက်ကျောပေး၍ ဆောက်လုပ်ထားခြင်းဖြစ်ပြီး လူနေအိမ်များ၏ မျက်နှာစာတွင် အိမ်သာများဆောက်လုပ်ပါက ကျဉ်းမြောင်းသော လမ်းနှင့် လမ်းအတွင်း တူးထားသော ရေတွင်းများပျက်စီးမည့်ကို စိုးရိမ်သောကြောင့် တင်ပြခြင်းဖြစ်ကြောင်း သိရသည်။

နောင်တော်လေး
MNN
ဈေးရုံသစ်ပြန်လည် ဆောက်လုပ်ခြင်း လူနေဆိုင်ခန်း ဖြစ်နေခြင်းအပေါ် ကန့်ကွက်ခြင်း ဈေးရုံသစ်ပြန်လည် ဆောက်လုပ်ခြင်း လူနေဆိုင်ခန်း ဖြစ်နေခြင်းအပေါ် ကန့်ကွက်ခြင်း Reviewed by သစ်ထူးလွင် on 00:58 Rating: 5

No comments:

Powered by Blogger.