အများပြည်သူ အသုံးပြုနိုင်သည့် ပီစီအိုဖုန်းကို မည်သူမဆိုလျှောက်ထားနိုင်ပြီး မည်သည့်နေရာတွင်မဆို ချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အင်ဂျင်နီယာတစ်ဦးက ပြောသည်။
“ဖုန်းခေါ်ဆိုခတွေ၊ ဖုန်းနဲ့ပတ်သက်တဲ့ အရာအားလုံးကို တာဝန်ယူနိုင်မယ့် သူတစ်ဦး လိုအပ်ပါတယ်။ ကျေးရွာလူကြီးမှ မဟုတ်ပါဘူး။ အာမခံပေးနိုင်မယ့် မည်သူမဆို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေပြည့်စုံရင် ချထားပေးသွားမှာပါ။ PCO အသုံးမပြုနိုင်တဲ့ နေရာတွေဆိုရင်တော့ မိုဘိုင်းဖုန်းကို ချထားပေးမှာပါ။ အဓိကတော့ဖုန်း အသုံးပြုမှု မတွင်ကျယ်သေးတဲ့ ဒေသတွေအတွက် ရည်ရွယ်ပြီး ဆောင်ရွက်ပေးတာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။
ကျေးရွာများမှ ဖုန်းအသုံးပြုခွင့် လျှေက်ထားရာတွင် မိမိအသုံးပြုမည့် PCO ဖုန်း (ကြိုးဖုန်း) သို့မဟုတ် မိုဘိုင်းဖုန်းတန်ဖိုးအပေါ်မူတည်၍ စပေါ်ငွေတင်ရမည်ဖြစ်ပြီးဖုန်းအတွက်ကနဦးတပ်ဆင်ခ ကောက်ခံသွားမည်မဟုတ်ပေ။ စပေါ်ငွေတင်ရာ တွင်လည်း ဖုန်းတန်ဖိုး၏ သုံးပုံတစ်ပုံခန့်သာ တင်ထားရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
“ ဖုန်းခေါ်ဆိုခနှုန်းထားက တော့ လက်ရှိ ဆက်သွယ်ရေးက သတ်မှတ်ထားတဲ့နှုန်းထားအတိုင်းပဲ ပေးသွင်းရမှာပါ။ ကျေးလက်ဒေသဆိုပြီး ပိုပြီးကောက်ခံမှာမဟုတ်ပါဘူး။ အသုံးပြုခွင့်လျှောက်ထားတဲ့အခါမှာလည်း ကြိုးဖုန်းလိုင်းရှိတဲ့ ဒေသကတော့ အချိန်တိုအတွင်းဖုန်းအသုံးပြုနိုင်မှာပါ။ ကြိုးဖုန်းလိုင်းလည်းမရှိဘူးဆိုရင်တော့ မိုဘိုင်းဖုန်းချထားပေးရမယ့်အတွက် အချိန်အနည်းငယ်ကြာမှာပါ။အတတ်နိုင်ဆုံးအချိန်တိုအတွင်း ပေးနိုင်အောင် တော့ ဆောင်ရွက်သွားမှာပါ” ဟု အထက်ပါပုဂ္ဂိုလ်ကဆက်လက်ပြောသည်။
သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် ဖုန်းလျှောက်ထားရမည်ဖြစ်ပြီး ဖုန်းတပ်ဆင်မှုကို မြို့နယ်ဆက်သွယ်ရေးရုံးများမှ ဆောင်ရွက်ပေးမည်ဟု ၎င်းကဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်း မိုဘိုင်းဖုန်းသန်း ၃၀ ချထားပေးရာတွင် ကျေးလက်ဒေသများပါ ပါဝင်ပြီး အင်တာနက်သုံးစွဲခွင့်ကိုလည်းငါးနှစ်အတွင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရှိရသည်။
တပ်မတော်အစိုးရလက်ထပ်တွင် အမျာသုံးပီစီအိုဖုန်းများအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများကသာ တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)
ပီစီအိုဖုန်းကို မည်သူမဆို လျှောက်ထားခွင့်ပြုပြီး မည်သည့်ဒေသတွင်မဆို ချထားပေးတော့မည်
Reviewed by သစ်ထူးလွင်
on
10:15
Rating:
6 comments:
ပြည်သူ့လိုအပ်ချက်က PCO ဖုန်းမဟုတ်ပါဘူး......
၅၀၀၀ နဲ့ mobile phone သာချပေး, tower တိုင်တွေများများထူ......
အဲဒီကျေးရွာဆိုတဲ့နေရာမှာ နွားလှည်းတောင်ဖုန်းနဲ့ on call လုပ်ပြီးစီးလိပ်မယ်.......
PCO နှင့်ပတ်သက်ပြီးပြောချင်ပါတယ်..
ဆက်သွ ယ်ရေးအဆက်အနွယ်နှင့် ဖုန်းယူပြီး မတရားတောင်းခံနေပါသည်... နေပြည်တော်တွင် (သဇင်ဆောင်များအနီး) ဆိုင်များသည် မြို့တွင်းပဲဖြစ်ဖြစ် မြို့ပြင်ခေါ်ခေါ် တစ်ခါခေါ် ကနဦး ၂၀၀ ကျပ်ပေးရပြီး တစ်မိနစ်လျှင် ၁၀၀ ကျပ် တောင်းခံနေပါသည်.... ရန်ကုန်နှင့် အခြားမြို့များတွင်လည်း တောင်းခံနေပါသည်.... တယ်လီဖုန်းတွင်ပါသော မိနစ်အချက်ပြစနစ်အား အများမမြင်ရစေရန် ဖုံးပိတ်ထားပါသည်... မိမိဘာသာ အချိန်မှတ်ခေါ်ဆိုလည်းမရပါ.. သူတို့လက်တွင် အချိန်မြန်သော နာရီကိုင်ဆောင်ထားပြီး မှတ်ပါသည်...
ခေါ်ဆိုသောသူအားလည်း ဘုကြည့်ကြည့်ပြီး ဘုတောခြင်းများ လုပ်တတ်ပါသေးသည်....
မြန်မာ့ဆက်သွယ်ရေးမှ ဆိုင်နံရံတွင် ရေးသားထားသည့် ဈေးနှုန်းများမှာလည်း မသုံးမ၀င် ရုပ်ပြသာလျှင်ဖြစ်နေပါသည်.... ပြည်သူများ ဘယ်သို့ လက်ခံရမည်နည်း...
ဘာတဲ့ အများပြည်သူသုံး ဟုတ်လား ပြောလိုက်ရင် တော့ အကြီးကြီး မိုလ်ဘိုင်းဖုန်း ၈၃၀ ဖုန်းလေး တလုံးလျှောက်မိပါတယ် စာရွက်စာတမ်းကြေး ရယ် ထိန်းသိမ်းခရယ် ပြောတဲ့ bill ထက် သူတို့က ပိုများနေတယ် ပြီးတော့ အဲ့ဌာနက ၀န်ထမ်းတွေ သောက်ကျော ကလဲ တင်းပါ့ မသိတဲ့သူဆို ငေါက်သေး ထိန်းသိမ်းခတဲ့ အဲ့ဒီ ပိုက်ဆံက မြန်မာ့ဆက်သွယ်ရေး အကောင့်ထဲ ၀င်တာလားလဲမသိ အရင် က bill စနစ်ကတော့ ထိန်းသိမ်း ခ ၁၅၀၀ တဲ့ အခု Prepaid ကဒ်လဲပြောင်းရော ထိန်းသိမ်းခ က ၅၀၀၀ တဲ့နေပြည်တော်ပျဉ်မနားpc0 ဌာန မှာ ဘယ်လိုလုပ်ကြမလဲ သုံးမပြောတဲ့သူဆို တလ ၅၀၀၀တောင်မကုန်ဘူး သူတို့က ၅၀၀၀ တဲ့ တော်ပြီ ပြောရင်လဲ ကောင်းတာ ထွက်လာမှာမဟုတ်ဘူး မြင်တွေ့နေရတာ
မယုယရေ အမှန်က ပိုက်ဆံပိုတောင်းတဲ့ ၀န်ထမ်းတွေအပြစ်မဟုတ်ဘူးဗျ လုပ်ပုံကိုင်ပုံမဟုတ်တဲ့ အထက်ကလူတွေအပြစ။် တစ်ခုမေးမယ်ဗျာ မယုယကို ဆက်သွယ်ရေးမှာနေ့စားဝန်ထမ်းခန့်ပြီး တစ်လကို လခ ၅၀၀၀ ပဲပေးမယ်ဆိုရင် အဲဒီ ၅၀၀၀ ထဲက ဟိုကြေးဒီကြေးဖြတ်ဦးမယ်ဆိုရင် မယုယ အဲဒီမှာ အလုပ်လုပ်မှာလား ကျနော်ပြောတာ ငါးထောင်နော် ငါးသောင်းနဲ့မှားပြောတယ် မထင်နဲ့ မယုံရင် စုံစမ်းကြည့် အဲဒီ PCO က ၀န်ထမ်း အမျိုးသား အမျိုးသမီးတွေရဲ့ တရားဝင် နေ့စားလစာက အဲဒီလောက်ပဲရတာဗျ ပြင်မယ်ဆိုရင် အထက်က အသုံးမကျတဲ့ လူတွေကိုပြင်ရမှာ တကယ်ဖြစ်သင့်တာက နိုင်ငံတကာမှာလို ကဒ်ဖုန်းနဲ့ အကြွေစေ့ဖုန်းတွေဖြစ်သင့်တာဗျ အဲဒါ လူ့စွမ်းအား အရင်းအမြစ်ကို ဖြုန်းတီးနေတာပဲ
ကို လင်းမြတ်ပြောတာ မှန်ပါတယ်...လက်ခံပါတယ်....
ယုယက ပီစီအို ဆိုင် ၀န်ထမ်းတွေကို အပြစ်တင်နေခြင်းမဟုတ်ပါ... တကယ့်ဖြစ်ပျက်နေတဲ့အပေါ် (ပီစီအိုလုပ်ငန်း) တင်ပြခြင်းသာပါ... ဒီလိုသာဆိုရင် သူတို့ပေးမယ့် ပီစီအို တိုင်းက အတုယူလိုက်နာပြီး ဆက်လုပ်ရင် ဆင်းရဲသားပြည်သူတွေ (ကိုယ်ပိုင်ဖုန်းမကိုင်နိုင်သူတွေ) အတွက် မလိုအပ်ပဲ ငွေတွေ စိုက်ထုတ်နေရမှာ စိုးတာပါ... ဖြစ်သင့်တာက သင့်လျော်သော နှုန်းသတ်မှတ်ချက် တပြေးညီ သတ်မှတ်ပြီး တိကျစွာ လိုက်နာဆောင်ရွက် အောင်လုပ်ပေးဖို့ပါ.... လက်ရှိအခြေအနေအရ ဖြစ်သင့်တဲ့ ကဒ်ဖုန်း/ အကြွေစေ့ဖုန်းများကိုလည်း မမျှော်လင့်ရဲပါ... ခုတောင် ကတ်ဖုန်း(နပတ) အတွက် ၁၀၀၀/ သတ်မှတ်ထားတာ စာတိုက်ရုံးမှာ တန်းစီဝယ်တာတောင်မရပဲ အပြင်မှာ 1300 ပေးဝယ်နေရပါတယ်...
ကျနော်ကတော့ လွတ်လပ်စွာသဘောထားကွဲပါတယ်..လစာမလောက်လို့ ဝန်ထမ်းအကျင့်ပျက်ရတယ် ဆိုတာ လက်မခံပါဘူး..အပြင်မှာပဲ ရိုးသားစွာ ရုံးကန်လှုပ်ရှားနေတဲ့သူတွေ ၅၅သန်း လောက် အများကြီးပါ ..အဲဒီလူတွေကို စော်ကားနေတဲ့ ဘယ်ဝန်ထမ်းကိုမဆို လက်မခံပါဘူး..လစာနဲလို့  မလုပ်နိုင်ရင် ထွက်..အပြင်မှာသူများတွေလို လုပ်ကိုင်စားလို့ ရပါတယ်...ခိုးစားရတာထက်တော့ မြင့်မြတ်ပါတယ်..ဆက်လုပ်နေရင် တစ်သက်လုံးသူခိုးဓါပြဘ၀က တက်မှာမဟုတ်ပါဘူး..အကျင့်ပျက်တွေကိုကာကွယ်ပေးနေဘို့ မလိုတော့ပါဘူး..ထိုက်သင့်သလို အရေးယူသင့်ပါပြီ..အပေါ်ဆုံးက စပြီး အရေးယူသင့်ပါပြီ..
Post a Comment