လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ဦးဂမ္ဘီရအား
ဘာသာအကျိုး၊ သာသနာအကျိုးနှင့် သာသနာတော် သန့်ရှင်းရေးအလို့ငှာ ဓမ္မစက်ဖြင့်
ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့်အတွက် အာဏာစက်ဖြင့်ဆောင်ရွက်ရမည်ဟု
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်ကို
တွေ့ရှိရပါသည်။
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇန်န၀ါရီလ ၁၃ ရက်နေ့က အကျဉ်းထောင်မှ လွတ်မြောက်လာပြီး ယင်းနေ့တွင်ပင် သင်္ကန်းပြန်လည်ဝတ်ခွင့်ပြုပါရန် လျှောက်ထားတောင်းပန်မှုမရှိဘဲ ရဟန်းပြန်ဝတ်ခဲ့သည့် ဦးဂမ္ဘီရာသည် နိုင်ငံတော်က တရားဥပဒေနှင့်အညီ ယခင်က ချိတ်ပိတ်ထားသော သင်္ဃန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်းတိုက်တွင် ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ ဗဟန်းမြို့နယ် ခြောက်ထပ်ကြီးဘုရားတိုက်ရှိ သာသနာ့သိပ္ပံကျောင်းတိုက်နှင့် သာသနာ့ဂုဏ်ရည်ကျောင်းတိုက်တို့၏ သော့များအား ရိုက်ဖျက် ဖွင့်လှစ်ခဲ့ခြင်းတို့ကို ကျူးလွန်ခဲ့သဖြင့် သက်ဆိုင်ရာက အမှုဖွင့်၍ အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ သြ၀ါဒခံယူရန် ဦးဂမ္ဘီရအား သုံးကြိမ်တိုင်ခေါ်ယူခဲ့သော်လည်း လာရောက်ခြင်းမရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၀ ရက်တွင် မရန်းကုန်းမြို့နယ် ကမ္ဘာကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အစည်းအဝေးခန်းမသို့ ခေါ်ယူခဲ့ရကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသက ဆရာတော်ကြီးများ၏ သြ၀ါဒခံယူရန်မိန့်ကြားခဲ့ကြောင်းနှင့် လမ်းညွှန်ဆုံးမသြ၀ါဒများအတိုင်း လိုက်နာသီတင်းသုံးနေထိုင်ရန်နှင့် ၀န်ခံကတိပြုချက်များကို ဖောက်ဖျက်ကျူးလွန်ပါက သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ တည်ဆဲဥပဒေများအရလည်းကောင်း အရေးယူခံရမည်ဖြစ်သည်ကို ၀န်ခံကတိလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ဦးဂမ္ဘီရသည် ၀န်ခံကတိပြုလက်မှတ်ရေးထိုးခဲ့သော်လည်း သံဃာထုတစ်ရပ်လုံး၏ကိုယ်စား အချက် ၁၀ ချက်ပါစာကို လျှောက်ထားခွင့်ပြုပါရန် ဆရာတော်ကြီးများအား တင်ပြခဲ့ကြောင်း၊ ဆရာတော်ကြီးများက ခွင့်ပြုခဲ့သည့်အတွက် လျှောက်ထားခဲ့ရာ ဦးဂမ္ဘီရက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ၎င်းအားပေးပို့သော အကြောင်းကြားစာပါ ''ခွင့်ပြုချက်မရှိဘဲ ပြစ်မှုကျုးလွန်နေသော'' ဟုသည့် စကားရပ်ကို ကန့်ကွက်ကြောင်း၊ ရွှေည၀ါဘုန်းကြီး ဦးပညာသီဟအား သာဓုဗုဒ္ဓတက္ကသိုလ်ကျောင်းတိုက်မှ တစ်လအတွင်းထွက်ခွာရန် နှင်ထုတ်ခြင်းကို ကန့်ကွက်ကြောင်း၊ အကျဉ်းသား ၄၁၅ ဦးတွင်ပါဝင်သော ရဟန်း ၄၃ ပါးအား အကျဉ်းထောင်မှ လွတ်မြောက်ရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဆောင်ရွက်ပေးခြင်းမရှိသဖြင့် အလေးအနက် ရှုံ့ချကြောင်း စသည်တို့ ပါဝင်သည်။
ထို့ပြင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက ၀ိနည်းတော်နှင့်အညီ သင်္ကန်းပြန်လည်ဝတ်ခွင့်ပြုရန် လျှောက်ထားလွှာတင်သွင်း ရေးမိန့်ကြားခဲ့သော်လည်း ဦးဂမ္ဘီရက ''၎င်းကိစ္စမှာ မိမိလို သံဃာတစ်ပါးအတွက် လိုအပ်မထင်ကြောင်းနှင့် သင်္ကန်းဝတ်ခွင့်ပြုရန် လျှောက်ထားသွားမည်မဟုတ်ကြောင်း'' ပြန်လည်ပြောကြားခဲ့သည်။
ဦးဂမ္ဘီရ၏ လျှောက်ထားချက်များသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအား ထိပါးစော်ကားမှုပြုပြီး ဂုဏ်သိက္ခာကျဆင်းစေရန် အတင့်ရဲစွာ ဆောင်ရွက်လာခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
ဦးဂမ္ဘီရ၏ ဆောင်ရွက်မှုများသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ပညာဂုဏ်၊ သီလဂုဏ်၊ သမာဂုဏ်များကိုပါ ထိပါးစေရုံသာမက သံဃာထုအား ၀ိနည်းစည်းမျည်းစည်းကမ်း၊ ၀ိနည်းဓမ္မကံ၊ လုပ်ထုံးလုပ်နည်းများနှင့် ထိန်းသိမ်းရန် အခက်အခဲ ရှိလာစေမည်ဖြစ်သည်။ ထိုမျှမက သက်တော်၊ ၀ါတော်၊ ပညာဂုဏ်၊ သီလဂုဏ်၊ သမာဓိဂုဏ်တို့ဖြင့် ပြည့်စုံသော ဆရာတော်ကြီး ၄၇ ပါးဖြင့် စနစ်တကျဖွဲ့စည်းထားသော နိုင်ငံတော်အဆင့်ရှိ သံဃာ့အဖွဲ့အစည်းအား ''ကန့်ကွက်ခြင်း၊ ရှုံ့ချခြင်း''ဆိုသည့် သုံးနှုန်းထိပါးစော်ကားမှုများကို လျစ်လျူရှုပါက မစင်ကြယ်သော ရဟန်းများ၊ ပုဂ္ဂိုလ်များအတွက် ပိုမိုအတင့်ရဲလာစေနိုင်သည့် အလားအလာရှိကြောင်း တွေ့ရသည်။
ထို့ကြောင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအနေဖြင့် စိတ်မချမ်းမသာဖြစ်ကြရပြီး ဓမ္မစက်ဖြင့်ဆောင်ရွက်ရန် မဖြစ်နိုင်တော့သည့်အတွက် အာဏာစက်ဖြင့် ဆောင်ရွက်ရမည်သာဖြစ်ကြောင်း သဘောထားဆန္ဒရှိတော်မူကြသည်။
သို့ဖြစ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဂုဏ်သိက္ခာမြင့်မားပြီး ဘာသာအကျိုး၊ သာသနာအကျိုးနှင့် သာသနာတော်သန့်ရှင်းရေးကို ပိုမိုဆောင်ရွက်နိုင်စေရေးအတွက် ၀ိနည်းဓမ္မကံလုပ်ထုံလုပ်နည်းများကို အကြိမ်ကြိမ်ချိုးဖောက်ပြီး နိုင်ငံသူနိုင်ငံသား တိုင်းလိုက်နာရမည့် တရားဥပဒေကို အကြိမ်ကြိမ်ဖောက်ဖျက်ကျူးလွန်သည့်အပြင် ရဟန်းနှင့်မအပ်စပ်သည့် နိုင်ငံရေးမှိုင်းမိပါက ထင်ရာစိုင်းနေသော ဦးဂမ္ဘီရ(ခ)စန္ဒောဘာသ(ခ)ညီညီလွင် (၃၃)နှစ်အား ၀ိနည်းဓမ္မကံလုပ်ထုံးလုပ်နည်းများ ပြစ်မှုဆိုင်ရာဥပဒေများနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
EMG

ဦးဂမ္ဘီရ အား ဖမ်းဆီးအရေးယူမည့်ကိစ္စ အစိုးရသတင်းများတွင်ဖော်ပြချက်အပြည့်အစုံ
Reviewed by သစ်ထူးလွင်
on
03:40
Rating:
22 comments:
လူတွေလူအလုပ်မလုပ်လို့ မလုပ်ရဲလို့ ဘုန်းကြီးတွေ ၀င်လုပ်ပေးတာ အခုမှမဟုတ် အူးဥတ္တမတို့ခေတ်ကတည်းက။
လူတွေလူအလုပ်လုပ် လုပ်ရဲလာတဲ့ခေတ် ဘုန်းကြီးတွေ ၀င်လုပ်ပေးစရာမလိုတော့ရင် ဘုန်းဘုရားတွေ ကျောင်းသင်္ခမ်းမှာ အေးဆေးနေပေလိမ့်မယ်။
comment from hla kyaw nay.......
ဘယ်ဘက်ကမှန်နေလဲဟင်။ မသိတော့ဘူး။
ဘသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေး မလုပ်သင့်ပါ ..ညီညီလွင်ရေ..
သတ္တိရှိရင် မင်းကိုနိုင်တို့လို လူဝတ်နဲ့လည်း နိုင်ငံရေး လုပ်လို့ရပါတယ်..
ဆရာတော်ကြီးတွေနဲ့ ဘာသာကို တော့ မစော်ကားပါနဲ့..တောင်းပန်ပါတယ်..
လောကမှာ ကိုယ့်အလုပ်ကိုယ်မလုပ်ကြရင်...အဲလိုပဲဖြစ်ကြမယ်...
ဘုန်းကြီးအလုပ်ဘုန်းကြီးမလုပ်လို့ အခုလိုဖြစ်တာပဲ
ဦးဂမ္ဘီရပြောတာမှန်တာပဲ..
အင်း ... ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ ပြောနေကြတဲ့လူတွေကို မေးကြည့်ချင်တယ်။ ခင်ဗျားတို့ အမျိုးသားရေးအလုပ်တွေကို အနှစ်နှစ်ဆယ်လောက် ကြေပျွန်အောင် လုပ်နိုင်ကြရဲ့လား ဆိုတာပါပဲ။ ငါ ကောင်းစားရေး အတ္တနဲ့ တစ်ဘို့ထဲအတွက် လုပ်တာကမှ ကိုယ့်အလုပ်လို့ ယူဆပါသလား?
နိုင်ငံရေး လုပ်ချင်တယ်ဆိုရင် လူထွက်ပြီး လုပ်နိုင်ပါတယ်၊ နိုင်ငံရေး နဲ့ ဘာသာရေး မရောထွေးသင့်ပါ၊ ဆရာတော်ကြီးများအား မစော်ကားသင့်ပါ၊
အပေါ်က Unknown ပြောတဲ့ လူတွေ လူအလုပ်မလုပ်ဘူးဆိုတာ ဘာကိုပြောတာလဲမသိဘူး။
လူတွေ အုံကြွတာ မကြွတာ၊ ထချတာ မချတာ၊ လူတွေနဲ့ ဆိုင်တဲ့ အလုပ်ပါ။ ဘုန်းကြီး အလုပ်မဟုတ်ပါဘူး။
ရှင်းရှင်းလေးပါ နိုင်ငံရေးသိပ်လုပ်ချင်ရင် သိပ်တက်ကြွရင် လူထွက်လိုက်ပါ၊ လုပ်ရပ်မှန်ရင် မှန်သလို နောက်ကနေ လူတွေလိုက်ထောက်ခံပါလိမ့်မယ်။
အဲ.. လူထွက်ပြီဆိုရင် လူလိုတော့ တစ်ဝမ်းတစ်ခါးကျောင်းရကောင်း ကျောင်းရမှာပေါ့။
အရေခြုံပြီး ဘာသာ သာသနာ သိက္ခာတော့လာမချပါနဲ့။
လူကောင်းပြောတာမှန်ပါတယ်။ဘုန်းကြီးကဘုန်းကြီးအလုပ်လုပ်
တာအကောင်းဆုံးပါ။ဘာသာရေးနဲ့သာသနာကိုမရောသင့်ပါ။
နိုင်ငံရေးလုပ်ချင်ရင်လူဝတ်လဲပါ။ သာသနာကိုအကြည်ညိုပျက်
စရာ၊ မလေးစားရာ မလုပ်သင့်ပါဘူး။သင်္ကန်းဝတ်ထားတဲ့ရဟန်းဟာရဟန်းကျင့်ဝတ်နဲ့ညီ
ရပါမယ်။ဒါဟာအစိုးရကိုထောက်ခံတာမဟုတ်ပါဘူး။ ဘာသာနဲ့သာသနာကိုမရောစေချင်တာ။
ဘုရားသာသနာသန့်ရှင်းစေချင်တာပါ
ဦးဂမ္ဘီရ အမိန့်ရှိတာတောင်းဆိုတာအားလုံးအား ဘုရားဝိနည်းတော်နှင့်အားလုံးအညီပဲ ကျွန်တော်ဟာ သာသနာလောကမှာ ၁၀နှစ်ကျော် ဓမ္မာစရိယတန်းပြီးသည်အထိနေထိုင်ခဲ့ဘူးပါတယ်၊ ရဟန်းတစ်ပါးဖြစ်ဖို့ သံဃမဟာနာယကတွေရဲ့ခွင့်ပြုချက်ယူရမယ်လို့ ဘယ်ဝိနည်းပါဠိတော်မှာမှ မဟောကြားခဲ့ပါဘူး၊ သင်္ကန်းဆွဲချွတ်သည့်အချိန်တုန်းကရော သံဃမဟာနာယကဆရာတော်များက ၀င်ရောက်ဖြေရှင်းခဲ့ဘူးပါသလား၊ သံဃာတော်များကိုညှင်းဆဲနှိပ်စက်ဖို့ရန် သံဃာမဟာနာယဆရာတော်ဆိုတဲံ လူဆိုးဂိုဏ်းကြီးကို အာဏာရှင်များမှ မြှောက်စားထားခြင်းဖြစ်ပါတယ်၊ သူတို့အားထားသည့် အဖွဲ့အစည်းကို ထိပါးသည်ကိုတော့မခံချင်၊ သူတစ်ပါးကိုးကွယ်ယုံကြည်သူများကိုတော့ အမျိုးမျိုးအန္တရယ်ပေးနှောက်ယှက်နေတာဟာ ဗုဒ္ဓတရားတော်နှင့်ညီပါသလားလို့ တရားမျှတမှုရှိပါသလားဆိုတာကို မိမိတို့လေးစားပါတယ်ဆိုတဲ့ သံဃမဟာနာယကဆရာတော်များကို ပြန်လည်းမေးလျှောက်ကြည့်စေလိုပါသည်၊ သံဃမဟာနာယကဆရာတော်များ၊ တကယ်ဂုဏ်သိက္ခာကိုစောင့်စည်းချင်တယ်ဆိုရင် သံဃာတော်များရဲ့ဂုဏ်တော်များတွင် တစ်ပါးအပါအ၀င်ဖြစ်တဲ့ ဥဇုပ္ပဋိပန္နဂုဏ်တော်နှင့်အညီ မည်သူ့ကိုမျှမျက်နှာမလိုက်ပဲ ကျင့်သုံးဖို့သာလိုပါတယ်၊ ရွှေည၀ါဆရာတော်ကိစ္စမှာလည်း ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာ သံဃာလောကမှာ ဖိုးသူတော်အဆင့်ကတောင်သိနိုင်ပါတယ်
(ဦဂမ္ဘီရရဲ့ ဆရာတော်ကြီးတွေထံကို တင်တဲ့ စာကို ဧရာဝတီဘလော့ ပြန်ရှာပြီး ဖတ်ရန်)
ဦးဂမ္ဘီရ ရဲ့ မဟာနာယကဆရာတော်ကြီးတွေထံကို ရေးတင်တဲ့ စာကို ဖတ်ကြည့်လိုက်ရင်
ဦးဂမ္ဘီရဟာ သင်္ကန်းဝတ်ထားပြီး သင်္ကန်းနဲ့ဆိုင်တဲ့ သာသနာနဲ့ဆိုင်တဲ့ အသိအမြင် ဘာမှ ရှိမထားဘူး-ဆိုတာ အရှင်းသာ တွေ့ရတယ်။
ရွှေဝါရောင်ကာလတုန်းက သံဃာတွေကို ဖမ်းဆီးနှိပ်စက်တာ၊ ကျောင်းတွေကို ချိတ်ပိတ်တာ အားလုံးဟာ စစ်အစိုးရက လုပ်တာ၊ စစ်အစိုးရက ပြစ်မှုကျူးလွန်လို့ ဆိုပြီး ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ အရေးယူတာ။ ဒီလိုမျိုး ပြစ်မှုဆိုင်ရာဥပဒေနဲ့ အရေးယူခံရတဲ့ အမှုတိုင်းမှာ(သူတို့ စွဲဆိုသလို ဟုတ်တာ မဟုတ်တာ အပထား) ဆရာတော်ကြီးတွေအနေနဲ့ ၀င်ရောက်စွက်ဖက်ခွင့် မရှိဘူး ဆိုတာ ဦးဂမ္ဘီရ နားလည်ထားဖို့လိုတယ်။
“သံဃာ့ကိစ္စ သံဃာဆုံးဖြတ်” ဆိုတာမျိုးက နေရာတကာ လုပ်လို့ မရဘူး။ ဥပမာ သံဃာတစ်ပါး လူသတ်မှုကျူးလွန်တယ်-ဆိုရင် ဓမ္မ၀ိနယ အတိုင်း ဆုံးဖြတ်မယ်ဆိုလို့ကတော့ အဲဒီသံဃာကို လူဝတ်လဲပေးရုံအပြင် ပိုလုပ်လို့ မရဘူး။ ထောင်ဒဏ် ဘယ်နှစ်နှစ်ကျစေ-ဆိုတဲ့ အမိန့်မျိုးကို ဘုရားတရားတော်က ခွင့်ပြုမထားဘူး။ ဒီလိုဆိုရင် နစ်နာသူဘက်က ဘယ်လိုလုပ် ကျေနပ်နိုင်မလဲ။ ဒီတော့ ပြစ်မှုဆိုင်ရာ ဥပဒေအတိုင်းအရေးယူရတယ်။
ဦးဂမ္ဘီရတို့ကို အရေးယူခဲ့တာက အစ အခုနောက်ဆုံး ချိတ်ပိတ်ထားတာကို ကိုယ့်ဖာသာကိုယ်ဖွင့်တဲ့ အထိ အကုန်လုံးဟာ အာဏာပိုင်ဆိုသူတွေက ပြစ်မှုဆိုင်ရာ ဥပဒေဆိုတာနဲ့ လုပ်တာ၊ ဆရာတော်ကြီးတွေ လုပ်တာ မဟုတ်ဘူး။ ဆရာတော်ကြီးတွေက ကြားထဲက ၀င်ဖြန်ဖြေပေးနေတယ်ဆိုတာ သဘောပေါက်ဖို့လိုတယ်။
“ခွင့်ပြုချက် မရှိဘဲ ပြစ်မှုကျူးလွန်နေသော” ဆိုတဲ့ အသုံးအနှုန်းကလဲ အဲဒီ အာဏာပိုင်တွေရဲ့ အသုံးအနှုန်းပဲ။ ဆရာတော်ကြီးတွေက ဦးဂမ္ဘီရတို့ကို ခေါ်ယူတဲ့အခါမှာ ဒီအသုံးအနှုန်းကို သုံးရတာဟာ တဘက်က တင်ပြလာတဲ့ အတိုင်း သုံးတာဖြစ်လို့ ဆရာတော်ကြီးတွေကို ဘာမှ အပြစ်တင်ဖို့ မလိုဘူး။ တရားရုံးမှာ တဘက်က တရားလိုရဲ့ တင်ပြလာတဲ့အတိုင်း တရားခံအစစ် မဟုတ်သော်လည်း တရားခံဆိုတဲ့ အသုံးကို လောလောဆယ် သုံးရတာ ထုံးစံပဲ။
နောက်ပြီး ရွှေည၀ါတို့ ဒယ်အိုးတို့ကို တရားဟောခွင့်ပိတ်တာဟာ ဓမ္မ၀ိနယနဲ့ မညီဘူးလို့ ပြောရအောင် ဦးဂမ္ဘီရ ဓမ္မ၀ိနယ-ဆိုတာကို သိပါရဲ့လား။ ဓမ္မ၀ိနယဆိုတာ နိကာယ်ငါးရပ် ပိဋကသုံးပုံ ပါဠိ အဋ္ဌကထာ ဋီကာတွေအားလုံးကို ဆိုလိုတယ်။ ဒါတွေအားလုံးကို ဦးဂမ္ဘီရ လေ့လာထားပြီးပြီလား။ မြန်မာစာလုံးပေါင်းတောင် မှန်အောင် မရေးတတ်သေးတာကို ထောက်ရင် ပါဠိဘာသာနဲ့ ပါဠိ အဋ္ဌကထာ ဋီကာတွေကို ဖတ်နိုင်ဖို့ဆိုတာ ဦးဂမ္ဘီရ တော်တော် အလှမ်ဝေးပါသေးတယ်။ တကယ်တော့ ဦးဂမ္ဘီရအနေနဲ့ ဓမ္မ၀ိနယဆိုတာကို စကားလုံးအနေနဲ့ ကြားဖူးရုံထက် မပိုပါဘူး။
ပြောလိုက်ဦးမယ်။ “လူ့အခွင့်အရေးနဲ့ မညီဘူး”ဆိုတာကတော့ တော်တော်ကို ရယ်စရာကောင်းတယ်။ မှတ်ထား ဦးဂမ္ဘီရ၊ ပြောပြမယ်။ တကယ်လို့ ဦးဂမ္ဘီရဟာ လူတစ်ယောက်ဆိုရင် ဦးဂမ္ဘီရ အရက်ဆိုင် ၀င်ပြီး အရက်သောက်လဲ ဦးဂမ္ဘီရရဲ့ လူ့အခွင့်အရေး၊ ပြည့်တန်ဆာအိမ်သွားပြီး ပျော်ပါးမယ်ဆိုရင်လဲ အဲဒါ ဦးဂမ္ဘီရရဲ့ လူ့အခွင့်အရေးပဲ။ ဘယ်သူကမှ ဦးဂမ္ဘီရကို တားမြစ်ချုပ်ချယ်ပိုင်ခွင့် မရှိဘူး။ အေး- ဦးဂမ္ဘီရဟာ သင်္ကန်းဝတ်ထားတဲ့ ရဟန်းတစ်ပါး ဖြစ်နေရင်တော့ ဒီလိုမျိုး လုပ်ရပ်တွေအတွက် ဘုရားရှင်ရဲ့ ၀ိနည်းတရားတော်အတိုင်း အရေးယူရမှာဘဲ။ ဒါကိုမှ လူ့အခွင့်အရေး ချိုးဖောက်ပါတယ်-လို့ ပြောလာရင်တော့ ပြောတဲ့သူဟာ ပုံမှန်စိတ် မရှိတဲ့သူ၊ ဘာမှ နားမလည်တဲ့သူလို့ ပြောရလိမ့်မယ်။
ဦးဂမ္ဘီရကို အကောင်းဆုံးအကြံပြုချင်တာကတော့ သင်္ကန်းဝတ်နဲ့ ဆက်နေမယ်ဆိုရင် ဆရာကောင်းသမားကောင်းတွေထံ ချဉ်းကပ်ပြီး ဗုဒ္ဓရဲ့တရားတော်တွေ၊ ဦးဂမ္ဘီရ ပြောတဲ့ ဓမ္မ၀ိနယဆိုတာတွေကို ကျကျနန လေ့လာသင်ကြားပါ၊ သံဃာ့အဖွဲ့အစည်းနဲ့ ဆိုင်တဲ့ ပြဋ္ဌာန်းချက်တွေကိုလဲ လေ့လာပါ-လို့ အကြံပြုချင်တယ်။
ဟင်းဟင်း .... post တွေထဲမှာတော့ ဆရာလူတတ်တွေအများသား..ပါကလား။ ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်ကြပါ၊ ကိုယ်ဟာ လူတွေကောင်းကျိုးဘယ်လောက်လုပ်ပြီးပြီးလဲလို့။( အဲလောက်ပဲလောလောဆယ်ပြောချင်ပါသေးတယ်)
ဆ၇ာတော်ဦးဥတ္တမကို မမေ့သင့်ဘူး။
ဓမ္မာစရိယတန်းပြီးဆုံးတဲ့အထိ သာသနာလောကမှာ ဆယ်နှစ်ကျော် နေခဲ့ဖူးပါတယ်ဆိုတဲ့ My love ရေ-
ခင်ဗျား ဘယ်လိုနေခဲ့တယ်၊ ဓမ္မာစရိယတန်းကို ဘယ်လို ပြီးဆုံးခဲ့တယ် ဆိုတာတော့ ခင်ဗျားဘဲ သိမယ်။
ခင်ဗျားပြောတဲ့ “ရဟန်းတစ်ပါးဖြစ်ဖို့ သံဃမဟာနာယကရဲ့ ခွင့်ပြုချက်ကို ရယူရမယ်-လို့ ဘယ်ဝိနည်းပါဠိတော်မှာမှ မဟောကြားခဲ့ပါဘူး” ဆိုတာကတော့ ခင်ဗျားစကားသက်သက်ပါ။ ဆရာတော်ကြီးတွေက အဲဒီလို မပြောဘူး။ အဲဒီလိုလဲ ညွှန်ကြားထားတာ မရှိဘူး။
ဆရာတော်ကြီးတွေ ညွှန်ကြားထားတာက “ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ အရေးယူခံရတဲ့ ရဟန်းများ ထောင်က ပြန်လွတ်တဲ့အခါ သံဃမဟာနာယကအဖွဲ့မှာ သင်္ကန်းပြန်လည်ဝတ်ခွင့်ပြုရန် လျှောက်ထားဖို့” ကိုပဲ ညွှန်ကြားတာ။
ဒီလို ဘာလို ညွှန်ကြားရတာလဲဆိုတော့ ပြစ်မှုဆိုင်ရာဥပဒေဆိုတဲ့အထဲမှာ မုဒိန်းမှုလဲပါတယ်၊ လူသတ်မှုလဲပါတယ်၊ ခိုးမှုလဲ ပါတယ်။ ဒါတွေနဲ့ ထောင်ကျသွားပြီး ပြန်ထွက်လာတဲ့သူကို ဒီအတိုင်း သင်္ကန်းကောက်ဝတ်ပေးလို့ မဖြစ်ဘူး။ ပါရာဇိကသိက္ခာပုဒ်နဲ့ အမှန်တကယ် ငြိစွန်းမှု ရှိ/မရှိ ၀ိနိစ္ဆယဖွဲ့ပြီး စစ်ဆေး ဆုံဖြတ်တာ လုပ်ရတယ်။ ဒီလို လုပ်နိုင်အောင် ညွှန်ကြားရတာ ဖြစ်တယ်။
ဦးဂမ္ဘီရတို့ အမှုမျိုးကတော့ စစ်အစိုးရက ပြစ်မှုဆိုင်ရာ ဥပဒေနဲ့ စွဲပြီးထောင်ချလိုက်တာဖြစ်ပေမဲ့ ပါရာဇိကဆိုင်ရာ ပြစ်မှုမျိုး မဟုတ်တဲ့အတွက်အတွက် ၀ိနိစ္ဆယဖွဲ့ပြီး စစ်စရာ မလိုတော့ဘူး။ သင်္ကန်းပြန်ဝတ်ခွင့်လျှောက်လွှာ တင်ပြီးတာနဲ့ ၀တ်ခွင့်ရတယ်။
တိုတိုပြောရရင် ပါရာဇိကဆိုင်ရာ ပြစ်မှုမျိုး ကျူးလွန်ထားတာ ဟုတ်/ မဟုတ် စိစစ်နိုင်အောင် သင်္ကန်းပြန်ဝတ်ခွင့်လျှောက်ထားရတယ် လို့ မှတ်ပါ။
“သင်္ကန်းပြန်ဝတ်ခွင့် လျှောက်ရတယ်” ဆိုတဲ့ စကားလောက်ကို ကြည့်ပြီး အမှန်/ အမှားကို မဆုံးဖြတ်ရဘူး။ အဲဒီနောက်မှာ ဘယ်လို အဓိပ္ပာယ် ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်သလဲ ဆိုတာကိုလဲ သိအောင်ကြိုးစားရတယ်။
“သဒ္ဒတ္ထ”လောက်သာ သိပြီး “အဓိပ္ပာယတ္ထ” တို့ “ဘာဝတ္ထ”တို့ကို သိအောင် မကြိုးစားတဲ့သူဟာ လူညံ့ဘဲ။ ခေတ်စကားနဲ့ ပြောရင် “literal Meaning” လောက်တင် ရပ်နေဖို့ မဟုတ်ဘူး။ “ Derivative Meaning” အထိ ဆက်လေ့လာဖို့ လိုတယ်ဆိုတာ မှတ်သားထားပါ My love ရေ။
မောင်သစ္စာ
Truly accept on your thoughtful facts.
I have lost impression to ဦးဂမ္ဘီရ after listening his hard and harsh tone.
I read your previous comment in EMG website that someone copied from Irrawaddy blog.
Thank You !
လောကကြီးမှာ လူရယ်လို့ဖြစ်လာရင် ဘယ်ဟာက တရားတယ် မတရားဘူးဆိုတာကို သိရှိနားလည်သဘောပေါက်မှသာ ဒါက တရား၏ ဒါက မတရားဘူးလို့ အမှန်ကိုအမှန်အတိုင်း အရှိကိုအရှိအတိုင်း ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုရဲသူကိုသာလျှင် လောကကြီးက အာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြုခြင်းကို ခံကြရပေသည်။ မတရားမှုကို မြောက်များစွာ ကျူးလွန်ထားသူတို့သည် အမှန်တရားကို ငရဲကျမှာထက်ပင် ကြောက်ရွံ့ စိုးထိတ်ကြကုန်၏။ အမှန်တရား ထုတ်ဖော်ပြောဆိုသူကိုလည်း မကောင်းဆိုးဝါး ယမမင်းကဲ့သို့ မှတ်ထင်တတ်ကြကုန်၏။ စဉ်းစားပါ ဝေဖန်ပါ၊ သုံးသပ်ပါ၊ တရားမျှတရေးဆိုတဲ့ အခြေခံလောကပါလတရားတွေမစောင့်ထိမ်းသရွေ့တော့ ပိဋကတ်တွေ မိုးပျံအောင်တတ်နေလည်း သိပညာတတ်မှတစ်ပါးနွားထက်ပိုသာလို့သာ ဆိုလိုက်ပါရစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
နိုင်ငံရေးနဲ့ဘာသာရေး မဆိုင်ဘူးဆိုရင် မြန်မာ့သမိုင်းတော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ ဆရာတော်တွေဟာ အမှားတွေလုပ်ခဲ့တာပေါ့ ။ ပြီးခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့ သံဃာတွေအကုန်လုံးလဲ အမှားတွေ လုပ်ခဲ့ကြတာပေါ့ ။ အဲဒီအမှားတွေ လုပ်ခဲ့တဲ့ သံဃာတွေကို အကူအညီပေးခဲ့တဲ့ လူတွေကလဲ ဦးနှောက်မဲ့ခဲ့ကြတာပေါ့ ။ အကန်အကျောက်ခံ ၊ အနှိပ်စက်ခံ ၊ အသတ်ခံခဲ့ကြရတဲ့ သံဃာတွေလဲ သက်သက်အရူးထပြီး လုပ်ခဲ့ကြတာပေါ့ ။ နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွားရေး ဆိုတဲ့ ခေါင်းစဉ်သုံးမျိုးအောက်မှာ အမျိုး ၊ ဘာသာ ၊ သာသနာသည် ဘယ်ခေါင်းစဉ်အောက်မှာ ရှိပါသလဲ ။ ကိုပိဋကတ်ဋီကာ ကျမ်းပြုဆရာများ ဖြေကြပါကုန် .........
ကိုလူကောင်း၊ ကို set htun၊ ကိုသစ္စာတို့ရေးသားထားတာ တကယ့်စဉ်းစားဆင်ခြင်ပြီး ရေးထားတာမို့လို့ ထောက်ခံပါတယ်..ဗုဒ္ဓသာသာလူမျိုးစစ်စစ်မဟုတ်ပဲ ဒီပို့ဒ်တွေကို ခုတုန်းလုပ်ပီး ရေးချင်တာ ရေးနေတဲ့ ဘာသာကွဲလူမျိုးတွေရဲ့ သွေးထိုးမှုကို သတိထားစေချင်ပါတယ်.။ အကောင်းအဆိုးတောင် ဝေဖန်ပိုင်းခြားမသိကြတဲ့လူတွေ..ဒါ နိုင်ငံအတွက်လား..ဒါမိမိကိုယ်ကျိုးစွန့်တာလား..နောက် စကားကြီးစကားကျယ်.လူတွေကောင်းကျိုးဘာတွေလုပ်ပြီးပြီလဲဆိုတောတွေကပါသေးတယ်..ကိုယ့်ကိုယ်တိုင်ရော ဒီလိုပြောဆိုဖို့ သီလ သိက္ခာ စင်ကြယ်လား..ငါးပါးသီလတောင်လုံရဲ့လားဆိုတာ အရင်သုံးသပ်သင့်ပါတယ်..စာတွေလဲများများဖတ်ကြပါ..ဦးဂမ္ဘီရလို ဦးဇင်းမျိုးလဲ စာသေချာဖတ်သင့်ပါတယ်။
from: www.dhamma garden.com
ဆရာအတင်မှားက အပါယ်လားနိုင်သည်။
ဆရာအတင်မှားက အပါယ်လားနိုင်သည်
ဓမ္မကထိက ဆရာတော်တစ်ပါး၏ သြ၀ါဒခံယူပွဲတစ်ခုတွင် သီတဂူ ဆရာတော်ကြီး၏
သြ၀ါဒတစ်ခုကိုနာကြားရပါသည်။ “ရဟန်းတစ်ပါးအနေနဲ့ ပလ္လင်ပေါ်တက်တဲ့အခါ ပလ္လင်နဲ့
တန်တဲ့စကားကိုပဲပြော၊ပလ္လင်ပေါ်တက်ပြီး လမ်းဘေးက ကလေကချေတွေပြောသလိုစကား
မျိုးကို မပြောနဲ့၊ ကလေကချေတွေပြောတဲ့စကားမျိုးကို ပြောမယ်ဆိုရင် ပလ္လင်ပေါ်တက်ဖို့
မသင့်ဘူး” ဟု နာကြားရပါသည်။ ထို့ပြင် ဆရာတော်ဘုရားသည် တပည့်များကိုလည်း
ဤသို့ဆုံးမတတ်ပါသည် “မင်းတို့တွေ တချိန်မှာ ပလ္လင်ပေါ်တက်တော့မယ်ဆိုရင် မတက်ခင်
ကတည်းက ပိဋကတ်စာပေတွေကို သေချာလေ့လာ၊ လေ့လာပြီးမှပြောသေချာလေ့လာခြင်းမရှိဘဲ
နောက်မှ မှားသွားပါတယ်ဆိုတဲ့ ဆင်ခြေကိုမပေးနဲ့” ဟု အမြဲဆုံးမလေ့ရှိပါသည်။
မှန်ပါသည်၊ မည်သူမှ အမှားနှင့်မကင်းဟူသော စကားကို စာရေးသူ လက်ခံပါသည်၊ သို့သော်လည်း
ဓမ္မကထိက ဆရာတော်၏ အမှားသည် စေတနာအမှားပင် ဖြစ်စေကာမူ လူပေါင်းမြောက်များစွာ
အယူအမြင်တွေ မှားသွားနိုင်ပါသည်။ မပြစ်မှားသင့်သူကို ပြစ်မှားနိုင်ကြသည်။ ဘုရားရှင်က
သတ္တ၀ါများအားသံသရာဝဋ်ဒုက္ခမှ ကယ်တင်ရန်အတွက် ထားရစ်ခဲ့သည့် တပည့်သားကြောင့်
သတ္တ၀ါအများ အပါယ်သို့ချည်း သွားကြရမည်ဆိုပါလျှင် ခုတ်ရာတခြား ရှရာတစ်ခြား၊
ခါးတောင်းကျိုက်တလွဲ တင်တလွဲဖြစ်ပေတော့မည်။ မိုးကုတ်ဆရာတော်ကြီး ဆုံးမတော်မူသည့်
“ဆရာမှားပါက တပည်အများမှာ တသံသရာလုံးမှောက်သွားနိုင်သည်” ကို
သတိပြုဆင်ခြင်သင့်ပါ၏။
ဤတွင် စာရေးသူ အကြိမ်ကြိမ်အခါ နာကြားနေမိသော ပါချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ ၏ တရားတော်ကို ထုတ်နုတ်ဖော်ပြချင်ပါသည်၊ မိမိကိုယ်တိုင်လည်း
အထပ်ထပ်နားကြားပါသည်၊ စာရေးသူနှင့် နီးစပ်ရာ ဒကာ ဒကာမ မိတ်ဆွေအပေါင်းအသင်း
တို့ကိုလည်း လက်လှမ်းမှီသမျှ ဖြန့်ဝေ၍ နားကြားစေခဲ့ပါသည်။ ဤနေရာတွင် “တရားသိလျက်
အကျင့်ခက်” ဟူသော တရားတော်ထဲမှ စာရေးသူပေးချင်သော မက်ဆေ့ကိုသာ
ကောက်နှုတ်ဖော်ပြအံ့..
“ရဟန်းတစ်ပါးအနေနဲ့ စာသင်လိုက်လို့ ဘာစာမေးပွဲတွေအောင်တယ်၊ ဘွဲ့ထူး ဂုဏ်ထူးတွေရတယ်
စာပေတွေတတ်လာတယ်လို့ နာမည်လေးတစ်လုံးရလာတဲ့အခါကျတော့ ကြည်ညိုကိုးကွယ်တဲ့
ဒကာ ဒကာမတွေများလာတယ် များလာတော့ လာဘ်လာဘတွေ များလာတယ်၊ များလာတော့
စိတ်ကြီးဝင်လာတယ်၊ ပုထုဇဉ်တို့ရဲ့ သဘာဝအတိုင်း မာန်မာနတွေ ဖြစ်လာတယ်၊ သင်ထားတဲ့
စာကို အကြောင်းပြုပြီးတော့ လာဘ်လာဘတွေပေါလာတယ် လာဘ်လာဘတွေပေါလာတာကို
အကြောင်းပြုပြီးတော့ ငါသိတယ် ငါတော်တယ် ငါတတ်တယ် ဘေးကလည်းဝိုင်းပြီးမြှောက်
တာတွေ ပါလာတဲ့အခါကျတော့ မာန်တက်လာတယ်တဲ့ မာန်တက်လာပြီဆိုကတည်းက
သိတော့သိပြီ မကျင့်တော့ဘူး အောက်ချေလွတ်သွားပြီးတဲ့အခါမှာ ဘာတွေဖြစ်ကုန်သတတ်တုံး
ဆိုရင် ပြောချင်ရာပြောတာတို့ လုပ်ချင်ရာလုပ်တာတို့ သူပြောသမျှ ပရိတ်သတ်က လက်ခံနေတယ်
ဆိုရင် ပြောချင်ရာပြောတယ် သူလုပ်သမျှပရိတ်သတ်က လက်ခံနေပြီဆိုရင်လည်း လုပ်ချင်ရာလုပ်
တယ်ဆိုတဲ့ အနေအထားမျိုးတွေ ဖြစ်ပေါ်လာတယ်”
ဆရာတော်ဘုရားသည် အထက်ပါတရားတော်ကို အကြောင်းမဲ့ဟောကြားခြင်းမျိုးမဟုတ်ပါ၊
ယခုအခါသာသနာအတွင်း၌ ပေါ်ပေါက်နေသော ဟောချင်ရာဟော ပြောချင်ရာပြောနေသော
ပုဂ္ဂိုလ်အချို့ကြောင့်သာသနာအရေးကို စိုးရိမ်ကြောင့်ကြတော်မူသောကြောင့် ဟောခြင်း
ဖြစ်ကြောင်း ထင်ရှားပါသည်။
တရားမလိုက်၊ အမှားကြိုက်၊ ဆရာမိုက် နှင့် လွဲပါစေ ဟု ဆန္ဒပြုရင်း…….
အရှင်ဝရသာမိ
http://www.sbay-student.org/
www.dhammaanalysis.multiply.com/
mr.sober အရဲ့ အမေးကိုဖြေရရင်၊ ကျမ်းတတ်ဆရာတော့မဟုတ်ပါဘူး။
သမိုင်းတော်လှန်ရေးမှာ ပါတဲ့ဆရာတော်တွေဟာ ဘယ်ပုံ ဘယ်နည်းနဲ့ ပါတာလဲ အတိအကျမသိရလို့ မှားတယ်မှန်တယ် အတိအကျမပြောနိုင်ဘူး။ ဥပမာ ဘုရားဟော တရားတွေနဲ့ ကိုက်ပြီး ညင်ညင်သာသာ နည်းလမ်းတွေကိုပဲ လမ်းပြဟောကြားတယ်ဆိုရင် တကယ့်ဘုရားဟောကိုပဲ ဟောတယ်ဆိုရင်မှန်ပါလိမ့်မယ်။
အဲ့ဒီလိုမဟုတ်ဘဲ လူတွေကို ဆူကြွလာအောင်၊ ခံပြင်းလာအောင်၊ ဒေါသ အထွတ်အထိပ်ရောက်လာအောင် ဆွပေးတယ်ဆိုရင် ဘုရားသားတော် သင်္ကန်းဝတ်ကြီးဖြစ်ရက်နဲ့လုပ်သင့် မလုပ်သင့် အဖြေက ရှင်းပါတယ်။
သံဃာတွေ မေတ္တာပို့ ရုံ ပို့တာ မမှားဘူး။ ဒါပေမယ့် တကယ်မေတ္တာ ပို့ချင်တာလား၊ စီတန်းပြီး လူတွေကို ဆွပေး ဒေါသပွားအောင်လုပ်ပေးတာလား ပါတဲ့ကိုယ်တော်တွေကိုယ်တိုင်ပဲသိမယ်။
ကျောင်းသားခေါင်းဆောင်တွေ လူတွေကို သွေးဆူအောင်၊ တက်ကြွအောင်လုပ်တာ ဘာမှ ပြောစရာမရှိဘူး။ အဲ့ဒါလူတွေ၊ အခုဟာက ဘုရား သားတော် သံဃာတွေ။ ခရစ်ယာန် ဓမ္မဆရာလည်းမဟုတ်သလို၊ ဗလီဆရာတွေလည်း မဟုတ်ဘူး။ ဗုဒ္ဓ အလိုကျပဲနေရမယ်။ ဗုဒ္ဓ က သံဃာတွေ ရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်ကြဆိုပြီး မှာတော်မမူခဲ့ဘူး။ လူတွေ စိတ်ဝမ်းငြိမ်းချမ်းအောင်လုပ်ဖို့၊ ကုသိုလ်တရား ပွါးများစေဖို့ ပဲ မှာခဲ့တယ်။ အဲ့ဒီအရေး အခင်း မှာ ဘုန်းကြီးတွေကို ကူတဲ့ လူတွေ မမှားဘူး။ ဘယ်သူ့မဆို ဆာလောင်နေသူ၊ ပူလောင်နေသူကို အရိပ်ပေးတာ၊ ကျွေးတာ၊ ရေတိုက်တာ လုပ်ကြမှာပဲ။ ကျောင်းသားတွေဆိုလည်းပေးမှာ ကျွေးမှာပဲ။
ရှင်းရှင်းလေးပါ.. သံဃာ နိုင်ငံရေးသိပ်စိတ်ဝင်စားနေရင် လူထွက်၊ ပြီးရင် ကိုယ်လိုချင်တဲ့ လွတ်လပ်ရေး၊ ဒီမိုကရေစီ၊ အခွင့်အရေးရပြီ ကျေနပ်ပြီဆို ရဟန်းပြန်ဝတ်။ ပါရာဇိက မကျထားရင် ပြန်ဝတ်လို့ရတယ်တဲ့ အပေါ်မှာ တတ်ကျွမ်းသူများကလည်း ပြောထားပြီးပြီ။ သင်္ကန်းဝတ်ကြီးတကားကားနဲ့ ဒီလိုလုပ်နေတာကတော့ ကောင်းလားမကောင်းလား ကိုယ့်ဟာကိုယ် စဉ်းစားသာကြည့်ပေတော့။
အဲ့ဒီအရေး အခင်းမှာ တချို့ ဘုန်းကြီးတွေ ရဲတွေကို ထိုင်ရှိခိုးနေတဲ့ပုံ (တကယ်ဟုတ်လား မဟုတ်လားတော့မသိဘူး) ကတော့ တော်တော်ရုပ်ဆိုးတယ်။ အကျိုးဆက်က ဘာသာခြားစော်ကားသူတစ်ယောက် ရဲ့ ဘလောက်မှာ တင်ပြီးစော်ကားတာ ခံလိုက်ရတာပဲ။
သံဃာ သင်္ကန်းဝတ်နဲ့ နိုင်ငံရေး မလုပ်သင့်တာကိုပြောနေတာ၊ သံဃာ သင်္ကန်းစွန့် လူဝတ်လဲပြီး ကြိုက်တဲ့ နိုင်ငံရေး လုပ်၊ ဘာမှ ပြောစရာမရှိဘူး။
သံဃာ နိုင်ငံကိစ္စ၊ လူကိစ္စ အလွန်အကျွံ ဝင်ပါရမယ်လို့ ဘုရားဟောထားသလား၊ မပါရဘူးလို့ ဘုရားဟောထားသလား၊ ရှင်းရှင်းလေး။
သံဃ နာယက အဖွဲ့ တာဝန်ကျေတာ မကျေတာ တစ်ပိုင်း၊ သင်္ကန်းဝတ်ကြီးနဲ့ နိုင်ငံရေးထဲလျှောက်ပါနေတာ တစ်ပိုင်း။
မောင်သစ္စာ ရေ ခင်ဗျားက ဘုရားဝိနည်းတော်ကို မကိုးကားပဲ သံဃလုပ်ထုံးလုပ်နည်းတွေကို ကိုးကားပြောဆိုတော့ ခင်ဗျားထောက်ခံနေတဲ့ သံဃမဟာနာကဆရာတော်တွေကကော လုပ်ထုံးလုပ်နည်းတွေကို တကယ်လိုက်နာရဲ့လားဆိုတဲ့ လေ့လာကြည့်ဖူးပါသလား အာဏာရှင်အလိုကျ ခိုင်းတိုင်း လိုက်ပြီးအမိန့်ထုတ် အရေးယူနေတာမှန်သမျှ လုပ်ထုံးလုပ်နည်းနဲ့ ညီတယ်လို့ဆိုလိုတာလား၊ သံဃလုပ်ထုံးလုပ်နည်းတွေဟာ ကောင်းပါတယ် အဲဒီ့လုပ်ထုံးလုပ်နည်းတွေကို ဖေါက်ဖျက်ချင်သလို ဖေါက်ဖျက်နေတာ ဘယ်သူတွေလဲ သံဃာလောကကြီးမှာ အပေါ်ယံ စာမေးပွဲစနစ်တွေကအစ စစ်အာဏာရှင်အလိုကျ ဖျက်ဆီးခဲ့တဲ့အဖွဲ့ဟာ ဘယ်အဖွဲ့ကြီးလဲ ခင်ဗျားလဲ သိသင့်သလောက်သိပြီးဖြစ်မှာ မသိချင်ရောင်ဆောင်နေတာမျိုးမဖြစ်စေချင်ပါဘူး၊ မဟန နဲ့ ဦးဂမ္ဘီရ ဘယ်သူက ပိုပြီးမတရားမှုပိုများလဲဆိုတာ ယနေ့ထုတ်လိုက်တဲ့ ဦးဝီရသူရဲ့ သဘောထားထုတ်ပြန်ချက်ကို ဖတ်ကြည့်ပါလို့ပဲ တိုက်တွန်းပါရစေ၊ တရားမျှတတော သဘောထားထုတ်ပြန်ချက်ဖြစ်လို့ပါ ကျေးဇူးတင်ပါတယ်
ဟင်းဟင်း .... post တွေထဲမှာတော့ ဆရာလူတတ်တွေအများသား..ပါကလား။ ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်ကြပါ၊ ကိုယ်ဟာ လူတွေကောင်းကျိုးဘယ်လောက်တောင် သယ်ပိုးပြီးပြီးလဲလို့။(ရဟန်းပညာရှိ၊လူပညာရှိများခင်ဗျား..... အဲလောက်ပဲလောလောဆယ်ပြောချင်ပါသေးတယ်)
ဘာတဲ့ အပေါ်မှာ nlabr ပြောထားတာ (တရားမျှတရေးဆိုတဲ့ အခြေခံလောကပါလတရားတွေမစောင့်ထိမ်းသရွေ့တော့ ပိဋကတ်တွေ မိုးပျံအောင်တတ်နေလည်း သိပညာတတ်မှတစ်ပါးနွားထက်ပိုသာ) ဆိုလား ဘာဆိုလား
nlabr ------ u r very exactly right. WE ARE WELCOME. Anybody who was afraid of saying right is look like animals.If knowledge is wrong, comment is ---------------------low level.
Post a Comment