အန်အယ်လ်ဒီ မျိုးဆက်လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အန်အယ်ဒီလူငယ် မျိုးဆက်သစ်၊ မျိုးဆက်ဟောင်းတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ အဖွဲ့ချုပ် ဗဟိုလူငယ်အဖွဲ့မှ ကိုမြတ်ကျော်ကျော်က
ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ- ဒီဗွီဘီ)
“အန်တီက လူငယ်တွေ အခုလို ပြန်ဆုံပြီးတော့ အင်အားအပြည့်နဲ့ တွေ့ရတာကို သူ့အနေနဲ့ ကြိုဆိုတယ်ပေါ့။ အခုအချိန်က အောင်နိုင်ရေးကာလ ဖြစ်တဲ့အတွက် ဗဟိုမှာ လုပ်ငန်းအဖွဲ့တွေကို အကုန်ဖွဲ့သေးတာ မဟုတ်တဲ့အတွက် အောင်နိုင်ရေးကို ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ ကျနော်တို့ကို ပြောသွားပါတယ်။  အဲ့အတွက် ကျနော်တို့ တက်လာတဲ့ လူငယ်အားလုံးကလည်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဗဟိုက လူငယ်အထောက်ကူပြုအဖွဲ့ကို အဆင့်အသီးသီးကနေ တိုင်းနဲ့ပါ ချိတ်ဆက်ပြီးတော့ အားလုံး ဝိုင်းဝန်းပံ့ပိုးပြီး အလုပ်လုပ်သွားဖို့ ဆုံးဖြတ်ကြပါတယ်” လို့ ပြောပါတယ်။
အန်အယ်လ်ဒီမျိုးဆက်သစ် လူငယ်တွေ့ဆုံပွဲကို ရန်ကုန်တိုင်းလူငယ် အထောက်အကူပြု အဖွဲ့ဝင်များ၊ တိုင်းနဲ့ပြည်နယ် အသီးသီးက လူငယ် ကိုယ်စားလှယ်တွေ အပါအ၀င် လူ ၂၀၀ ကျော် တတ်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
မြို့နယ်အသီးသီးမှာလည်း လူငယ်အဖွဲ့တွေ အားကောင်းကောင်းနဲ့ ပေါ်လာဖို့ကိုလည်း လူငယ်မျိုးဆက်သစ် မျိုးဆက်ဟောင်း တွေ့ဆုံပွဲမှာ ဆွေးနွေးကြတယ်လို့ ဆက်ပြောပါတယ်။
“ကျနော်တို့ မြို့နယ်တွေမှာ လူငယ်လုပ်ငန်းတွေကို အရင်  ၁၉၉၀တုန်းကလို အားကောင်းကောင်းနဲ့ ပေါ်လာအောင် ဝိုင်းပြီးတော့ အကြံပြုကြတာ လုပ်ကြတာ ပေါ့နော်။  အဓိက ကတော့ အောင်နိုင်ရေးမှာ လူငယ်တွေ အပြည့်အဝ ပါဝင်လှုပ်ရှားဖို့ ဝိုင်းပြီးတော့ ဆွေးနွေးကြပါတယ်။ ရှိနေတဲ့ အောင်နိုင်ရေးအဖွဲ့ကို ကူဖို့။ ထပ်ပြီးတော့ ဖွဲ့ဖို့တော့ ကျနော်တို့မှာ အစီအစဉ် မရှိပါဘူး။”
အကျဉ်းထောင်တွေကနေ လွတ်မြောက်လာတဲ့ ၂၀၀၇ ကျောင်းသားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။
လွတ်မြောက်လာတဲ့ ကျောင်းသားတွေကို သက်ဆိုင်ရာ တက္ကသိုလ် အသီးသီးက ကျောင်းဝင်ခွင့် လက်မခံတဲ့အတွက် သွားရောက် တွေ့ရတာလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ကိုဒီငြိမ်းလင်းက ပြောပါတယ်။
“အဓိကကတော့ ကျနော်တို့ ပညာရေးကဏ္ဍနဲ့ ပတ်သက်ပြီးတော့ တွေ့တာပါ။ ကျနော်တို့တတွေ အခု အကျဉ်းထောင်အသီးသီးကနေ ပြန်လည် လွတ်မြောက်လာပြီးတော့ ကျောင်းပြန်တက်ခွင့် မရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြောကြ ဆိုကြ ဆွေးနွေးကြတာပါ။ ကျနော်ရယ် စည်သူမောင်၊ ရဲမင်းဦး၊ ရဲမြတ်ဟိန်း၊ အောင်အောင်ကျော်၊ မနွဲ့နှင်းရီတို့ ပါ ပါတယ်။”
ကျောင်းပြန်တက်ခွင့် မရတာနဲ့ပတ်သက်လို့လည်း ကိုဒီငြိမ်းလင်းက “ကျောင်းအပ်တာ မရတာ မဟုတ်ဘူး။ ကျနော်တို့ကို ကျောင်းက လက်ကို မခံတာဗျ။ ကျောင်းတက်ဖို့ကို ကျနော်တို့ကို လက်မခံတာ။ ကျနော်တို့တွေ ထောင်ထဲကနေ ထွက်ပြီးကတည်းက သက်ဆိုင်ရာ ကျောင်းအသီးသီးက ပါမောက္ခချုပ်တွေကို စာတွေတင်တယ်၊ ကျောင်းတက်ဖို့ စာတွေတင်တယ်။ ဒါပေမယ့် သူတို့ဘက်က အကြောင်းတစုံတရာ ပြန်ကြားမှု မရှိဘူး။ လက်ခံတယ် လက်မခံဘူးဆိုတာ သူတို့ကိုယ်တိုင် ဆုံးဖြတ်ခွင့်မရှိဘူး။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ၂၇ ရက်နေ့က စတင်တယ်။
၂၀၁၂ ခုနှစ် လွတ်လွတ်ချင်းတော့ ကျနော်တို့ ကျောင်းသွားတယ်။ အကျိုးအကြောင်းတွေ မေးကြည့်တယ်။ သူတို့က စာတင်ပါပြောတော့ ကျနော်တို့ စာတင်ပေးတယ်။ သို့သော်လည်း အကြောင်းအကျိုးပြန်ကြားခြင်း မရှိသေးပါဘူး အခုအချိန်အထိပါပဲ။ လက်ခံတယ် လက်မခံဘူးဆိုတာကို လုံးဝအကြောင်းပြန်ကြားခြင်း မရှိဘူး” လို့ ပြောပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲမှာ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးအတွက်လည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
ကိုဒီငြိမ်းလင်းဟာ ၂၀၀၇ ဗကသများအဖွဲ့ချုပ်မှာ ပါဝင်ခဲ့တဲ့အတွက် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရပြီးမှ ဇန်န၀ါရီ ၁၃ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့သူလည်း ဖြစ်ပါတယ်။ 
ဒီဗွီဘီ
အန်အယ်လ်ဒီ မျိုးဆက်လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ အန်အယ်လ်ဒီ မျိုးဆက်လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ Reviewed by သစ်ထူးလွင် on 20:29 Rating: 5

No comments:

Powered by Blogger.