ဒီပဲရင်းကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ခေါင်းထဲမှာ မရှိဟု အစိုးရခေါင်းဆောင်ကိုပြော

ဖေဖေါ်ဝါရီ ၂၈၊ ၂၀၁၂ (YPI)

၂၀၀၃ ခုနှစ်မေလက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာ အဖြစ်အပျက်အတွက်ကို မိမိခေါင်းထဲ၌ မထားပါကြောင်း လက်ရှိအစိုးရအဖွဲ့အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ်က ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း ဦးတင်ဦးက ပြောကြားလိုက်သည်။

ယင်းအဖြစ်အပျက်ဖြစ်ပျက်ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရခေါင်းဆောင်နှင့် ပထမဆုံး တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီး ၊ ပြောရသည့် အကြောင်းရင်းမှာ တိုင်းပြည်ငြိမ်းချမ်းစေချင်သည့် တခုထည်းအတွက်ဖြစ်သည်ဟုလည်း ဦးတင်ဦးကပြောဆိုသွားသည်။

ဦးတင်ဦးက ဖွင့်လှစ်ပေးနေစဉ်

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ဒီပဲရင်းအဖြစ်အပျက်မျိုး  နောက်နောင် မြန်မာနိုင်ငံတွင် မည်သည့်အခါမျှ ထပ်မံမဖြစ်ပွားရန်တော့ လိုအပ်သည်ဟုလည်း တွေ့ဆုံစဉ်ပြောဆိုခဲ့ကြောင်း ဦးတင်ဦးက ပြောသည်။

ယနေ့နံနက်ပိုင်း ဗိုလ်တထောင်မြို့နယ် အန်အယ်လ်ဒီရုံးခန်းဖွင့်ပွဲတွင် သဘာပတိအဖွဲ့နာယက ဦးတင်ဦး က ဖွင့်ပွဲအမှာစကားပြောကြားစဉ် ဒီပဲရင်း အဖြစ်အပျက်အကြောင်းကို ထုတ်ဖေါ်ပြောကြားလိုက်ခြင်းဖြစ်သည်။

ဒီပဲယင်း အဖြစ်အပျက်ဖြစ်ပျက်ဖြစ်သည့်နေ့က  ဒေါ်အောင်ဆန်းစုကြည်အား ဦးတင်ဦးက လုံခြုံရေး အခြေအနေကို အကဲခတ်ကာ မသွားဖို့ တိုက်တွန်းသော်လည်း ဒေါ်အောင်ဆန်းစုကြည်က သွားရောက်ရန် ဆုံးဖြတ်ခဲ့သည်ဟုလည်း ဦးတင်ဦးက ယနေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောသွားသည်။

ဒေါ်အောင်ဆန်းစုကြည်က စာရေးသားရာမှ ရရှိသည့်ဝင်ငွေဖြင့်  ဒီပဲရင်း အဖြစ်အပျက်ကြောင့် ဒုက္ခရောက်ခဲ့ရသူများအား ယနေ့တိုင် ထောက်ပံ့ပေးလျက်ရှိသည်ဟုလည်းဦးတင်ဦးက ပြောဆိုသည်။

ဒီပဲရင်း အဖြစ်အပျက်မှာ ၂၀၀၃ ခုနှစ်မေလ ၃၀ ရက်နေ့ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်သို့ စည်းရုံးရေး ခရီးစဉ် သွားရောက်လျှက်ရှိသည့်  ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီ အဖွဲ့ဝင်များကို ကျည်ရွာအနီးတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များဟု ယူဆရသည့် အကြမ်းဖက်သူ အုပ်စုက ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။

ယင်းအဖြစ်အပျက်နှင့် ပတ်သက်၍ န၀တ အစိုးရ က လူ ၄ဦးသေဆုံးပြီး ၅၀ ခန့်ဒဏ်ရာရခဲ့သည်ဟု ဆိုသော်လည်း အတိုက်အခံဘက်မှ ပြောဆိုချက်အရ လူ ၇၀ ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။   ။
ဒီပဲရင်းကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ခေါင်းထဲမှာ မရှိဟု အစိုးရခေါင်းဆောင်ကိုပြော ဒီပဲရင်းကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ခေါင်းထဲမှာ မရှိဟု အစိုးရခေါင်းဆောင်ကိုပြော Reviewed by သစ်ထူးလွင် on 18:45 Rating: 5

13 comments:

thant zaw said...

ဘုတလင်မြို့နယ်ဒီပဲရင်းမဟုတ်ပါ။ဒီပဲယင်းဟာမြို့နယ်တခုဖြစ်ပါတယ်။ဒီပဲယင်းအရေးအခင်းလို့လဲမသုံးစေချင်ပါ။ဒီပဲယင်းမှာကြံ့ဖွတ်လုပ်ကြံမှုလို့ပဲသုံးစေချင်ပါတယ်။ဒီပဲယင်းကပြည်သူတွေမဟုတ်ပါဘူး။စစ်ခွေများ၊ကြံ့ဖွတ်များ၊ထောင်တွင်းလူမိုက်များလုပ်ကြံမှုဖြစ်ပါတယ်။ဒီပဲယင်းနယ်သား

စိုးလွင်ဥိး said...

ဒီကလောင်ရှင်ကိုဝေဖန်မယ်။ဘာလဲကွာ စစ်ကိုင်းတိုင်း။ဘုတလင်မြို့ နယ်
ဒီပဲယင်းအဖြစ်အပျက် ဒေသန္တရဗယုသုတလည်းလေ့ လာပါအုံး။
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ နယ် ဒီပဲယင်းအဖြစ်အပျက်ဆိုလက်ခံနိုင်သေး။
ဒီပဲယင်းမြို့ နယ် ကြည်ရွာအနီးကွ။
သစ်ထူးလွင်တော့ နာမည်ပျက်တော့ မှာပဲ။
ငါ ဒီပဲယင်းနယ်သားကွ။

စိုးလွင်ဥိး said...

ဘုတလင်မြို့ နယ်နဲ့ ဒီပဲယင်းမြို့ နယ်က စိုင်ပြင်ကြီးစံပြကျေးရွာတောင်ဘက်
မှာနယ်ခြားမှတ်တိုင်ရှိတယ်ဗျ။ဒေါ်စုကစိုင်ပြင်ကြီးမှာဟောပြောပြီး
တော့ နေတော်တော်စောင်းသွားတယ်တဲ့ ဗျ။စိုင်ပြင်ကြီးကနေ
ဒီပဲယင်းအကူးမှာဒီပဲယင်းအဖြစ်အပျက်ဆိုပြီးဖြစ်သွားတာဗျ။
မှတ်ထားဆရာကြီးရဲ့ .......

Lin Myat said...

အလုပ်ကြီးလုပ်နေသူတွေမှာ အတိတ်ကိုပြန်ခံစားနေဖို့ အချိန်မရှိဘူးဆိုတာ အမေစုကပြလိုက်တာပဲ။

Mg Nyi Zin said...

အငြိုးအာဃာတ နဲ့ လက်တုန့်ပြန်ဖို့မဟုတ်ပေမယ့် ..နောင်လာနောက်သားတွေ အတွက် သမိုင်းမှတ်တမ်းအဖြစ် ပြုစုကြစေလိုပါတယ်။ နောင်မျိုးဆက်တွေ အနေနဲ့ သင်ခန်းစာယူ နိုင်တာပေါ့။ တောင်အာဖရိကခေါင်းဆောင် နယ်လဆင် မင်ဒဲလား ပြောသလို We cannot forget but We can forgive. ဆိုတာမျိုးပေါ့ဗျာ။

Anonymous said...

တိုင်းပြည် တိုးတက်မှု တွေရှိစေချင်တဲ့ စိတ်ကြောင့်သာပါ....
တော်တော် မတရားခဲ့တာတွေ မေ့လို့ မရနိုင်ပါ....
မရှက်တတ်ယင် ပြန်ပေးဆပ်ဖို့လိုပါတယ်....
မှာခဲ့ပါတယ်လို့တောင် ၀န်မခံတာတော့ဆိုးတယ်....

Co2zeиith said...

၁။ ခင်ညွန့် -နအဖ အတွင်းရေးမှူး(၁)၊ ဒေါ်စုအား လုပ်ကြံရန် အဓိကအမိန့် ပေးသူ၊ ၄င်းနောက် ဝန်ကြီးချုပ်ဖြစ်လာ၊ ပြီး စစ်အာဏာနေရာလုရန်ကြိုးပန်း၍ ဖမ်းဆီးထား၊ ယခု ပြန်လွတ်။

၂။ စိုးဝင်း-နမခ စစ်တိုင်းမှူး၊ဒီပဲယင်းအရေးအခင်းတွင် အနီးဆုံးကြီးကြပ်ကွပ်ကဲသူ၊ ၄င်းနောက် အတွင်းရေးမှူး(၁)၊ ပြီး ဝန်ကြီးချုပ်၊ယခု သေဆုံးပြီး (တိရိစ္ဆာန်) လို။

၃။ သန်းဟန်-ဒု ဗိုလ်မှူးကြီး၊ရွှေဘို ခယက ဥက္ကဌ၊ဒီပဲယင်းသို့ ကိုယ်တိုင်သွားရောက် ဆောင်ရွက်ခဲ့သူ၊၄င်း အရေးအခင်းအပြီး ရဲမှူးချုပ်အဖြစ် ပြောင်းရွေ့ ခြေရာဖျောက်ထား။

၎။ တင်မြင့်-ရွှေဘိုခရိုင် ကြံ့ဖွံ့ အတွင်းရေးမှူး၊ဒေါ်စုအရေးအခင်းအတွက် ရွှေဘိုမှ ချောကားများ၊လက်နက်များ၊လူတစ်ယောက်လျှင် ထမင်းတစ်ထုပ်နှင့် ငွေ(၃၀၀၀)ကျပ်ပေးကာ အင်အားစုစည်းပေးသူ၊ အရေးအခင်းပြီးသောအခါ တိုင်းကြံ့ဖွံ့ အမှူဆောင်အဖြစ် ခြေရာဖျောက်ထားပြီး အခြေအနေငြိမ်သက်သောအခါ ရွှေဘို ခယက အတွင်းရေးမှူး အဖြစ် ချီးမြှောက်ခဲ့။

၅။ စိုးမြင့်-ရွှေဘိုခရိုင် ကြံ့ဖွံ့ အမှူဆောင်၊ဒေါ်စုအရေးအခင်းတွင် အတက်ကြွဆုံး စိတ်ပါလက်ပါ ဆောင်ရွက်ခဲ့သူ၊ဒီပဲယင်းသို့ ကိုယ်တိုင်လိုက်ပါ၍ ရိုက်နှက်ခဲ့သူ၊အရေးအခင်းပြီး၍ ဆောင်ရွက်ခဲ့မှူအား စစ်ကိုင်းတိုင်းကြံ့ဖွံ့ ခေါင်းဆောင် သူရအေးမြင့်ထံ ရှင်းလင်းတင်ပြရာတွင် တင်မြင့်ကိုပင် သွေးကြောင်သည်ဟုစွပ်စွဲခဲ့သည်။

၆။ ထွန်းကိုကို-ခရိုင်ကြံ့ဖွံ့ အမှုဆောင်၊၄င်းပိုင် သံဆိုင်မှ သံဒုတ်များယူကာ ရပ်ကွက်အရက်ဆိုင်များ၊ဆိုက်ကားသမားအချို့ နှင့်ကားဂိတ်ကြိုများအားပေး၍၄င်းမိသားစုပိုင် ဒိုင်နာကားဖြင့် ဒီပဲယင်းသို့ သွားရောက်ဆောင်ရွက်ပြီး အရေးအခင်းအပြီးတွင် ခရိုင်အတွင်းရေးမှုးဖြစ်လာကာ ကြံ့ခိုင်ရေးထောက်ပံ့ငွေများဖြင့် ယခု ကောင်းမြတ်ထက် အမည်ဖြင့် ဘုရားမြေအားကျူးကျော်ကာ သံဆိုင်ဖွင့်လျှက်ရှိ။

၇။ သန်းထွန်း-ခရိုင်အမှူဆောင်၊၄င်းဇာတိ ရွှေခြင်္သေ့ကားသင်းမှ ဒိုင်နာကားတစ်စင်းအပြည့်လူခေါ်ကာ ဒီပဲယင်းသို့ သွားရောက်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ယခုအခါ ဒီပဲယင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်။

၈။ ဇော်ဇော်-မြို့ နယ်ကြံ့ဖွံ့ အတွင်းရေးမှူး၊ရွှေဘိုမြို့ အနီးကျေးရွာများမှ ရပ်/ကျေးအမှူဆောင်များအား စခန်းချလေ့ကျင့်ရေးဟုလိမ်ညာကာ ဒီပဲယင်းသို့ ခေါ်သွားရာ အချို့ ကအဖြစ်မှန်သိ၍ ပြန်သွားခဲ့၊ယခု ဘက်စုံခြံအား အပိုင်စီးကာ စီးပွါးရေးလုပ်ကိုင်လျှက်ရှိ။

၉။ သန်းထွန်း-ခရိုင် ပို့ ဆက်ဦးစီး၊ရွှေဘိုမှဒီပဲယင်းအတွက် ကားများချောဆွဲပေးခဲ့သူ၊အရေးအခင်းအပြီး မူဆယ်သို့ ပြောင်းရွေ့ ၍ ချေရာဖျောက် ချီးမြှင့်ပေးခဲ့သည်။

၁၀။ သောင်းဝင်း-ဒုရဲမှူး၊ဒီပဲယင်းမြို့ နယ်မှူး၊အထူးရေးရန်မလိုပါ၊ရဲက အထက်အမိန့် နာခံ၍ ရဲအလုပ် ရဲလုပ်သွားခဲ့သည်၊အရေးအခင်းအပြီး ကျောက်ပန်းတောင်းသို့ ပြောင်းပေးထားခဲ့သည်။

၁၁။ ဝင်းသိန်း-ဒီပဲယင်းမြို့ နယ် ကြွံဖွံ့ အတွင်းရေးမှူး၊အရေးအခင်းတွင် ဒီပဲယင်းမှလူများ၊ရွှေဘိုမှလူများအားရွာသစ်ကျေးရွာနှင့် သမိုင်းဝင် ကြည်ရွာကားလမ်းဘေး ဝဲယာတွင်နေရာချထားကာ ဒေါ်စုယာဉ်တန်းလာပါကဝိုင်းဝန်းရိုက်နှက်ရန် စီစဉ်ခဲ့သူ။

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ယာဉ်တန်းအား တားဆီးပိတ်ဆို့ ရိုက်နှက်ရန်အတွက် ဒီပဲယင်းမှလူအချို့ နှင့် ရွှေဘို နယ်မှ အင်အားအများဆုံးခေါ်ယူရခြင်းမှာ ဒေါ်စုခရီးစဉ်အား ထောက်ခံကြိုဆိုသည့် ဒီပဲယင်းနယ်သားများအား တစ်နယ်ထည်းသားချင်းဆိုလျှင် ရိုက်နှက်မည်မဟုတ်သောကြောင့် ရွှေဘိုမှ လူမိုက်များအားခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယခု ယင်းကိစ္စအဓိကတရားခံခေါင်းဆောင်ကြီး လွတ်လာပြီ။ကျန်လူများကလည်း အဆင်သင့်။တော်လှန်ရေးအသိ၊တော်လှန်ရေးသတိ အမြဲရှိပါ။လက်ရှိအောင်မြင်မှုလေးအပေါ်သာယာနေရုံနှင့် မပြီးသေးပါ။နောက်မှ နောင်တရ ကြေကွဲစရာဖြစ်လာမယ်။

၁၉ ဇူလိုင် ပြီး နောက်ထပ် အာဇာနည်နေ့  မလိုချင်ပါ။

အားလုံးဟာ ကိုယ့်အင်အားအစစ်အမှန် မဟုတ်သေးဘူး။နအဖရဲ့ ပြည်သူ့ သဘောထားဆိုတဲ့ပွဲမှာ `စုကြည် အလိုမရှိ` `ကုလားအုပ်မ ပြန်သွား` လို့ အားပါးတရ ဆဲဆိုခဲ့တဲ့သူတွေ ယခုရှိနေဆဲပါ။အဲဒီတုံးက အသည်းနှလုံးဆတ်ဆတ်ခါအောင် နာခဲ့ရသူတွေက နောက်ထပ်ဝမ်းနည်းကြေကွဲမှုမလိုချင်တော့တဲ့အတွက် ဒီပဲယင်းအရေးအခင်းတရားခံတွေကို အမြန်ဆု့းအရေးယူပေးပါ။အမှုမှန်ပေါ်ပေါက်ရေးအတွက်ထပ်မံသိရှိသူများ ပူးပေါင်းဖေါ်ထုတ်ပေးကြပါ။နိုင်ငံတော်ကလည်းစစ်မှန်တဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့ မျက်နှာကိုပဲ ကြည့်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

http://www.co2zenith.com/2012/02/blog-post_18.html

ယုယ said...

Co2zeиith ပြောတာ နည်းနည်းလွဲတယ်
အဲဒီတုန်းက နမခစစ်တိုင်းမှူးက မစ္စတာ စိုးနိုင်ပါ.. ဦးစိုးဝင်းက လာကွပ်ကဲတာ..
အဲဒီကိစ္စဖြစ်ပြီး မွန်နဲ့ ပုသိမ် (ရတခ/နတခ) မှာ တိုင်းမှူးလုပ်ခိုင်းပြီး စားဝမှ ၀န်ကြီးဖြစ် အခု တော့ ဧရာဝတီ တိုင်းမှာ ကြံတွ အမတ်လုပ်နေပါရဲ့....

ပုဂံစစ်သည် said...

အမေစုခေါင်းထဲမရှိပေမယ့် ကျွန်တော်တို့ပြည်သူတွေခေါင်းထဲ အမြဲရှိပါတယ်။ ဒီအရေးအခင်းမှာ အသက်တွေပေးခဲ့ရတဲ့ သူတွေအတွက် ဒီကောင်တွေကို အခဲမကြေပါဘူး။ အဲ့ဒီတုန်းက ထောင်သားတွေလဲပါတယ် ဆိုတာအထင်အရှားပါ။ ထောင်သားတစ်ယောက် ဒီပွဲအတွက်ထောင်ကနေ ဒေါ်စုတို့တွေကိုရိုက်ဖို့ခေါ်ပါတယ်၊ ပြီးတော့ဒီထောင်သားလဲ အဲ့ဒီပွဲမှာဒဏ်ရာရပြီး မျောနေတာကို သေပြီထင်ပြီး ညတွင်းချင်းအဲ့ဒီအနီးအနားမှာ မီးရှို့ဖို့လုပ်ကြပါတယ်၊ မီးရှို့မယ့်သူတွေက အလောင်းတွေရဲ့ကိုယ်ဖော်မှာ ရှိတဲ့ရွှေတွေကို လိုက်ချွတ်နေတဲ့အခါမှာ သူသတိရလာပြီး ထွက်ပြေးလွတ်မြောက်သွားပါတယ်၊ မင်းတို့ နအဖ ခြင်္သေ့တွေဘယ်လိုပဲညင်းညင်း ဒီလူတွေသက်သေရှိနေတာ ညင်းလို့ရပါ့မလား။ မင်းတို့အဖွဲ့တွေအားလုံးကို တစ်နေ့ကြရင်စစ်ခုံရုံတင်ပြီး သေဒဏ်ပေးမယ့်တစ်နေ့ကို စောင့်နေပါလို့ပြောချင်တယ်။ ရာဇဝတ်ဘေးပြေးမလွတ် ဆိုတာအခုမှအသက်ဝင်လာတော့မှာပါကွာ.....

မြတ်စန္ဒာ said...

Co2zeиith ရေ ကျွန်တော်သိတာလေး တစ်ခုတော့ ပြောချင်တယ်။ ဒီပဲယင်းကိစ္စကို အဓိကစေခိုင်းတာ ဦးသန်းရွှေပါ။ ဒါကိုအနီးကပ်ကြီးကြပ်တာက ဦးစိုးဝင်းပါ။ ဦးခင်ညွန့်ရဲ့ထောက်လှမ်းရေးအဖွဲ့တွေ အချိန်မီလို့ လက်မတင်လေး အမေစုကို ကယ်နိုင်တာပါ။ ဒီအကြောင်းတွေကြောင့် ခင်ညွန့်ကိုအစာမကြေတဲ့ သန်းရွှေနဲ့ မောင်အေးဟာ ဦးအေးရဲ့တပည့် တွေဖြစ်တဲ့ ထွန်းကြည်နဲ့ မြင့်အောင်ကို ထပ်ဖြုတ်လိုက်တော့ ကြာရင်ငါတို့ကို ဒုက္ခပေးနိုင်တယ်ဆိုပီး ခင်ညွန့်ကို ဖမ်းလိုက်ကြတာ။

ngathae said...

စစ်တပ်က ဒေါ်စုကို အပြတ်ရှင်းတဲ့ လုပ်ကြံမှူ ကြီးပါ...တို့တောင်ကံကောင်းလို့ မသေတာ..

ahnyatha said...

ဒေါ်စုတစ်ဦးတည်းအနေနှင့်မေ့ဖျောက်ခွင့်လွတ်ထားနိုင်ပါသည်။
တိုင်းပြည်က ခွင့်လွတ်လို့မရပါ။
အမှန်တရားက ဖျောက်ဖျက်မရပါ။
သမိုင်းက ကွယ်ဝှက်လို့မရပါ။
အကြမ်းဖက်မှု သားကောင်များက မမေ့ပျောက်နိုင်ပါ။
ဥပဒေက ဥပေက္ခာ ပြုလို့မရပါ။
လက်တွေ့ခံစားခဲ့ရသူအားလုံးကို ဒေါ်စု တစ်ဦးတည်းက ကိုယ်စားမပြုပါ။
တာဝန်ရှိသူများကို ဖော်ထုတ်ပေးကြပါ။
အဖြစ်မှန်ဖော်ထုတ်ရေးကို ပိတ်ဆို့ဟန့်တားလျှင်
သမိုင်းမှာ အမဲကွက် စွန်းမည်။
ဒီကိစ္စ ဒေါ်စု စကားမမှားဖို့ မကျွံဖို့ သတိပြုစေလိုပါသည်။

ahnyatha said...

ခင်ညွန့်ကိုအစာမကြေတဲ့ သန်းရွှေနဲ့ မောင်အေးဟာ ဦးအေးရဲ့တပည့် တွေဖြစ်တဲ့ ထွန်းကြည်နဲ့ မြင့်အောင်ကို ထပ်ဖြုတ်လိုက်တော့ . . . .
နားမလည်ပါ။

Powered by Blogger.